CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅

လက်ချီအသင်းနောက်ခံလူ အမ်တီတီဟာ လာဇီယိုအသင်းပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားခံခဲ့ရပြီးနောက် ကွင်းထဲကနေ ငိုကြွေးပြီး ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာ လက်ချီအသင်းဟာ အရေးနိမ့်နေတာကနေ ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းပြီး လာဇီယိုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းဆီကနေ ရောက်ရှိလာတဲ့ အမ်တီတီ အပါအဝင် လက်ချီကစားသမားတွေကို လာဇီယိုပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုက ပွဲကို လွှမ်းမိုးသွားခဲ့တာပါ။ အမ်တီတီနဲ့ အသင်းဖော် ဘန်ဒါတို့ကို အဓိကပစ်မှတ်ထားပြီး လာဇီယိုပရိသတ်တွေက လူမျိုးရေးခွဲခြားခဲ့တာ ဖြစ်ပါတယ်။

အမ်တီတီဟာ ပွဲအပြီးမှာ လက်ချီပရိသတ်တွေက သူ့နာမည်ကို အော်ဟစ်ခဲ့ကြပေမယ့် ကစားသမားကတော့ ငိုကြွေးပြီး ကွင်းထဲကနေ ထွက်ခွာခဲ့တာပါ။ဒီပွဲမှာ ပွဲစဉ်ကို ကြေညာတဲ့သူဟာ အဝေးကွင်းပရိသတ်တွေရဲ့ အော်ဟစ်မှုကို ရပ်ပေးဖို့ တောင်းဆိုပြီး ဝင်ရောက်စွက်ဖက်မှုတွေပြုလုပ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပွဲကို မိနစ်အတော်ကြာအောင် ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အိမ်ကွင်းပရိသတ်တွေဟာ အမ်တီတီရဲ့နာမည်ကို အော်ဟစ်ခဲ့ကြတာပါ။လက်ချီအသင်းဥက္ကဋ္ဌကတော့ အမ်တီတီဟာ ပွဲကိုပြန်လည်စတင် ပေးဖို့ နောက်ဆုံးမှာ တောင်းဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

“ကျနော်က အမ်တီတီနဲ့အတူ သူ့ရဲ့ အသင်းဖော်တွေအားလုံးကို ပွေ့ဖက်ထားချင်ပါတယ်။ပွဲရလဒ်က ဘယ်လိုပဲ ဖြစ်ပါစေ။ကျနော်ကတော့ ကောင်လေးတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို နှုတ်ဆက်ချင်ပါတယ်။ ဒိုင်လူကြီးက ပွဲကို ရပ်ခဲ့ပြီး အစီအစဉ်ကြေညာသူက လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်မှုတွေကို အဆုံးသတ်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ အမ်တီတီကတော့ ဒါကို ပြန်တုန့်ပြန်နိုင်ဖို့ ပွဲကိုပြန်စဖို့ တောင်းဆိုခဲ့ပါတယ်။သူ့ရဲ့ တုန့်ပြန်မှုက တကယ့်ချန်ပီယံ တစ်ဦးလိုပါပဲ”လို့ လက်ချီအသင်းဥက္ကဋ္ဌက ပြောခဲ့တာဖြစ်ပါတယ်။

အမ်တီတီဟာ ဘာစီလိုနာအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး လာဇီယိုနဲ့ပွဲဟာ သူ့ရဲ့ ဒီရာသီ စီးရီးအေ ၆ ပွဲမြောက်ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

Source:Mirror