CNI International Article

၂၀၂၃ ခုနှစ်၊ မေလ ၂၁

ပြီးခဲ့သည့် သီတင်းပတ်တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ထွက်ပေါ်လာသော အချက်အလက်များအရ Move Forward Party(MFP)ပါတီက လွှတ်တော်နေရာ အများစုကို အနိုင်ရရှိခဲ့ သည်မှာ ထင်ရှားသည်။

တခြားပါတီ ၅ ခုနှင့် ပူးပေါင်းမည်ဟု MFP ဘက်က ထုတ်ပြန် ကြေညာထားသောကြောင့် ၎င်းတို့အနေဖြင့် နေရာ ၅၀၀ ရှိသော အောက်လွှတ်တော်တွင် ၃၀၉ နေရာအထိ စုစည်းနိုင်မည်လည်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် MFP ပါတီက နေရာအများစုကို အနိုင်ရယူခြင်းဖြင့် အားလုံးအတွက် အံ့သြသင့်ဖွယ် ဖန်တီး နိုင်ခဲ့သော်လည်း ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရေးကတော့ လွယ်ကူ မည့် အနေအထားမျိုးတွင် ရှိမနေချေ။

ဘုရင်စနစ်ကို ထောက်ခံသော၊ စစ်တပ်ကို လိုလားသော ခန့်အပ်ခံ အထက်လွှတ်တော်နေရာ ၂၅၀ နှင့် အောက် လွှတ်တော်တို့က ဝန်ကြီးချုပ်သစ် မည်သူမည်ဝါ ဖြစ်လာမည်လဲ ဆိုသည်ကို ရွေးချယ်ခွင့် ရှိနေခြင်းကြောင့် ဖြစ် သည်။

စိတ်ဝင်စားဖွယ် ကောင်းလာသော ထိုင်းနိုင်ငံရေးလောက၏ ရွေးကောက်ပွဲလွန်ကာလ ဖြစ်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကို လေ့လာကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း မြင်တွေ့ရနိုင်သည်။

ဘုရင် မိသားစုကို တွေ့ရစဉ်

ပီတာ ဝန်ကြီးချုပ်ဖြစ်လာခြင်း
**********************

ဝန်ကြီးချုပ်သစ် ခန့်အပ်ရန်အတွက် နေရာပေါင်း ၇၅၀ ရှိသော ထိုင်းအမျိုးသားလွှတ်တော်မှ ထောက်ခံမဲ အနည်း ဆုံး ၃၇၆ လိုအပ်မည် ဖြစ်သည်။

ထိုအခြေအနေတွင် MFP အနေဖြင့် ပီတာအား ဝန်ကြီးချုပ် အသစ်အဖြစ် တင်မြောက်ရန်အတွက် နောက်ထပ် ထောက်ခံမှု အနည်းဆုံး ၆၇ ဦးကို ရရှိရန် မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်သည်။

ယင်းမှသာ အာဏာရညွှန့်ပေါင်း အဖွဲ့အနေဖြင့် မစ္စတာပီတာ ဦးဆောင်သော အများစုအစိုးရ တစ်ရပ်ကို ဖွဲ့စည်း နိုင်မည်ဖြစ်သည်။

ပရာယွတ် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေခြင်း
*********************************

တော်ဝင်မိသားစုနှင့် ပတ်သက်သော ဥပဒေကို ပြင်ဆင်သွားမည်ဟု MFP က ကတိပြုထားသည်။

ထိုဥပဒေ၌ ဘုရင်၊ မိဘုရား၊ တော်ဝင်မိသားစုနှင့် ဆက်စပ်နေသည်များကို စော်ကားမော်ကား ပြောဆို လုပ်ဆောင် ခြင်းကို ရာဇဝတ်မှုအဖြစ် ပြဋ္ဌာန်းထားပြီး ထောင်ဒဏ် အများဆုံး ၁၅ နှစ်အထိ အပြစ်ပေးရန် သတ်မှတ်ထားသည်။

MFP ၏ ကတိစကားသည် တော်ဝင်မိသားစုနှင့် ပတ်သက်၍ ခိုင်မာသော သဘောထားရှိသည့် လွှတ်တော်အမတ် များနှင့် ကိုက်ညီမှု ရှိမနေပေ။

ထို့ကြောင့် လွှတ်တော်အမတ်များ အနေဖြင့် လက်ရှိအချိန်တွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ထားသော ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအား ဝန်ကြီးချုပ် အသစ်အဖြစ် ထပ်မံတင်မြှောက်ရေး ရွေးချယ် လာဖွယ် ရှိနေသည်။

ထိုင်းစစ်တပ် အကြီးအကဲဟောင်းဖြစ်သူ ပရာယွတ်သည် အရပ်သား အစိုးရကို ဖြုတ်ချရေး အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး ထိုအချိန်ကတည်းက ထိုင်းနိုင်ငံကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် ၎င်းသည် United Thai Nation (UTN) ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။

အစောပိုင်း ရလဒ်များအရ UTN သည် မဲဆန္ဒနယ် ၂၃ ခု အပါအဝင် နေရာ ၃၆ ခုကို အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် UNT ပါတီအနေဖြင့် အောက်လွှတ်တော်တွင် အနည်းဆုံးနေရာ ၉၀ ခန့်ရှိနိုင်မည့် ၎င်းတို့နှင့် တူညီသော သဘောထားရှိသည့် တခြားပါတီများကို ဆွဲဆောင်နိုင်မည်ဆိုလျှင် လွှတ်တော်၏ ထောက်ပံ့မှုနှင့်အတူ ပရာယွတ် အား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်မည့် အလားအလာ ရှိနေသည်။

ထိုသို့ဆိုလျှင်ပင် ပရာယွတ်အနေဖြင့် တခြားပါတီများ၏ စုစုပေါင်း အမတ် အရေအတွက်ထက် အမတ်ဦးရေ ပိုနည်းသော အစိုးရကိုသာ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

ထိုသို့သော လူနည်းစုအစိုးရသည် ရေရှည်တွင် တည်ငြိမ်မှု ထိန်းသိမ်းနိုင်ရန် ခက်ခဲမှုများနှင့် ရင်ဆိုင်ရနိုင်သည်။

ဥပဒေများပြဋ္ဌာန်းရေးတွင် အစိုးရအနေဖြင့် လုပ်နိုင်စွမ်းမရှိခြင်း သို့မဟုတ် တစ်စုံတစ်ခုကို အတည်ပြုရန်အတွက် တခြားသူများနှင့် ရှုပ်ထွေးသော ဆွေးနွေးညှိနှိုင်းမှုများကို မှီခိုနေရခြင်းကြောင့် ဖြစ်သည်။

ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ သဘောတူထားသည့် ပါတီများကိုတွေ့ရစဉ်

ပီတာအား လွှတ်တော်အမတ်ဖြစ်ရန် မသင့်တော်ဟု ဆုံးဖြတ်ခြင်း
***********************************************

ပီတာသည် ယခုတွင် ပျောက်ကွယ်သွားပြီဖြစ်သော မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများကို တရားမဝင် ပိုင်ဆိုင် ထားသည်ဟု Palang Pracharath ပါတီမှ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ရန်ကရိုင် လီကွစ်ဝတ် တာနာက စွပ်စွဲထားသည်။

ရှယ်ယာများကို ကွယ်လွန်သွားခဲ့ပြီဖြစ်သော ဖခင်ဖြစ်သူ၏ သဘောဆန္ဒအတိုင်း သေတမ်းစာအရသာ ပိုင်ဆိုင် ထားခြင်း ဖြစ်သည်ဟု ပီတာက ပြန်လည် ရှင်းပြထားသည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်သည် ထိုရှယ်ယာကိစ္စအပြင် တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မတိုင်ခင် ၎င်းတို့ ရရှိထားသော တခြားတိုင်ကြားမှုများကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားရန် တာဝန်ရှိသည်။

ထိုစုံစမ်းစစ်ဆေးမှုများသည် နှစ်လနီးပါး ကြာမြင့်နိုင်သည်ဟု ခန့်မှန်းရပြီး စစ်ဆေးမှုများအတွင်း အမှန်တကယ် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့မည်ဆိုလျှင် ပီတာအနေဖြင့် လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ရန် အရည် အချင်း မပြည့်မီဟု သတ်မှတ်ခံရမည် ဖြစ်သည်။

ထိုသို့ဖြစ်လျှင် ယင်းနှင့်ပတ်သက်၍ MFP ပါတီအား မည်သို့မည်ပုံ သက်ရောက်မှု ရှိလာမည်တော့ ကွဲကွဲပြားပြား မသိရသေးပေ။

ပရာယွတ်ကို တွေ့ရစဉ်

Move Forward ပါတီအား ဖျက်သိမ်းခြင်း
*******************************

ရွေးကောက်ပွဲတွင် နေရာအများစုကို အနိုင်ရရှိခဲ့သည့် Move Forward ပါတီအား ဖျက်သိမ်းရန်ကိစ္စမှာ ဖြစ်လာ နိုင်မည်မဟုတ်ဟု ယူဆ၍ရသော်လည်း ထိုင်း၏ နိုင်ငံရေး သမိုင်းကြောင်းအရ ယင်းကိုပင် ယတိပြတ် ငြင်းဆို၍ မရနိုင်သေးပေ။

သမိုင်းကြောင်းအရ လက်ရှိ ဖြူးထိုင်းပါတီ၏ ပါတီဟောင်းနှစ်ခုဖြစ်သော ထိုင်းရတ်ထိုင်း(Thai Rak Thai)ပါတီနှင့် ပြည်သူ့အင်အား(People’s Power)ပါတီတို့သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် မဲသမာမှု လုပ်ဆောင်ခဲ့ သည်ဆိုသော စွပ်စွဲချက်များဖြင့် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

MFP ပါတီ၏ ပါတီဟောင်းဖြစ်သော Future Forward ပါတီသည်ပင် ချေးငွေကိစ္စတစ်ခုကြောင့် ၂၀၂၀ ခုနှစ်တွင် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ပါတီခေါင်းဆောင်ဖြစ်သူက ပါတီထံ ပေးခဲ့သော ချေးငွေသည် တရားမဝင် လှူဒါန်းမှု ဖြစ်သည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လက်ရှိ အချိန်အထိ MFP ပါတီအား ဖျက်သိမ်းရသည်အထိ ဖြစ်စေနိုင်သော တိကျသေချာသည့် စွပ်စွဲချက်မျိုး ရှိမနေသည့်တိုင် ထိုင်းနိုင်ငံရေး အစဉ်အလာအရ ပါတီဖျက်သိမ်းခံရမည့်ကိစ္စကို လုံးဝမေ့ထား၍ မရသေးဟု လေ့လာသူများက သုံးသပ်သည်။

မည်သို့ပင်ဆိုစေကာမူ ပါတီတစ်ခုအား ဖျက်သိမ်းခဲ့မည်ဆိုလျှင် ယင်းက Future Forward ပါတီ ဖျက်သိမ်း ခံခဲ့ရသည့် ၂၀၂၀ ခုနှစ်တွင်ကဲ့သို့ ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြပွဲများကို ပေါ်ပေါက်လာစေလိမ့်မည် ဟုလည်း ယူဆရမည် ဖြစ်သည်။

Source: Straits Times