CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တောင်သူများအတွက် စက်သုံးဆီရရှိရန် လုပ်ဆောင်ပေးနေသည့် ပုံစံသည် အကျိုးသက်ရောက်မှု မရှိဘဲဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ထံကနေ သိရသည်။

ယခင်က တောင်သူများအတွက် စက်သုံးဆီကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ရောင်းချပေးမည်ဟု ဆိုသော်လည်း လက်ရှိတွင် တောင်သူများ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ ရရှိရေးအတွက် ထောက်ခံ စာသာ ထုတ်ပေးသည်ဟု   လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “သူတို့က ထောက်ခံစာပဲ ပေးတာလေ။ ဆီဆိုင်တွေက ဆီကုန်နေပြီဆို ဘယ်လိုမှ ထုတ်မရဘူးလေ။ ဆီဆိုင်မှာ ဒီထောက်ခံစာနဲ့ ဝယ်လို့ ရတာပဲ ရှိတာ။ ဆန်စပါး ထုတ်လုပ်သူများ အသင်းကနေပြီးတော့ ပိုက်ဆံ စိုက်ပြီး ဝယ်ပြီးတော့ ထုတ်ပေးတာမျိုး မဟုတ်ဘူး။ သူတို့က ထောက်ခံပေးတယ်ဆိုတဲ့ သဘောပဲ သက်ရောက် တယ်။ ခရိုင်တစ်ခုကို ၁ ဦး၊ ၂ ဦးလောက်ပဲ သူတို့က တာဝန်ပေးထားတာ။ အဲဒီလူရဲ့ လက်မှတ်ပဲ ရတာလေ။ ဒီဇယ် ရတာ မဟုတ်ဘူး။ အမှန်တကယ် လုပ်ရမှာက သူတို့ငွေနဲ့ သူတို့စိုက်ဝယ်ပြီးတော့ လာပြီးတော့ အဲဒီမှာ ရောင်းပေး မယ် တောင်သူတွေအတွက်။ ထောက်ခံစာနဲ့ လာခဲ့။ သူတို့အနေနဲ့က မြို့နယ်တိုင်းမှာ ဆန်စပါးအသင်းဆိုတာက မြို့နယ်တိုင်းမှာ ဆန်စက်အသင်းတွေ ရှိတယ်လေ။ အဲဒီကနေပြီးတော့ တောင်သူတွေကို ရောင်းပေးမယ်ဆိုရင် ဒီဇာတ်လမ်းက ဒါက အကျိုးပြုရာ ရောက်တာပေါ့” ဟု ပြောသည်။

စက်သုံးဆီထည့်နေကြစဉ်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မွန်ပြည်နယ်ရှိ တောင်သူများကို စက်သုံးဆီ ရောင်းချပေးနေမှုများ ရှိသော်လည်း ရောင်းချပေးသော နေရာသည် တောင်သူများရှိသည့်နေရာဖြင့် အလှမ်းဝေးနေခြင်းနှင့် လယ်သမားတစ်ဦးလျှင် ၅ ဂါလံမှ ၁၀ ဂါလံအထိသာ ရရှိသည်ဟု သိရသည်။

ထိုသို့ ရောင်းချချိန်တွင်လည်း တန်းစီစနစ်ဖြစ်သည့်အတွက် တချို့သော တောင်သူများမှ မိမိအလှည့် ရောက်ရှိ ချိန်တွင် စက်သုံးဆီ မရရှိသည်များလည်း ဖြစ်ပေါ်ခဲ့သလို စက်သုံးဆီ အခက်အခဲကြောင့် နွေစပါးစိုက် တောင်သူ များမှာ လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်။

လက်ရှိတွင် တောင်သူများအနေဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၌ အုပ်ချုပ်ရေးမှူးများထံမှ လယ်သမားဖြစ် ကြောင်း ထောက်ခံချက်ဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၌ စက်သုံးဆီကို ဝယ်ယူနေရသည်ဟု သိရသည်။

လယ်တစ်ဧကအတွက် စက်သုံးဆီ အသုံးပြုရသည့် နှုန်းထားသည် ၅ ဂါလံမှ ၇ ဂါလံအထိ ရှိခြင်းကြောင့် သက်ဆိုင် ရာ အသင်းအဖွဲ့များအနေဖြင့် လယ်သမားတစ်ဦးအတွက် လုံလောက်သော စက်သုံးဆီကို ရောင်းချပေး စေလို ကြောင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ စပါးစိုက်တောင်သူ ကိုလွင်အေးက CNI  သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ကုန်နေကြောင်း ကြေညာထားစဉ်

၎င်းက “လယ်တစ်ဧကဆိုရင် အနည်းဆုံး ၇ ဂါလံလောက် ကုန်တယ်။ ၁၀ ဧကဆိုတော့ ဂါလံ ၇၀ ပေါ့ ၁ ပေပါခွဲ လောက်တော့ ကုန်တယ်။ လယ်သမားစစ်မှန်ကြောင်း ထောက်ခံချက် ယူပြီးသွားလို့ရှိရင် လယ်တစ်ဧကကို ဘယ်နှဂါလံ ပေါ့၊ အနည်းဆုံး ၇ ဂါလံ ရောင်းချပေးမယ်ဆိုရင် အဲဒီလိုပေါ့နော် ထောက်ခံချက်နဲ့ သူတို့ သက်ဆိုင်ရာ အာဏာပိုင် တွေက ဆိုင်တွေကို လယ်သမားအတွက်ဆိုပြီးတော့ သီးသန့်ပေါ့၊ ဒါမှမဟုတ်ရင်လည်း ဘယ်နေ့ ဘယ်ရက်၊ ဘယ်အချိန် အဲဒီလို သီးခြားရောင်းချပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီ ပြတ်လပ်မှုကြောင့် တချို့သော တောင်သူများမှာ စက်သုံးဆီကို ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်း ၂ ဆခန့် မြင့်သည့် ဈေးနှုန်းဖြင့် အသုံးပြုခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် တောင်သူများကို ရောင်းချပေးနေသည့် စက်သုံးဆီ ပမာဏကို လယ်သမားမဟုတ်သော တချို့သော သူများက လယ်သမားထောက်ခံချက်ကို အသုံးချ၍ စက်သုံးဆီ ဝယ်ယူပြီး ပြင်ပပေါက်ဈေးဖြင့် ပြန်လည် ရောင်းချ နေမှုများလည်း ရှိနေသည်။