CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈

အယ်လ်နာဆာအသင်းဥက္ကဋ္ဌ အယ်လ်မူအန်မာက ရော်နယ်ဒိုကို ငွေကြေးအများအပြားနဲ့ ဆော်ဒီလိဂ်ကို လာရောက်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

အခုပျံ့နှံနေတဲ့ သတင်းတွေထဲက “အများစုဟာ အလိမ်အညာ”တွေဖြစ်တယ်လို့ အယ်လ်နာဆာ အသင်းဥက္ကဋ္ဌက ပြောခဲ့တာကို စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ် ရှာဖွေနေပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်း အားကစားဒါရိုက်တာကတော့ သူ့ဘက်ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောခွင့် မရှိဘူးလို့ ပြောထားတာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်

မာဆယ်လိုဆလာဇာက “ဒီနှစ်ကုန်တဲ့အထိ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဒါက ကလပ်အတွက် တင်မဟုတ်ဘဲ ကြီးမားတဲ့ ညှိနှိုင်းမှုတစ်ခုပါ။ ဒါက နိုင်ငံအတွက်ရော ကမ္ဘာ့ဘောလုံးအတွက်ပါ တာဝန်ရှိသူတွေ လုပ်ဆောင်ပေးရမယ့် အရာပါ။ ကျနော်ပြောနိုင်တာက ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ရဲ့ နိုင်လိုစိတ်တွေကြောင့် အားကစားသမားတစ်ဦး အနေနဲ့ စံနမူနာပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်မယ်လို့ ဖော်ပြနေပြီး ကစားသမားဟာ ဆော်ဒီနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ပြုလုပ်ဖို့ ကြိုးပမ်းတာမှာ သံတမန်အဖြစ် ဆောင်ရွက်ပေးရမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုအတွက် နောက်ထပ် ရွေးချယ်စရာအသင်းကတော့ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းဖြစ်ပြီး အဲဒီ အသင်းကတော့ ကစားသမားကို ခေါ်ယူချင်ပေမယ့် လုပ်ခလစာ ပေးချေဖို့ မတက်နိုင်ဘူးလို့ ပြောထားပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူနေပြီး မကြာခင်မှာ သူကစားမယ့် အသင်းသစ်ကို အတည်ပြုပေးဖွယ်ရှိနေပါတယ်။

Source: The Sun