CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုနဲ့ ဆော်ဒီကလပ်အယ်လ်နာဆာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ပြောင်းနိုင်တဲ့အချက်ပါဝင်နေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်တဲ့ ဆန္ဒပြင်းပြနေပေမယ့် ဆော်ဒီကလပ်ကို ပြောင်းခဲ့တာကြောင့် ဒီ မျှော်လင့်ချက်တွေအဆုံးသတ်သွားနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် မာကာသတင်းစာမှာတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားခွင့်ရနိုင်မယ့် ဥရောပတစ်သင်းဆီ အမြန်ဆုံးပြန်လာနိုင်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းဟာ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားတာပါ။

ဒါပေမယ့် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းအနေနဲ့ အခုရာသီမှာ ထိပ်ဆုံး ၄ သင်းထဲဝင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် ရော်နယ်ဒိုဟာ အငှားနဲ့ ပြောင်းခွင့်ရမယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းကို ဆော်ဒီအများပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုက ၂၀၂၁ အောက်တိုဘာလက အပြီးသတ် ဝယ်ယူထားတာပါ။ပြီးခဲ့တဲ့ ၁၅ လအတွင်းမှာလည်း နယူးကာဆယ်အသင်းကို ငွေကြေးအများအပြားသုံးပြီး ကစားသမားသစ်တွေ ဖြည့်တင်းပေးခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ပေမယ့် အခုဆိုရင် အသင်းဟာ ဥရောပဝင်ခွင့်တစ်နေရာအတွက်ပါ စိန်ခေါ်လာနိုင်ခဲ့တာပါ။နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်၊ မန်စီးတီးအသင်းတို့ရဲ့ နောက် အဆင့် ၃ နေရာမှာ ရပ်တည် နေတာဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ အယ်လ်နာဆာအသင်းနဲ့ အပြောင်းအရွှေ့ အပြီးသတ် နိုင်ဖို့အတွက် ဆော်ဒီနိုင်ငံကို ရောက်ရှိနေတာပါ။

ရော်နယ်ဒိုဟာ ဆော်ဒီကလပ်နဲ့ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ရင် ကြာသပတေးနေ့မှာ ကစားမယ့် အယ်လ်တာအီ အသင်းနဲ့ပွဲမှာ ပွဲဦးထွက်အဖြစ် ပါဝင်နိုင်တယ်လို့ စပေါ့မေးလ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်း ပရိသတ်တွေကတော့ မကြာသေးခင်က ပွဲစဉ်တစ်ပွဲမှာ ရော်နယ်ဒိုနာမည်နဲ့ သူ့ရဲ့ အောင်ပွဲခံဟန် Siuuu ဆိုတဲ့ အသံကို သီကြွေးခဲ့ကြသလို သူ့နာမည်ပါဝင်တဲ့ နံပတ် ၇ ဂျာစီကလည်း ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။

အယ်လ်နာဆာအသင်းဟာ အခုနှစ်ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နေပြီး ဒုတိယနေရာက အယ်လ်ရှာဘတ်အသင်းထက် ၁ ပွဲပို ကစားကာ ၁ မှတ်အသာရနေတာဖြစ်ပါတယ်။

Source:DailMail