CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ တစ်နိုင်ငံလုံး အော်ပရာစီဖမ်းဆီးမှု ပိုမိုများပြားလာပြီး မြန်မာ အပါအဝင် နိုင်ငံခြားသားဦးရေ ၅၀၀ ကျော် ဖမ်းဆီးခံရသည်ဟု မ‌လေးရှားရောက် မြန်မာများက CNI သတင်းဌာန သို့ ပြောသည်။

ထိုဖမ်းဆီးခံရသည့် အထဲတွင် အထောက်အထားအတု ကိုင်ဆောင်သူ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း သိရသည်။

အော်ပရာစီ ဝင်ရောက် ဖမ်းဆီးကြရာတွင် မလေးရဲတပ်ဖွဲ့မှ အင်အား ၁၀၀၀ ဝန်းကျင် ပါဝင်ပြီး အဖမ်းခံရသူများ ထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံမှ အများဆုံးဖြစ်ကြောင်း၊ ပါမစ်စတစ်ကာအတု ပြုလုပ်ပေးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့လည်း ဖမ်းဆီးခံရကြောင်း မလေးရှားလူဝင်မှုကြီး ကြပ်ရေးမှ ထုတ်ပြန်သည့် သတင်းအရသိရသည်။

လက်ရှိ မလေးရှား၏ အော်ပရာစီ ဖမ်းဆီးမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အပြင်ထွက် သွားလာမှုများ သိပ်မတွေ့ရတော့ကြောင်း၊ ယခုဖမ်းဆီးသည့် စီမံချက်သည် ယခင်ဖမ်းဆီး စစ်ဆေးမှုများနှင့်မတူကြောင်း ရခိုင် ဒုက္ခသည်များဗဟို(CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းများကို မလေးရှားက ဖမ်းဆီးနေစဉ်

၎င်းက “အဲဒီစီမံချက်မှာ ထူးခြားတာက သာမန်အရင်တုန်းကလို လ.ဝ.ကတွေက စက်ရုံ၊ အလုပ်ရုံ၊ နိုင်ငံခြားသား တွေ နေထိုင်တဲ့ နေရာတွေကို ဝင်ဖမ်းတဲ့ပုံစံနဲ့ မတူဘူးပေါ့။ အခုက စီမံချက်ဆိုတဲ့အခါကြတော့ အရန်ရဲအင်အား ၁၀၀၀ သူတို့သုံးထားတယ်။ အရန်ရဲအင်အားဆိုတာက ဒီမှာက စစ်တပ်လိုပါပဲ။ သူက ပစ်ခွင့်ရှိတယ်။ လက်နက် တွေ၊ အော်တို ရိုင်ဖယ်တွေ ကိုင်ဆောင်တယ် အဲဒါမျိုးတွေ။ နေ့ရောညရော လမ်းတွေမှာ ဘလောက်ချက်လို့ ခေါ်တဲ့ စုံစမ်းစစ်ဆေးရေးဂိတ်တွေ ချပြီးတော့ ရှောင်တခင်တွေ စစ်ဆေးဖမ်းဆီးတာတွေ ရှိတာပေါ့။ ဖမ်းပြီးရင် အရင်လို ဒေသတွင်းက ရဲစခန်းတွေပေါ့ ခေါ်သွားတာမဟုတ်ဘူး၊ လ.ဝ.က ခေါ်သွားတာမဟုတ်ဘူး။ ရဲသင်တန်း ကျောင်းကိုခေါ်သွားတယ်။ အဲဒီမှာစစ်ဆေးတယ်။ နောက်တစ်ခုက အဲဒီမှာ ဖြစ်လာတာက နိုင်ငံခြားသားဆိုရင် ပါမစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ UN ကဒ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကုန်လုံးကားပေါ်တင်ပြီးတော့ ခေါ်သွားတာပါပဲ” ဟု ပြောသည်။

ထိုအဖမ်းအဆီး ခံရသူများတွင် ပါမစ်‌လျှောက်ထားသူဖြစ်ပါက အလုပ်ရှင်သူဋ္ဌေးများမှ လာရောက်ထုတ်ယူနိုင်ပြီး UNHCR ဒုက္ခသည်ကဒ် လျှောက်ထားသူဖြစ်ပါကလည်း UN သို့ အကြောင်းကြားခိုင်းကာ လွှတ်ပေး၍ရကြောင်း၊ မည်သည့် အထောက်အထားမှမရှိပါက ပြစ်ဒဏ်ကျခံပြီး‌ နေရပ်ပြန်ပို့ခြင်းခံရကြောင်း သိရသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် အော်ပရာစီနှင့်ပတ်သက်၍ ထုတ်ပြန်ချက် အမျိုးမျိုး ထုတ်ပြန်ထားပြီး လက်ရှိတွင် စက်ရုံသူဋ္ဌေးများအား သတိပေးထားကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် တက္ကစီမောင်းသူများထဲတွင် အထောက်အထားမဲ့များ ဖြစ်ပါက ထိထိရောက်ရောက် ပြစ်ဒဏ်ပေး အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်ဟု မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီ ဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းများကို မလေးရှားက ဖမ်းဆီးနေစဉ်

၎င်းက “အခုလက်ရှိ အနေအထားအရ ကိုယ့်မြန်မာတွေကို သိုသိုသိပ်သိပ်နဲ့ ကိုယ့်အလုပ်လေးမှာလုပ် အိမ်လေး မှာပဲ နေစေချင်တယ်။ ဘာလို့ဆို မြန်မာတွေက အရမ်းကြီး ဟော့ဖြစ်နေတယ်။ အွန်လိုင်းသော်လည်းကောင်း၊ TikTok၊ ဖေ့စ်ဘွတ်ခ်၊ ဆိုရှယ်မီဒီယာတွေမှာ အရမ်းကြီး သူများတကာတွေ မျက်မုန်းကျိုးစရာတွေဖြစ်အောင် လုပ်နေတော့ ပိုပြီးတော့ ဆိုးဆိုးလာတယ် ထင်တယ်။ ကိုယ့်ဘာသာကိုယ်လုပ်၊ အဆင်ပြေရင်လည်း ပြေသလို၊ ကိုယ်အလုပ်အောင်မြင်ရင်လည်း အောင်မြင်သလို သိုသိုသိပ်သိပ် လေးနေစေချင်တယ်။ ဘာလို့ဆို သူတို့နိုင်ငံမှာ သိတဲ့အတိုင်းပဲ ဆိုရှယ်မီဒီယာမှာ တက်လာရင် သူတို့ကြည့်ရင် မနာလိုတွေဖြစ်ပြီးတော့ သူတို့ ဒီလိုမျိုး ကိုယ့်နိုင်ငံ သားတွေဘက်က နိုင်ငံခြားသားတွေကို သက်သက်ကို တိုက်ခိုက်နေတဲ့အဖွဲ့က ရှိကိုရှိတယ်” ဟု ပြောသည်။

ဆလန်ဂေါပြည်နယ်၌ ပြီးခဲ့သည့်ရက်ပိုင်းက လူ ၃ ဦးစီးလာသော ကားကို စစ်ဆေးရန် ရပ်ခိုင်းရာတွင် မရပ်ဘဲ ရဲများကိုသေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုလူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို သေဆုံးသူ ၂ ဦးမှာ UN ကဒ် ကိုင်ဆောင်ထားပြီး ကျန်တစ်ဦးမှာ အထောက်အထားမရှိကြောင်း၊ သေဆုံးသူ  ၃ ဦးလုံးမှာ မွတ်ဆလင်များ (ထုတ်ပြန်ချက်အရ ရိုဟင်ဂျာလူမျိုးများ) ဖြစ်ကြကြောင်း၊ ၎င်းတို့နှင့် ဆက်စပ်နိုင်ဖွယ် ရှိသူများကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နှစ်ကုန်ချိန် နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ရီကာလီဘရာစီပါမစ် လျှောက်ထားခွင့်ပြုထားသည့် ကာလမှာလည်း ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် အော်ပရာစီ အဖမ်းအဆီးမှာ ဆက်လက်၍ ပိုမိုများပြား လာမည်ဟု ခန့်မှန်းထားကြသည်။