CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇

တစ်ဖက်သတ် တောင်းဆိုမှုများ မလုပ်ဘဲ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက်ထားကာ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့(မတ်လ ၂၇ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ် ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တစ်ဖက်သတ် တောင်းဆိုမှုတွေမလုပ်ဘဲ ပြည်ထောင်စု စိတ်ဓာတ်တွေဖြစ်တဲ့ ပြည်ထောင်စုကြီး တစ်ခုလုံး တစ်မိသားစုတည်း၊ တစ်အိမ်တည်းလို့ ခိုင်မြဲခိုင်မာစွာ လက်ခံမှတ်ယူထားတဲ့ သဘောထား ခံယူချက်တွေကို  မွေးမြူကြပြီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ရည်မှန်းချက်ထားကာ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားကြဖို့လိုကြောင်း ပြောကြားလိုတယ်”ဟု ပြောသည်။

ထို့နောက် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမည့် အချက်များကို လက်မခံဘူးဟုလည်း ၎င်းက ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ တပ်မတော်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမယ့် အချက်တွေကို လက်မခံဘဲ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ပြီ။ ရည်ရှည်တည် တံ့ ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်း ရေး အတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို အလေးထား ဆောင်ရွက်သွား မှာ ဖြစ်ကြောင်းကိုလည်း ခိုင်ခိုင်မာမာ ပြောကြားလိုတယ်”ဟု ပြောသည်။

မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်အောင် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ မိမိတို့၏ အခွင့်အရေးအတွက် ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း၊ တစ်ဖက်သတ် တောင်းဆိုမှုများကို ပြု လုပ်နေခြင်းလည်း မရှိဘဲ ဘုံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တစ်ခုမှ ခေါင်းဆောင် တစ်ဦးက ပြောသည်။

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ် ရေးထိုးထား သည့် လက်နက်ကိုင်အဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များဖြင့်ပါ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အတတ်နိုင်ဆုံး NCA ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။