CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတစ်ခု၌ မြန်မာ အပါအဝင် လူပေါင်း ၁၀၀ ကျော် ထွက်ပြေးသွားသည့် ဖြစ်စဉ်ကြောင့် အချို့ လ.ဝ.က ထိန်းသိမ်းရေးစခန်းများတွင် လူတွေ့ခွင့်များ ပိတ်ပင်လာကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့က မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် မြန်မာ အပါအဝင် လူပေါင်း ၁၃၁ ဦး ထွက်ပြေးသွားခဲ့ကြသည့်အထဲ ၃၀ ကျော်အား ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးမှာ ကားတိုက်သေဆုံးသွား ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားကြသည်။

အဆိုပါ ထွက်ပြေးသွားသူများသည် နေရပ်ပြန်ရန် အခက်အခဲရှိသဖြင့် ထိန်းသိမ်းရေးစခန်းများတွင် နှစ်ကြာရှည် စွာ နေထိုင်နေရသူများဖြစ်နိုင်ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရန် ကျန်ရှိသည့် လူဦးရေ ၉၀ ခန့်အား ၎င်းအနီးတစ်ဝိုက်တွင် ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေ ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “သူတို့ ပြောတာကတော့ မြန်မာနိုင်ငံသား ရိုဟင်ဂျာက ၁၁၅ ယောက်၊ ပြီးတော့ မြန်မာ တိုင်းရင်းသားတွေ ကြတော့ ၁၅ ယောက်ပေါ့၊ တစ်ယောက်ကတော့ ဘင်္ဂလားပေါ့။ အဲဒီထဲမှာမှ ကားတိုက်သေသွားတာက ရိုဟင်ဂျာ လို့ သူတို့ပြောပါတယ်။ အခုဆိုရင် အဲဒီဂယက်ကြောင့် တချို့ လ.ဝ.က ထိန်းသိမ်းရေးစခန်းတွေမှာတောင် လူတွေ့ ခွင့်တွေ ဘာတွေ ပိတ်ပင်ထားလိုက်ပြီ။ ကျနော် ထိန်းသိမ်းရေးစခန်းတစ်ခု ရောက်ခဲ့တာ ဥပမာ ပြန်ဖို့အတွက် လေယာဉ် လက်မှတ်ဖိုးတွေ သွင်းမယ်ဆိုရင် သွင်းလို့ရတယ်။ သို့ပေမယ့်လည်း လူတွေဘာတွေ တွေ့ချင်ရင်တော့ တွေ့ခွင့် မပေးဘူး ခုချိန်မှာ အဲဒီဂယက်တွေကြောင့်ပေါ့။ အဖမ်းအဆီးကတော့ အဲဒီ Camp နဲ့ နီးစပ်တဲ့နေရာတွေ မှာ ဆိုရင်တော့ မြန်မာနိုင်ငံသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့” ဟု ပြောသည်။

မလေးရှား အာဏာပိုင်များ ထွက်ပြေးသွားသူများကို ရှာဖွေနေစဉ်

ယခုကဲ့သို့ ထိန်းသိမ်းရေးစခန်းများမှ ထွက်ပြေးကြခြင်းသည် ဒုတိယအကြိမ်‌မြောက် ဖြစ်ပွားဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဧပြီလကလည်း မြန်မာနိုင်ငံမှ မွတ်ဆလင်ဒုက္ခသည် ၅၈၂ ဦးဟာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ထိုအထဲတွင် ၆ ဦးသည် ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ထွက်ပြေးသွားကြသည့် ထိန်းသိမ်းရေးစခန်း အနီးတစ်ဝိုက်တွင် ဆီအုန်းတောများ၊ ရွာများ ရှိသဖြင့် ၎င်းတို့သည် တောထဲ၌ ခိုအောင်းနေနိုင်ဖွယ်ရှိကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေသူများက သုံးသပ်ကြသည်။

သို့သော် ထိုဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ဖမ်းဆီးစစ်ဆေးမှု များပြားနေသည့် မလေးရှားတွင် ပိုမို၍ ဖမ်းဆီး စစ်ဆေးမှု များပြားလာနိုင်ဖွယ်ရှိကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဥစ္စာကလည်း အစိုးရမှာလည်း ပြတ်သားတဲ့ ပေါ်လစီမရှိဘူး။ ခိုင်မာတဲ့ ပေါ်လစီမရှိဘူး မလေးရှားမှာက အဲဒါကလည်း အခက်အခဲတစ်ခုပေါ့။ ဘာကြောင့်ဆို တခြားနိုင်ငံကလူတွေကို ဖမ်းတယ်၊ ဥပမာ ထောင်တစ်လ ဆို တစ်လချတယ်။ Camp ကိုပို့တယ်။ 

မလေးရှား အာဏာပိုင်များ ထွက်ပြေးသွားသူများကို ရှာဖွေနေစဉ်

သံရုံးတွေကလာတယ် တွေ့တယ်။ လေယာဉ်လက်မှတ် ဝယ်ပြီးတော့ ကိုယ့် တိုင်းပြည်ကို ကိုယ်ပြန်သွားလို့ရတယ်။ ဒီရိုဟင်ဂျာ မွတ်ဆလင်တွေကြတော့ ဘယ်နိုင်ငံမှ သူတို့ပြန်သွားလို့ မရ ဘူး။ မရတဲ့အခါကြတော့ တချို့တွေက ထောင်တွေ Camp တွေမှာ ၅ နှစ်၊ ၁၀ နှစ်၊ ၇ နှစ်၊ ၃ နှစ် နေကြတယ်။ ဘာ မျှော်လင့်ချက် ဘာမှမရှိတဲ့အခါကြတော့ လူကထွက်ပေါက် လုံးဝ ပိတ်တဲ့အခါကြတော့ မထူးတော့ဘူးဆိုပြီး စွန့်စားလာတာတွေရှိတယ်။ နောက်ဆုံးဖြစ်လာတာတော့ မြန်မာနိုင်ငံက ထောင်ထွက်ပြေးတယ်ပေါ့။ ရိုဟင်ဂျာဆို မြန်မာလို့ပဲ သူတို့ကမြင်တာကို အဲဒီတော့ မြန်မာနိုင်ငံသားတွေက ထောင်ဖောက်ပြီး ထွက်ပြေးတယ်ပေါ့” ဟု ပြောသည်။

လက်ရှိ ဖမ်းဆီးရမိရန် ကျန်ရှိသည့် လူ ၉၀ ဦးအား မွတ်ဆလင်ဒုက္ခသည်များ အများဆုံးနေထိုင်သည့် နေရာဒေသ များတွင် အော်ပရာစီဖြင့် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နိုင်ကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

သို့သော် မလေးရှားနိုင်ငံတွင် မွတ်ဆလင်ဒုက္ခသည်ဦးရေမှာ သိန်းနှင့်ချီရှိသည့်အတွက် ဖမ်းဆီးရမိရန်မှာ ခက်ခဲမည်ဟု မြင်မိကြောင်းလည်း ၎င်းတို့က ပြောသည်။