CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၄

ကိုရီးယားနိုင်ငံရဲ့ နွေရာသီအစောပိုင်းမှာ လူတွေအလုပ်ရှုပ်နေခဲ့ပြီးတဲ့နောက် ဩဂုတ်လထဲဝင်လာတော့ ဒီနှစ်ပြက္ခဒိန်လည်း တဝက်ကျိုးခဲ့ပြီပေါ့။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စတင်ပြသဖို့ ပြင်ဆင်ထားတဲ့ ဇာတ်ကားနှစ်ကားအပါအဝင် ဇာတ်လမ်းတွဲအသစ်တွေကို အခု ဩဂုတ်လထဲ ကြည့်ကြရမှာပါ။

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 စတုတ္ထလှိုင်းကို ရင်ဆိုင်ကျော်လွှားနေရတဲ့အတွက် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းများစွာ ထိခိုက်ခဲ့ရပါတယ်။ အဲဒါကြောင့် ရုပ်သံထုတ်လွှင့်ရေး အစီအစဉ်တချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

အခု ဒရမ်မာသစ်တွေထဲမှာတော့ ကာလအပိုင်းအခြားတစ်ခုအကြောင်း၊ ရေပေါ်ဆီလူတန်းစားကို သရော်ထားတဲ့ဇာတ်လမ်းနဲ့ ရဲသင်တန်းကျောင်းလျှို့ဝှက်သည်းဖို၊ အချစ်ဇာတ်လမ်းစတာတွေ များစွာထည့်သွင်းတင်ဆက်ထားတာ တွေ့ရပါတယ်။

ကိုရီးယားမှာ Chuseok အားလပ်ရက်အဖြစ်သတ်မှတ်ထားတဲ့ စက်တင်ဘာထဲမှာ ကြည့်ရှုဖို့ ရည်ရွယ်ထားတဲ့ဇာတ်လမ်းတွေလည်း ဖြစ်ပါတယ်။ Chuseok အားလပ်ရက်ဆိုတာကတော့ ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီအလယ်ကာလပွဲတော် (ဒါမှမဟုတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ်ကာလလို့ သိရပါတယ်။

 (Photo Credit – dramabeans.com)

The Road: Tragedy of One …. ဒီဇာတ်လမ်းကို ဇူလိုင် ၂၁ ရက်မှာ tvN ချန်နယ်ကနေ ပြသဖို့ မူလက စီစဉ်ထားပေမယ့်လည်း အခု ဩဂုတ်အစောပိုင်းမှာမှ ပြသနိုင်ခဲ့ပါတယ်။ မကြာခင်က လှုပ်လှုပ်ခတ်ခတ်အားပေးမှုခံရတဲ့ ‘Mine’ ဇာတ်ကားရဲ့ ခြေရာနင်းမယ့်ဇာတ်ကားလို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာ Ji Jin-hee က ရက်စက်ကြမ်းကြုတ်မှုမှာ နာမည်ဆိုးနဲ့ကျော်ကြားသူ Baek Soo-hyun အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ စီးပွားရေးတောင့်တင်းတဲ့ မိသားစုလုပ်ငန်း(ကော်ပိုရေးရှင်း) အမွေဆက်ခံသူ ဇနီးသည် Seo Eun-soo(Yoon Se-ah) နဲ့အတူ ခမ်းနားကြီးကျယ်တဲ့ တော်ဝင် တောင်ကုန်း(Royal Hill) အိမ်ရာမှာ နေထိုင်ကြပါတယ်။ Kim Hye-eun ကိုတော့ ဒီဇာတ်ကားထဲမှာ ရုပ်သံအစီအစဉ်ကြေညာသူအဖြစ် တွေ့ရပါလိမ့်မယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်ကတော့ သူလိုချင်တာတွေအရာအားလုံး ပြည့်စုံပေမယ့် “ရလေလိုလေ … အို တစ္ဆေ” ဆိုတဲ့စရိုက်မျိုးပါ။ ဒီဇာတ်ကားကို tvN ကနေ ဩဂုတ် ၄ ရက် စတင်ထုတ်လွှင့်မယ်လို့ သိရပါတယ်။

(Photo Credit – hancinema.net)

နောက်ဇာတ်ကားကတော့ Police University (ရဲတက္ကသိုလ်) ဆိုတဲ့ဇာတ်ကားမှာပါ။ KBS ဒရမ်မာဖြစ်တဲ့ Police University လည်း ပြသရက် နောက်ကျခဲ့ပါတယ်။ အချစ်ဇာတ်လမ်းကို ကျောင်းမှ ဟာသအဖြစ်အပျက်၊ လျှို့ဝှက်သည်းဖိုအဖြစ်အပျက်တွေနဲ့ ရောနှောတင်ဆက်ထားပါတယ်။ ဒီဇာတ်ကားမှာ My Sassy Girl မင်းသား Cha Tae-hyun က ရဲတက္ကသိုလ်က နည်းပြဆရာတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ သူသင်ရတဲ့ စာသင်ခန်းထဲမှာ B1A4 အဖွဲ့ဝင် Jung Jin-young (Jinyoung လို့လည်း လူသိများ) နဲ့ f(x) အဖွဲ့က Jung Soo-jung တက်ရောက်နေကြပါတယ်။ Sun-ho အဖြစ် Jinyoung က သရုပ်ဆောင်ထားပါတယ်။ Sun-ho ဟာ အရင်က ဟက်ကာတစ်ဦးဖြစ်ပြီး Dong-man ကို သူတတ်ကျွမ်းတဲ့ပညာနဲ့ ကူညီဖို့ ရဲသားတစ်ယောက်ရဲ့ဇာတ်ကောင်စရိုက်ပါ။ f(x) က Krystal ကတော့ ဥပဒေသင်ခန်းစာတွေကို တစိုက်မတ်မတ်ဆည်းပူးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ပထမနှစ်သင်တန်းသား Kang-hee အဖြစ် ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းကို ဩဂုတ် ၉ ရက်တွင် KBS2 ချန်နယ်ကနေ ပြသမှာပါ။

 (Photo Credit – hancinema.net)

နောက်ဇာတ်ကားတစ်ကားကတော့ Check Out the Event (ပွဲထုတ်ကြည့်ပါ) လို့ အမည်ပေးထားတဲ့ဇာတ်ကားပါ။ အခု ဩဂုတ်လတွင် MBC ကနေ အဆိုပါဇာတ်ကားကို အပိုင်း ၄ ပိုင်းခွဲပြီး ထုတ်လွှင့်ပြသမှာပါ။ Minah လို့ အတိုကောက်ခေါ်ကြတဲ့ ကေပေါ့ပ်မိန်းကလေးအဖွဲ့ Girl’s Day ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Bang Min-ah က ဒီဇာတ်ကားထဲမှာ Ha Song-yi အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရုက္ခဗေဒဥယျာဉ်တစ်ခုက ညှိနှိုင်းရေးမှူးမလေးအဖြစ် လုပ်ကိုင်နေတဲ့ ဇာတ်ကောင်စရိုက်ပါ။ မင်းသားချော Kwon Hwa-woon ကတော့ ဒီဇာတ်ကားမှာ Park Do-gyeom အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအရ Ha Song-yi ဟာ Park Do-gyeom နဲ့ ချစ်ကြိုက်ပြီးမှ ရုတ်တရက်လမ်းခွဲသွားတဲ့အခါ ကြေကွဲပြီး ကျန်ရစ်နေတဲ့ကောင်မလေးတစ်ယောက်ရဲ့ အလွမ်းအဆွေး တွေကို ပုံဖော်တင်ဆက်ထားပါတယ်။ Ha Song-yi တစ်ယောက် ပွဲတစ်ပွဲကနေ ‘စုံတွဲခရီးသွားဆု’ ရရှိခဲ့တာကြောင့် သူနဲ့ Do-gyeom တို့အတွက် အခွင့်ကောင်းရတုန်း ဒီဆုကို အသုံးချဖို့ ကံကြမ္မာဖန် လာပါတော့တယ်။ အဲဒီဆုအတွက် သူတို့ကို လမ်းပြ (guide) အဖြစ် စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Seo Ji-kang(An Woo-yeon) ရောက်လာတဲ့အချိန် စာရေးဆရာက Ha Song-yi ကို စွဲလန်းသွားတဲ့ သုံးပွင့်ဆိုင်အချစ်၊ အလွမ်းဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားကို MBC ချန်နယ်ကနေ ဩဂုတ် ၁၄ ရက် ထုတ်လွှင့်ပါမယ်တဲ့။

(Photo Credit – viki.com)

နောက်ထပ် မိတ်ဆက်ချင်တဲ့ ဇာတ်ကားတစ်ကားကတော့ Lovers of the Red Sky ဖြစ်ပါတယ်။ Netflix ကနေ ထိတ်လန့်ခြောက်ခြားစရာ The 8th Night ဇာတ်ကားကို ဒီနွေရာသီအစောပိုင်းတုန်းက ထုတ်လွှင့်ခဲ့ပြီးတဲ့ နောက်မှာ Kim Yoo-jung ကို Lovers of the Red Sky ဇာတ်ကားနဲ့ တီဗီ ဖန်သားပြင်ပေါ် တဖန်ပြန်မြင်ရဦးမှာ ဖြစ်ပါတယ်။ ဒီအချစ်ဇာတ်လမ်းသစ်လေးဟာ ဝတ္ထုတစ်ပုဒ်ကို အခြေတည်ပြီး ဇာတ်အိမ်ဖွဲ့ထားတာပါ။ Kim Yoo-jung က Dohwaseo (ကိုရီးယားတော်ဝင်ပန်းချီကျောင်း) မှ ရွေးချယ်တဲ့ ပထမဆုံးအမျိုးသမီးပန်းချီဆရာမ Hong Cheon-ki အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နေ့သောအခါမှာ Hong Cheon-ki ဟာ အဲဒီပန်းချီကျောင်းက သိပ္ပံနည်းကျပန်းချီလက်ရာတွေကို ကြီးကြပ်ရတဲ့အရာရှိ Ha Ram (Ahn Hyo-seop) နဲ့ ဆုံတွေ့မိပါတယ်။ Ha Ram ဟာ ငယ်စဉ်က မတော်တဆတစ်ခုကြောင့် မျက်စိကွယ်ခဲ့ပေမယ့် Hong Cheon-ki နဲ့ရည်ငံမိကြတဲ့အချိန်မှာ သူ့ရဲ့အမြင်အာရုံချို့တဲ့မှုကို ထည့်မတွက်တော့ပါဘူး။ ဒီဇာတ်လမ်းတွဲမှာ Gong Myung က အိမ်ရှေ့မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ SBS ကနေ ဩဂုတ် ၂၆ တွင်စတင်ထုတ်လွှင့်ပေးမယ်လို့ သိရပါတယ်။

 (Photo Credit – K dramadiary.com)

ဆက်ပြီး မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားတော့ Hometown Cha-Cha-Cha ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Mr Handy ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ Shin Min ကို ဒီဇာတ်ကားသစ်မှာ Yoon Hye-jin အဖြစ် တဖန်မြင်တွေ့ရပါလိမ့်မယ်။ Yoon Hye-jin ဟာ လက်တွေ့ကျတဲ့စိတ်ကူးရှိသူ သွားဆရာဝန်မတစ်ဦးပေမယ့် တည်ကြည်လွန်းတဲ့ သူ့ကိုယ်ရည်ကိုယ်သွေးကြောင့် သူ့ဘဝဟာ တစ်နေ့တခြား ပြောင်းလဲလို့လာပါတယ်။ ပင်လယ်နားက Gongjin ဆိုတဲ့ ရွာလေးတစ်ရွာကို ပြောင်းရတဲ့အခါမှာ Yoon Hye-jin ဟာ Hong Du-sik (Kim Sun-ho) ဆိုတဲ့ကောင်လေးနဲ့ ဆုံစည်းမိကြပါတယ်။ ရွာသားတွေက Mr Hong လို့ ခေါ်ကြတဲ့ Du-sik ဟာ ကိုယ်တိုင်က အလုပ်လက်မဲ့ဖြစ်နေပေမယ့် လူတိုင်းရဲ့အရေးကိစ္စ ကိုင်တွယ်ဖြေရှင်း ပေးရင်း အမြဲလိုလို အလုပ်ရှုပ်နေတတ်သူပါ။ တစ်ခုခုမှားတိုင်း လက်မြန်ခြေမြန်ရှိလှတဲ့ Du-sik နဲ့ တွေ့တဲ့အခါမှာ ဆရာဝန်မလေး Hye-jin ရဲ့ဘဝက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့တယ်။ tvN ကနေ ဩဂုတ် ၂၈ ရက်နေ့တွင် ပြသသွားမှာပါ။

 (Photo Credit – hancinema.net)

Netflix ကနေ နောက်ထပ်ပြသသွားဖို့ရှိနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲကတော့ web comic ကို အခြေခံထားတဲ့ ‘D.P’ အမည်ရှိ အက်ရှင်-ဒရာမာ ဖြစ်ပါတယ်။ ဇာတ်ကားကို web comic တုန်းက အမည်အတိုင်းပဲ D.P (Deserter Pursuit) လို့ နာမည်ပေးထားပါတယ်။ An Joon-ho ဟာ ရဲရင့်တဲ့ လူငယ်စစ်သားလေးဖြစ်တာကို တပ်ကြပ်ကြီး Park Beom-goo က သတိပြုပြီး သူ့ကို အထူး D.P ယူနစ်ထဲ ပို့လိုက်ပါတယ်။ သူ့ကို ပေးလိုက်တဲ့တာဝန်သစ်ကတော့ တပ်ကြပ် Han Ho-yeol နဲ့အတူ တပ်ပြေးတွေကို ဖမ်းဖို့ဖြစ်ပါတယ်။ D.P ဟာ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ Han Jun-hee ရဲ့ ပွဲဦးထွက် ဒရာမာ-အက်ရှင်ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ Han Jun-hee ဟာ Coin Locker Girl ဇာတ်ကားနဲ့ လူသိများထင်ရှားခဲ့သူပါ။ သူ ရိုက်ကူးတဲ့ Coin Locker Girl ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ နိုင်ငံတကာအဆင့် ပြသနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ Joon-ho အဖြစ် Jung Hae-in(Tune in for love) က ခေါင်းဆောင်ပါဝင်ထားပြီး Ho-yeol အဖြစ် Koo Kyo-hwan (Penisula) က လည်းကောင်း၊ Beom-goo အဖြစ် Kim Sung-kyun(The Firey Priest) က လည်းကောင်း အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကို Netflix ကနေ ဩဂုတ် ၂၇ ရက်မှာ စောင့်မျှော်ကြည့်ရှုကြပါလို့။

Source:South China Morning Post

#Netflix

#Koreadrama

#Series

#KBS2

#tvN

#Southchinamorningpost

#CNINews

#CNIMynmar

#ChannelNewsIndependent