CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉

အော်ပရာစီ အဖမ်းအဆီးများပြားနေသည့် မလေးရှားတွင် နေစရာအခက်အခဲဖြစ်နေကြသော မြန်မာနိုင်ငံသား များအပေါ် ပရဟိတအသင်းအချို့ အကူအညီပေးမှုကို ခေတ္တရပ်နားလာကြကြောင်း သိရသည်။

မလေးရှားရှိ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့တွင် နေစရာအခက်အခဲ ဖြစ်နေသဖြင့် ရုံး၌ ကူညီပေးထားသော မြန်မာ ၁၁ ဦးအား အော်ပရာစီအဖမ်းခံရပြီးနောက် ယခုကဲ့သို့ ကူညီမှုကို ခေတ္တရပ်နားလိုက်ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

“ကွာလာလမ်ပူမြို့နယ်မှာ ဝင်သွားတဲ့ အော်ပရာစီက နေစရာမရှိ၊ အဆင်မပြေတဲ့လူတွေ၊ အလုပ်လည်းမရှိတဲ့ လူတွေကို ၁၁ ယောက် ကယ်ထားတယ်ပေါ့။ အဲဒီအော်ပရာစီဝင်တဲ့အခါမှာ ရုံးခန်းကိုပါ ဝင်သွားတာ။ အဲဒီ ၁၁ ယောက်ပါသွားတယ်။ ညပိုင်းမှာ အော်ပရာစီအဖွဲ့‌ပေါင်းစုံ ဝင်လိုက်တဲ့အခါမှာ ညပိုင်း ကြတော့ ရောပြီး ရွေးလို့ ရတယ်။ နောက်နေ့ကြတော့ လ.ဝ.က မှတ်ပုံတင်ဌာနကို အားလုံးရောက်သွားတဲ့ အခါမှာ ရွေးလို့မရတော့ဘူး။ ရွေးခွင့်လည်းမပေးတော့ဘူး။ ၆ ယောက်က ပြန်ထုတ်နိုင်တယ်၊ ၅ ယောက်က ထုတ်လို့မရတော့ဘူး။ အဲဒီ အတွက်နဲ့ နောက်ပိုင်းမှာ မြို့ထဲတွေက မြန်မာဆိုင်တွေ၊ ရုံးခန်းတွေကအစ စည်ပင် သာယာတွေ၊ ရဲတွေ တစ်ပတ် တစ်ခါ၊ သုံးရက်တစ်ခါ စစ်ဆေးမှုတွေ ဝင်တဲ့အခါမှာ လောလောဆယ် ကျနော် တို့က အခုလိုကူညီခဲ့ရင် တကယ်လို့ စစ်ဆေးမှုနဲ့ ထပ်ပြီးကြုံခဲ့ရင် ကိုယ့်လူတွေ ပိုပြီး ထပ်ပြီးဒုက္ခရောက်မှာစိုးလို့ လောလောဆယ်တော့ ခဏ ရပ်ထားဦးမယ်။ အလုပ်ရှိရင် ရှာပေးနေပါတယ်။ ရုံးမှာသာ လောလောဆယ် ကယ်လို့မရတာ” ဟု ၎င်းက ပြောသည်။

မလေးရှားတွင် မြန်မာအပါနိုင်ငံခြားသားများ ဖမ်းဆီးခံရစဉ်

နေစရာအခက်အခဲဖြစ်နေသူများအား မကူညီပေးနိုင်သော်လည်း နေစရာရှိ၍ စားစရာအခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများအား အနေဖြင့် အကူအညီတောင်းခံနိုင်ကြောင်းနှင့် အော်ပရာစီအဖမ်းအဆီးများ အနည်းငယ်ငြိမ်သွားပါက နေစရာအခက်အခဲဖြစ်နေကြသော မြန်မာနိုင်ငံသားများကို ပြန်လည်ကူညီ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းအော်ပရာစီအတွင်း ဖမ်းဆီးခံရသူများထဲမှ အထောက်အထားမရှိသူများအား တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးရမိသည့် ရက်မှစတင်ကာ ထောင်ဒဏ် ၃ လ ချမှတ်ကြောင်း မလေးရှားသတင်းဌာနများမှ ဖော်ပြထားကြသည်။

ထို့အပြင် လက်ရှိအဖမ်းအဆီးများနေသည့် ကာလတွင် ဆေးရုံ၊ ‌‌ဆေးခန်းပြသရန်လိုအပ်ပြီး အခက်အခဲ ဖြစ်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား NGO အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးနေကြောင်း ပီနန်းမြို့ရှိ ဒါနကုသလနာရေးကူညီမှုအသင်းမှ အထွေထွေ အကြံပေး ကိုနိုင်လင်းက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် မြန်မာအပါနိုင်ငံခြားသားများ ဖမ်းဆီးခံရစဉ်

“ကျနော်တို့အသင်းကို အကူအညီတောင်းတာတော့ ရှိတယ်။ တစ်ခါတစ်လေပေါ့။ သူတို့မှာ စာအုပ်မရှိတဲ့ အတွက်ကြောင့် သူဌေးမယူတော့ဘူးပေါ့။ အလုပ်တွေဘာတွေ ရှာပေးလို့ရမလား၊ နေစရာတွေ ရှာပေးလို့ ရမလား အဲဒီလောက်တော့ အကူအညီတောင်းတာရှိတယ်။ ကျ‌နော်တို့လည်း နိုင်တဲ့ဘက်က ရှိတဲ့ သူငယ်ချင်းတွေဆီက မေးတယ်။ ဘယ်နေရာမှာ လူလိုလဲ၊ ဘယ်နေရာမှာ အလုပ်ရှိလဲ။ ထိုက်တန်သလောက် တော့ ဖြည့်ပေးထားတယ်။ ရာခိုင်နှုန်းအပြည့်တော့ မရနိုင်ဘူး။ တချို့ ဘာမှလုပ်လို့မတတ်ဘူးဆိုရင် ဆောက်လုပ်ရေးမှာ သွင်းပေးအလုပ်ပေးထားတာရှိတာပေါ့။ ၁၀ ယောက်အကူအညီတောင်းလာရင် ၁၀ ယောက်လုံးတော့ အဆင်မပြေဘူး။ စားဖို့သောက်ဖို့ အခက်အခဲဖြစ်တယ်ဆိုရင် ကျနော်တို့အနေနဲ့ နိုင်သလောက်ပေါ့” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သား များအား မတ်လဝန်းကျင်အထိ အဖမ်းအဆီးများ ကြမ်းနိုင်ဖွယ်ရှိကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတ အဖွဲ့ အစည်းများက သုံးသပ်သည်။

လက်ရှိအဖမ်းအဆီးများနေသည့်အချိန်တွင် အသွားအလာနှင့် နယ်မြေအနေထားများအား အထူးဂရုပြုကြရန် လည်း မလေးရှားနိုင်ငံရှိ ပရဟိတ အဖွဲ့ အစည်းများက အကြံပြုသည်။