CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇

တစ်ချိန်က ကမ္ဘာတလွှား နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲ အိုင်းရစ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Westlife အဖွဲ့ဟာ သူတို့ရဲ့ The Wild Dreams Tour အာရှခရီးစဉ်ကို အခုအောက်တိုဘာ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ လာမယ့်နှစ်ဆန်းပိုင်းကျရင် မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့ကို လှည့်လှည် ဖျော်ဖြေရင်း ပရိသတ်နဲ့ မိတ်ဆက်ကြပါလိမ့်မယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတိုင်း အထမြောက်အောင်မြင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၄ ယောက်ဖြစ်ကြတဲ့ Mark Feehily, Nicky Byrne, Kian Egan နှင့် Shane Filan တို့ဟာ ဘန်ကောက်မြောက်ပိုင်း၊ မြောင်သုန်ဌာနီမှာရှိတဲ့ Impact Arena ကွန်ဗင်းရှင်းစင်တာမှာ ၂၀၁၉ ခုနှစ်က သူတို့ရဲ့ The Twenty Tour ခရီးစဉ်အဖြစ် နောက်ဆုံးဖျော်ဖြေခဲ့ကြဖူးပါတယ်။ အခုတစ်ခါမှာလည်း ကိုဗစ်အလွန်ကာလမို့ သူတို့အဖွဲ့ဟာ ဘန်‌ကောက်ရဲ့ အဲဒီစင်တာနေရာကို တဖန် ရောက်လာကြဦးမှာပါ။

ကမ္ဘာကျော် Westlife အဖွဲ့ဝင်များ

အစတုန်းက ဒီဖျော်ဖြေရေးခရီးစဉ်ကို သူတို့နောက်ဆုံးထွက်ထားတဲ့ တေးအယ်လ်ဘမ်ရဲ့အမည်ဖြစ်တဲ့ The Wild Dreams လို့ ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအယ်လ်ဘမ်ထဲမှာ သူတို့ကျော်ကြားခဲ့စဉ် ခပ်စောစောအချိန်တွေတုန်းက အပေါက်ဆုံး၊ အအောင်မြင်ဆုံး hits ဖြစ်ခဲ့တဲ့ သီချင်းတွေ ထည့်သွင်းထားပါတယ်။

Fool Again, If I Let You Go, Flying Without Wings နဲ့ သူတို့ပွဲဦးထွက် Swear It Again သီချင်းလိုမျိုး Westlife ရဲ့ တေးသရုပ်ဖော်တင်ဆက်မှုတွေကို ပရိသတ်တွေနဲ့အတူ သီဆိုကြဖို့ မျှော်လင့်ထားပါတယ်။

လက်မှတ် ရောင်းချ မယ့်ရက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘူးလို့ ဘန်ကောက်ပို့စ်ရဲ့ ဂုရုမဂ္ဂဇင်းကဏ္ဍမှာ ဖော်ပြထားပါ တယ်။

Source: Guru Magazine by Bangkok Post