CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၀

မြန်မာအလုပ်သမား ၂၈၈ ဦးအား ထိုင်းသို့ နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် ယနေ့(မေလ ၁၀ ရက်)တွင် ပထမ အသုတ် စတင်စေလွှတ်ပြီဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ၂၈၈ ဦးအား ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက "အဓိက ကျနော်တို့က သက်ဆိုင်ရာ အေဂျင်စီ အလိုက်ကနေ တင်ပြတဲ့ အလုပ်သမား ဦးရေပေါ် မူတည်ပြီးတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းပေါ့နော်။ လမ်းကြောင်းက မြဝတီကနေ သွားမလား၊ ကော့သောင်း ကနေ သွားမလား။ ဒီလို အခြေနေပေါ် မူတည်ပါတယ်။ စေလွှတ်ဖို့ တင်ထားတဲ့ အလုပ်သမားဦးရေပေါ် မူတည်ပြီးတော့မှ smart ကဒ် ရိုက်ရမယ့် ကိစ္စတွေရှိတယ်။ ပြီးရင် စေလွှတ်မယ့် ကိစ္စတွေအပေါ် မူတည်ပြီးတော့မှ သူတို့ခရီးစဉ်ပေါ် မူတည်ပြီး အဆင့်ဆင့် ဆောင်ရွက်ပေးနေပါတယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ထိုင်းသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် ကွာရန်တင်း ဝင်ရမည့်ကိစ္စများရှိခဲ့သော်လည်း လက်ရှိမှာတော့ ဖြေလျော့ပေးထားကြောင်း၊ မြန်မာအလုပ်သမားများကို တနင်္လာမှ သောကြာနေ့အထိ စေလွှတ်ရန် လျာထားကြောင်း သိရသည်။

သို့သော် စေလွှတ်သည့်အခါတွင် ရက်အတိအကျ မသတ်မှတ်ဘဲ သက်ဆိုင်ရာ အေဂျင်စီများမှ အလုပ်သမားများအား လေကြောင်းလမ်း၊ ကားလမ်း အစရှိသည့် လမ်းကြောင်းများ ရွေးချယ်ထားသည့် အပေါ်တွင် မူတည်၍ စေလွှတ် သွားမည် ဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက် ထိုင်းသို့ MOU ဖြင့် သွားကျမည့် မြန်မာအလုပ်သမားများ (မြဝတီ-မဲဆောက်မီဒီယာ)

တခြား တစ်ဖက်မှာလည်း ကိုဗစ်-၁၉ အခြေအနေနှင့် နိုင်ငံရေး အခြေအနေများကြောင့် ပိတ်ထားသည်မှာ ၂ နှစ်ကျော်ရှိပြီ ဖြစ်သည့် ထိုင်း - မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ယခုရက်အပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် လက်ရှိတွင် နှစ်နိုင်ငံဘက်မှ တာဝန်ရှိသူများ အစည်းအဝေး လုပ်နေဆဲဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ် ဝင်/ထွက် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သီဟက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးအောင်သီဟက "လောလောဆယ် ထိုင်း-မြန်မာ အမှတ်(၁)တံတားက မဖွင့်သေးဘူး။ အခုက အစည်း အဝေးတွေ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ဘာမှလည်း အကျိုးအကြောင်း သူတို့ဘက်ကလည်း ဘာမှ မပြန်ကြားသေးဘူး။ ကျနော်တို့ဘက်ကလည်း ဘာမှ မလုပ်ထားသေးပါဘူး။ တာချီလိတ် ဘက်ကကျတော့ သူတို့ ဖွင့်ဖို့တော့ လုပ်နေတယ်။ အစည်းအဝေးတွေတော့ တောက်လျှောက် လုပ်နေတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ လောလောဆယ် ကျနော်တို့ ဆီ မပို့သေးဘူး။ ပို့မှ ဘယ်နေ့လောက် ဖွင့်မလဲဆိုတာ ပြောလို့ရမှာ"ဟု ပြောသည်။

အဆိုပါ အမှတ်(၁)ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပါက အလုပ်သမားများအတွက် ရလဒ်ကောင်းများ ရလာမည် ဖြစ်သည့်အပြင် ကုန်သည်များအတွက်လည်း အကျိုးရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ‌ပြောသည်။