CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂

လာမည့် နွေစပါးစိုက်ရာသီတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တောင်သူများကို ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီများက စက်သုံးဆီ ရောင်းချပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့နေသည့် ပို့ကုန်ကုမ္ပဏီများက ပို့ကုန်ရငွေများဖြင့် ပြည်တွင်းသို့ စက်သုံးဆီကို တဆင့် ပြန်လည်တင်သွင်းခွင့် ရရှိထားခြင်းကြောင့် စက်သုံးဆီများကို တောင်သူများအတွက် ပြန်လည်ရောင်းချပေးရန် စီစဉ်နေခြင်းဖြစ်သည်။

ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများမှ တင်သွင်းသည့် စက်သုံးဆီပမာဏနှင့် ကုမ္ပဏီများတစ်ခုနှင့် တစ်ခု မတူညီခြင်း ကြောင့် ပြန်လည်ဖြန့်ဖြူးရာတွင် ဒေသတစ်ခုနှင့်တစ်ခု ရရှိမှုသည်လည်း တူညီမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆန် exporter တွေက Export earnings တွေ ရှိတယ်။ အဲဒီ Export earnings တွေနဲ့ ဆီပြန်ဝယ်ခွင့် ပေးထားတယ်။ တဆင့်ပြန်ဝယ်ခွင့် ပေးထားတာပေါ့။ အဲဒီကနေ ဝယ်ပြီးတော့ လိုအပ်တဲ့ တောင်သူတွေကို ပြန် ဖြန့်ဖြူးပေးဖို့ပေါ့။ အဲဒီလိုတော့ စီစဉ်ထားတာ ရှိတယ်။ ရောင်းချတာတော့ ကုမ္ပဏီအလိုက်ဆိုတော့လေ ကုမ္ပဏီ တစ်ခု တစ်ခုချင်းကတော့ အစီအစဉ်တော့ မတူနိုင်ဘူးပေါ့။ ပြန်ဖြန့်တာတော့ exporter ကုမ္ပဏီတွေရဲ့ ကုမ္ပဏီ အလိုက် ပြန်ပြီးတော့ ဒေသလည်းကွဲတယ်၊ ကုမ္ပဏီလည်း ကွဲတော့လေ တစ်ခုနဲ့တစ်ခုကတော့ တူချင်မှ တူမယ်နဲ့ တူပါတယ်” ဟု ပြောသည်။

စက်သုံးဆီဆိုင်ကိုတွေ့ရစဉ်

တချို့သော တောင်သူများအနေဖြင့် ပြီးခဲ့သည့် မိုးရာသီကာလ နောက်ပိုင်းတွင် ကြိုတင်ဝယ်ယူ စုဆောင်းထားမှု များ ရှိသော်လည်း လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များ၌ တောင်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူရာတွင် ထောက်ခံစာပါရှိမှသာ ၅ ဂါလံမှ ၁၀ ဂါလံအထိသာ ရရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများ ပူးပေါင်း၍ နွေစပါးစိုက်တောင်သူများအတွက် တစ်ဧကလျှင် စက်သုံးဆီ ၄ ဂါလံနှုန်းဖြင့် ရောင်းချပေးရန် စီစဉ်နေမှုကြောင်း သိရသည်။

ထိုသို့ အမှန်တကယ် ရောင်းချပေးမည်ဆိုပါက တောင်သူများတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီ ဝယ်ယူရခက်ခဲ သည့် စိုးရိမ်မှုသည် ပပျောက်သွားမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်တော့ စက်သုံးဆီက နွေစပါးစိုက်တောင်သူတွေက တချို့က ပွင့်ပွင့်လင်းလင်း ပြောရရင် မိုးကုန်ခါနီးလောက်မှာ ဝယ်လို့ရတဲ့ ဆီကနေပြီးတော့ ပေပါအလိုက် ခန့်မှန်းပြီးတော့ အကြွေးခံလို့ရတဲ့သူက တိုက်ရိုက် ခံထားလိုက်တာ။ ၅ သိန်းဝန်းကျင်လောက်နဲ့ အကုန်လုံး အကြွေးခံထားလိုက်တာ။ ဒါပေမယ့် တချို့ အကြွေးခံမရတဲ့ တောင်သူတွေကျတော့ တစ်ခါတင်ခါနီး တစ်ခါဝယ်ပေါ့။ ပိုက်ဆံလေးရှာလိုက်၊ နည်းနည်းတင် လိုက်၊ အဲဒီလို လူတွေ ရှိတယ်။ အကယ်၍ သူတို့ ၄ ဂါလံနှုန်း ပေးလည်းပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝယ်စရာ မလိုတဲ့သူက ဝယ်မှာတောင် မဟုတ်ဘူး။ ဒါပေမယ့် အများစုဖြစ်တဲ့ မပြေလည်တဲ့ တောင်သူတွေအတွက် ဆီဝယ် မရဘူး၊ မရမှာစိုးလို့ စိတ်စွဲနေရတဲ့ သောကတော့ ပျောက်သွားတာပေါ့ တကယ်ရောင်းပေးမယ်ဆိုရင်” ဟု ပြော သည်။

 တောင်သူများကို တွေ့ရစဉ်

နွေစပါးစိုက်တောင်သူများအတွက် တစ်ဧကလျှင် စက်သုံးဆီ ၄ ဂါလံနှုန်းဖြင့် ရောင်းချပေးမည်ဆိုသော်လည်း လက်ရှိတွင် လယ် ၁၅ ဧကရှိသည့် တောင်သူတစ်ဦးအနေဖြင့် ၃ ဂါလံသာ ရရှိသည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၁၅ ဧကရှိတဲ့ လယ်သမားတစ်ဦးကို ၃ ဂါလံတဲ့၊ တစ်ပုံးကို ၃၆၀၀၀ တဲ့။ အခုတော့ လယ်ဦးပိုင်အမှတ်နဲ့ ဘာနဲ့ဆို ၁၅ ဧကကို ၃ ဂါလံဆိုတော့ လယ်သမားက တစ်ဧကတောင် မောင်းမရဘူး တင်မှာနဲ့ ပြုမှာနဲ့။ အဲဒါ ကတော့ အပေါ်က တစ်ဧကကို ၄ ဂါလံ ရောင်းပေးလို့ တဆင့်တဆင့်နဲ့ဆို လယ်သမားဆီရောက်တော့ တစ်ဦးမှ ၃ ဂါလံ ကျန်မှာပေါ့။ ၃ ဂါလံဆိုတော့ မယူတော့ဘူး အလုပ်ရှုပ်လို့ တစ်ဧကတောင် မောင်းမရဘူး။ အဲဒီလိုကတော့ ထုံးစံအတိုင်းပါပဲ။ အုပ်ချုပ်ရေးမှူးတွေ ရောင်းစားလို့ ပိုမှ ရတာပဲ။ ဆီရောင်းပြီ ရောင်းပြီဟေ့ဆိုရင် သူတို့ပိုမှ လယ်သမားရတာပါပဲ။ နောက်တစ်ချက်က သူတို့အုပ်ချုပ်ရေးမှူးတွေ လယ်သမားတွေကို ထုတ်ပေးတဲ့ဟာက ဂါလံက ၆ ပုလင်းမဟုတ်တော့ဘူး ၅ ပုလင်းဖြစ်ပြန်ရော ဒါက ထုံးစံချည်းပဲ” ဟု ပြောသည်။

စက်သုံးဆီ ဝယ်မရသည့် အကျပ်အတည်းကြောင့် နွေစပါးစိုက် တောင်သူများအနေဖြင့် ထွန်ယက်ခြင်း၊ မြစ်ရေ တင်ခြင်းနှင့် ရေပေးဝေခြင်းများ လုပ်ဆောင်ရန် အခက်အခဲ ဖြစ်သွားနိုင်ကြောင်း၊ ထို့ကြောင့် ယခုနှစ် နွေစပါး စိုက်ပျိုးမှုနှုန်းနှင့် အထွက်နှုန်း ကျဆင်းသွားနိုင်သည့်အတွက် စက်သုံးဆီ အကျပ်အတည်းကို အမြန်ဆုံး ဖြေရှင်း ပေးရန် တောင်သူများက မျှော်လင့်နေကြသည်။