CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၅

မလေးရှားတွင် ရီကာလီဘရာစီပါမစ်အတွက် လက်ဗွေသွားနှိပ်ကြရာတွင် မြန်မာအချို့ အဖမ်းခံနေရကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ပါမစ်မှတ်ပုံတင်စာရင်း ပေးသွင်းပြီးသူများအနေဖြင့် လုပ်ငန်းရှင်သူဋ္ဌေး၏ အတည်ပြုခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဆေးစစ်ခြင်းစသည့် လုပ်ငန်းစဉ်များအား မတ်လကုန်အထိ နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်သည်။

ပါမစ်အမည်စာရင်းတင်သွင်းရာတွင် မည်သူမဆို တင်သွင်းခွင့်ရှိသော်လည်း ခွင့်ပြုသည့် အမျိုးအစားနှင့် ခွင့်မပြုသည့် အမျိုးအစားဟူ၍ သတ်မှတ်ထားကြောင်း၊ သို့သော် အေးဂျင့်များမှ ၎င်းတို့ ဝင်ငွေရရှိရေးအတွက် ‌ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ အဖမ်းခံနေရခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအ‌ရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာတွေ မလေးရှားက လ.ဝ.ကမှာ လက်ဗွေနှိပ်နေစဉ်

 “ဥပမာအနေဖြင့် သူတို့ ပြီးခဲ့တဲ့ ၄၊ ၅ နှစ်လောက်က overstay တွေ ဒါမှမဟုတ် အရင်ပါမစ် ရှိပြီးတော့ overstay ဖြစ်သွားတဲ့သူတွေ ပြန်လျှောက်လို့ရတာ သူတို့ပြောခဲ့တယ်။ သူတို့ခွင့်မပြုတာက ၂၀၂၃ မှာ ဝင်လာတဲ့သူ တစ်ဦး တစ်ယောက်ကိုမှ ပါမစ်လုပ်ဖို့ ခွင့်မပြုထားသလို စာအုပ်တွေမှာ ထိုင်းတုံးတို့ ဘာတို့ ဝင်လာပြီးတော့ မြန်မာပြည် ကနေ အမှန်ထွက်လာတယ်။ ထိုင်းမှာ အမှန်ဝင်တယ် ထိုင်းတုံးရှိတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်ကနေ မလေးရှား ကို အောက်လမ်းကနေ ဝင်လာတဲ့သူတွေကို လျှောက်ခွင့်မပေးတာတွေ သူတို့အတိအလင်း ကြေညာခဲ့ပါတယ်။ အေးဂျင့်တို့ပွဲစားတို့ကတော့ အသိပေးရမှာပေါ့ ဒီလိုလူမျိုးတွေ လုပ်လို့မရပါဘူးဆိုတာ။ ဒါပေမယ့် သူတို့က အသိ မပေးဘဲနဲ့ အားလုံးကို Register တင်ပေးလိုက်တယ်။ လက်ဗွေနှိပ်ရမယ့် အချိန်လည်း ရောက်ရော သွားနှိပ်ကြ တော့ လ.ဝ.က ရုံးကနေ သူတို့ကို စိစစ်တဲ့အခြေအနေမှာ ဒီလိုအမှားအယွင်းတွေ ကျူးလွန်ထားတော့ အဲဒီလို ဖမ်းဆီးမှုမျိုးတွေ  အများကြီးဖြစ်လာတာ နေ့စဉ်နဲ့အမျှပါပဲ” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းများအား ပါမစ် ပြုလုပ်ရန် မှတ်ပုံတင်စာရင်း ပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။

မလေးရှားက လ.ဝ.ကဌာနကို တွေ့ရစဉ်

ထို့နောက် ရီကာလီဘရာစီပါမစ် (RTK 2.0) စတစ်ကာများကို ဇွန်လကုန် နောက်ဆုံးထား၍ အပြီးအစီး ထုတ်ပေး သွားမည်ဖြစ်ပြီး လက်ဗွေနှိပ်ခြင်းများအား မတ်လကုန်အတွင်း အပြီးလုပ်‌ဆောင်ရမည်ဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အဖမ်းခံရသည့်အခါတွင် အလုပ်ရှင်နှင့် ပါမစ်လျှောက်ပေးသူတို့ လာရောက် အာမခံပေးနိုင်ပြီး လျှောက်လဲချက်များ ပြည့်စုံပါက ပြန်လွှတ်ပေးကြောင်း မလေးရှားအခြေစိုက် ရတနာစက္က နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်စိတ်ထင် မလေးရှားမှာရှိတဲ့ မြန်မာသံရုံးနဲ့ မြန်မာပြည်က လ.ဝ.က အချိတ်အဆက်များ လွဲနေ သလားတော့ မပြောတတ်ဘူး။ ဒီစာအုပ်ဆိုတာကလည်း မြန်မာပြည်ကို ကိုယ်စားပြုထားတဲ့ စာအုပ် ထိုင်းမှာပဲ ရောက်ရောက်၊ မလေးရှားမှာပဲ ရောက်ရောက်။ ဒါပေမယ့် မလေးရှားအစိုးရကို မလေးရှားမှာ ရှိနေတဲ့ မြန်မာသံရုံး က ဘယ်လိုများ ချိတ်ဆက်ထားလဲတော့ မသိဘူး။ ပြီးခဲ့တဲ့လမှာမှ ကုမ္ပဏီတစ်ခုက အယောက် ၂၀၀ လက်ခံမယ်  ဆိုရင် အယောက် ၂၀၀ မပြည့်သေးဘူး အယောက် ၁၀၀ လောက်လျှောက်ဖို့ကျန်သေးတယ်ဆိုရင်။ ဒီ ၃ လပိုင်း ၃၁ ရက်‌နေ့နောက်ဆုံး အဲဒီလူတွေကို လျှောက်ခွင့်ပေးတယ်။ မောင်ဖြူအစား နောက်ထပ် မနီထည့် လို့လည်းရ တယ်။ အဓိကက အယောက် ၁၀၀ ပြည့်ဖို့ပဲဆို‌တော့ တခြားအေးဂျင့်တွေက အဲဒီလိုကုမ္ပဏီတွေ ဆီကနေ ဝယ် တယ်။ အဲဒီပါမစ်ကိုဝယ်ပြီး လူတွေပြန်ထည့်ပေးတယ်” ဟု ပြောသည်။

ယခု ဖမ်းဆီးခံနေရသည့်အထဲတွင် အများဆုံးသည် ထိုင်းအဝင်တုံး ပါရှိနေသူများဖြစ်ပြီး စာအုပ်အတုများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါစာအုပ်များကို ကိုင်ဆောင်ထားပြီး ပါမစ် အမည်စာရင်း တင်သွင်းထားသူများအနေဖြင့် အရဲ မစွန့်စေချင်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။