CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၃ရက်

ကိုရီးယားစတားတွေရဲ့လှုပ်ရှားမှုအဖုံဖုံကို အမြဲတင်ဆက်ပေးနေတဲ့ IMDB ဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ပက်ဆောဂျူး(Park Seo-joon)ဟာ ကပ္ပတိန်မာဘယ်ဇာတ်လမ်းရဲ့နောက်ဆက်တွဲအဖြစ် ရိုက်ကူးမယ့် The Marvels မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Itawon Class အမည်ရှိတဲ့ ရုပ်သံစီးရီးနဲ့ ပရိသတ်အားပေးမှု တခဲနက်ရခဲ့တဲ့ ပက်ဆောဂျူးဟာ Midnight Runners နဲ့ The Divine Fury ဇာတ်ကားတွေအပြင် အခုဆိုရင် The Marvels ဇာတ်ကားမှာပါ သရုပ်ဆောင်ခွင့်ရတော့မှာဖြစ်ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ပက်ဟာ Claudia Kim နဲ့ Ma Dong Suk တို့ရဲ့နောက်မှာ Marvel Cinematic Universe (MCU) ကို ပါဝင်ခွင့်ရတဲ့ တတိယမြောက်ကိုရီးယားသရုပ်ဆောင်ပဲ ဖြစ်ပါတယ်။

 

ပုံစာ - ကိုရီးယား သရုပ်ဆောင် ပတ်ဆောဂျူး

အခုရိုက်ကူးမယ့်ဇာတ်ကားထဲမှာ ပက်ဟာ အော်စကာဆုရှင် အမျိုးသမီးဇာတ်လိုက် Brie Larson နဲ့ တွဲဖက်သရုပ်ဆောင်ရမှာပါ။ ဒီရုပ်ရှင်မှာ Monica Rambeau အဖြစ် Teyonah Parris နဲ့ Kamala Khan အဖြစ် Iman Vellani တို့လည်း ပါဝင်သရုပ်ဆောင်ကြမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဖျော်ဖြေရေးသတင်းတွေ စုစည်းဖော်ပြပေးတဲ့ Star News ရဲ့အဆိုအရ ပက်အနေနဲ့ Concrete Utopia ဇာတ်ကားရိုက်ကူးပြီးတဲ့နောက် အမေရိကားကို သွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ Concrete Utopia ဇာတ်ကားကတော့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ သည်းထိတ်ရင်ဖို ကြုံရတာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

 

ပုံစာ - ကိုရီးယား သရုပ်ဆောင် ပတ်ဆောဂျူး

The Marvels ဇာတ်ကားကို ဒါရိုက်တာ နီယာဒါကိုစတာက ရိုက်ကူးညွှန်ကြားမှာဖြစ်ပြီး ဒီနှစ်ထဲ စတင်ရိုက်ကူးမှာပါ။ အပြီးသတ် ရိုက်ကူးထုတ်လုပ်ပြီးရင် ၂၀၂၃ ခုနှစ်ထဲမှာ ပရိသတ်ကြည့်ရှုခွင့်ရမယ်လို့ သိရပါတယ်။

 

ပုံစာ - ကိုရီးယား သရုပ်ဆောင် ပတ်ဆောဂျူး

ပက်ဆောဂျူးဟာ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ What’s Wrong with Secretary Kim ရုပ်သံဇာတ်လမ်းတွဲတွင် နာမည်ကျော် ကိုရီယားမင်းသမီးသရုပ်ဆောင် ပက်မင်ရောင်း ဖြင့် အတွဲညီညီ သရုပ်ဆောင်ခဲ့တာကြောင့် မြန်မာပရိသတ်တွေအကြား ရေပန်းစားခဲ့တဲ့ အမျိုးသားသရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

Source:Channel News Asia

# Park Seo-Joon
#The Marvels
#Captain Marvel
#Korea Actor
# Concrete Utopia