CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

ပေါ်တူဂီစူပါစတား ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ရဲ့ နိုင်ငံခြားသားကစားသမား ခွဲတမ်းကျော်လွန်နေတာကြောင့် ပွဲထွက်ခွင့်ရဖို့ စောင့်ဆိုင်းနေရဦးမယ်လို့ ကလပ်သတင်းရင်းမြစ်တွေက ဇန်နဝါရီ ၅ ရက်က AFP သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းတာဝန်ရှိသူတစ်ဦးက “နိုင်ငံခြားသားကစားသမားနေရာအတွက် လစ်လပ်မှုမရှိတာကြောင့် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို စာရင်းမသွင်းရသေးပါဘူး။ နိုင်ငံခြားသားကစားသမားတစ်ဦးကို ရောင်းချတာ ဒါမှမဟုတ်၊ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီး ထွက်ခွာသွားမှသာ ရော်နယ်ဒိုကို စာရင်းသွင်း မှတ်ပုံတင်လို့ရမှာ” လို့ AFP သတင်းဌာနကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပြီးနောက် ကြာသပတေး နေ့မှာ ကစားရမယ့် အယ်လ်တာအီအသင်းနဲ့ ပွဲစဉ်ကစတင်ကာ အမြန်ဆုံးပွဲထွက်ကစားဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ဆော်ဒီကလပ်နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ ၉ ဦး မြောက် နိုင်ငံခြားသားကစားသမား ဖြစ်လာခဲ့တာပါ။

ဆော်ဒီဘောလုံးအာဏာပိုင်တွေက အသင်းတစ်သင်းမှာ နိုင်ငံခြားသားကစားသမား ၈ ဦးအထိ ခွင့်ပြုထားတာ ကြောင့် အယ်လ်နာဆာအသင်းဟာ ၁ ဦးပိုနေခဲ့တာဖြစ်ပါတယ်။အယ်လ်နာဆာအသင်း ပွဲစဉ်ဟာ ဇန်နဝါရီ ၅ ရက် မှာ ကစားဖို့ ရှိခဲ့ပေမယ့် မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် လျှပ်စစ်ပြတ်တောက်မှုတွေဖြစ်ခဲ့လို့ ပွဲကို သောကြာ နေ့မှာ ကစားဖို့ ရွှေ့ဆိုင်းခဲ့တာပါ။

အယ်လ်နာဆာအသင်းရဲ့ နိုင်ငံခြားသားကစားသမားတွေထဲမှာ ကိုလံဘီယာဂိုးသမား အော်စပီနာ၊ ဘရာဇီးလ်က ဂူစတာဗိုနဲ့ တယ်လီစကာ၊ ကင်မရွန်းတိုက်စစ်မှူး အဘူဘာကာတို့လို နာမည်ကြီးကစားသမားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ဆော်ဒီသတင်းတွေမှာ ဥဇဘတ်ကစ္စတန်ကစားသမား မာရှာရီပေါ့ဗ်က အသင်းကထွက်ရဖို့ အလား အလာအများဆုံးကစားသမားလို့ ဖော်ပြခဲ့တာပါ။ရော်နယ်ဒိုကို ကြာသပတေးနေ့အထိ ကလပ်အသင်းရဲ့ လူစာရင်း မှာ စာရင်းမသွင်းရသေးဘူးလို့ ဒုတိယမြောက်ကလပ်အသင်း အရင်းအမြစ်က ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာကစားခဲ့တုန်းက အဲဗာတန်ပရိသတ်လက်ထဲက ဖုန်းကို လက်နဲ့ ရိုက်ချ ခဲ့တာကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ဒီပြစ်ဒဏ်ဟာ ဆော်ဒီကလပ်မှာလည်း ဆက်ပြီး သက်ရောက်မှုရှိတယ်လို့ နိုင်ငံတကာသတင်းတွေအများအပြားက ဖော်ပြထားတာဖြစ်ပါတယ်။

Source:ChannelNewsAsia