CNI International News

ဘန်ကောက်၊ မတ်လ ၂၈

ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့်ပတ်သက်ပြီး ဧပြီ ၁၀ ရက်တွင် ကြေညာရာမှာ သတင်းကောင်း များကို ကြားရလိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin)က မတ်လ ၂၇ ရက်၌  ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်နှင့် ပတ်သက်ပြီး မတ်လ ၂၇ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် ဒစ်ဂျစ်တယ် ငွေကြေးထောက်ပံ့ ရေးအစီအစဉ်၏ ဘုတ်အဖွဲ့သည် ဧပြီ ၁၀ ရက်တွင် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ထိုအစီအစဉ်နှင့် ပတ်သက်သည့် အချက်များကို ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဆရီသာက ပြောကြားခဲ့သည်။

ထိုအစီအစဉ်တွင် ပါဝင်မည့် ဘဏ္ဍာရေး အင်စတီကျူရှင်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များက အသုံးပြုမည့် နည်းပညာနှင့်ပတ်သက်ပြီး တင်ပြမည်ဖြစ်ကာ တရားရေးကိစ္စများကို တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ် ဖြေရှင်း လိမ့်မည်ဟု ဆရီသာက ပြောသည်။

 ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး အစီအစဉ်ကို ထောက်ပြနေကြစဉ်

ထိုအစီအစဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးကို စုဆောင်းသွားမည်ဖြစ်ပြီး နောက်ဆုံး အတည်ပြုချက်ရရှိရန် ဧပြီလအတွင်း အစိုးရအဖွဲ့ကို တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်၏ စတုတ္ထ လေးလပတ်ကာလတွင် ထောက်ပံ့ငွေများ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) နှင့် ထိုင်းဗဟိုဘဏ်တို့လည်း ထိုအချိန် ကာလ သတ်မှတ်မှုကို သဘောတူညီခဲ့ပြီး လက်ထောက်ဘဏ္ဍာရေးဝန်ကြီး  ဂျူလာပန် အာမွန်ဗီဗက် (Julapun Amornvivat) ကလည်း ထိုအချိန်ကာလ သတ်မှတ်မှုကို ယခင်ကတည်းက တင်ပြခဲ့ပြီးဖြစ်ကြောင်း ဆရီသာက ပြောကြားခဲ့သည်။

ဘတ်ငွေ သန်း ၅၀၀ အတွက် လိုအပ်သည့် အရင်းအမြစ်များကို ဧပြီ ၁၀ ရက်တွင် ရှင်းရှင်းလင်းလင်း သိရစေရန် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျခဲ့ ပြီးနောက် စီးပွားရေးကို နှိုးဆွရန် ငွေကြေးအများအပြား အသုံးပြုရန် လိုအပ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က အလေးထား ပြောဆိုခဲ့သည်။

Source: Thai PBS World