CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆

(၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီး ချုပ် မစ္စတာဟွန်မာနက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်း နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ ဖန်မင် ချင်းတို့ တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် ၇ နှစ်တာကာလအတွင်း အခြေခံအဆင့်ကို ကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေ စီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။