CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

ယူနိုက်တက်အသင်းဟာ သူ့ရဲ့အမြင်အတိုင်း အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်နေပေမယ့် ဆုဖလား ရယူဖို့ အကြောင်းပြောဖို့တော့ အဆင်သင့် မဖြစ်သေးဘူးလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “အခုရာသီရဲ့ ဒီအချိန်မှာ ဆုဖလားတွေရယူဖို့ အကြောင်းနဲ့ ပတ်သက်ပြီး မစဉ်းစားထားပါဘူး။ အခုက ကျနော်တို့ ဖြစ်ချင်တဲ့ နေရာကို ရောက်နေပေမယ့် တစ်ပွဲပြီးတစ်ပွဲ သွားနေရတုန်းပါ။ ကျနော်တို့ဟာ ပြိုင်ပွဲတွေ အများကြီး ကစားရမှာပါ။ အဲ့ဒါကြောင့် တစ်ပွဲပြီးတစ်ပွဲပဲ အာရုံစိုက် သွားမှာဖြစ်ပြီး ကြိုပြီး တွေးတော နေမှာ မဟုတ်ဘူး”လို့ ဆုဖလားရယူနိုင်တာနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ၂၀၁၆-၁၇ ရာသီက ယူရိုပါလိဂ်ဖလား ရယူပြီးနောက်ပိုင်း ၅ နှစ်ကြာ ဆုဖလားလက်မဲ့နဲ့ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

နည်းပြ တန်ဟတ် လက်အောက်မှာမှ ဆုဖလားရအောင် ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ကာရာဘောင်း ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာပါ။ ဒါ့အပြင် ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား ယှဉ်ပြိုင်ဖို့ လည်း ရှိနေတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ပွဲတွေမှာ တိုးတက်အောင် လုပ်ရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ကောင်းတာလောက်နဲ့ မလုံလောက်တဲ့အတွက် ကစားသမားတွေကို တွန်းအားပေးရမှာပါ။ အဖွဲ့ထဲမှာလည်း အချင်းချင်း တွန်းအားပေးပြီး ထိပ်တန်းအဆင့်အတွက် အခွင့်အရေးရလာရင် အဆင်သင့် ဖြစ်နေရပါမယ်။ ကျနော် အဓိက အာရုံစိုက်တာက အသင်းတိုးတက်အောင် လုပ်ဆောင်ဖို့ပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာကြောင့် ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ကစားအပြီးမှာ ကာရာဘောင်းဖလား ပွဲစဉ်အဖြစ် ချာလ်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal