CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံသို့ ယခု ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား ၁ သန်းကျော်ခန့် ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၌ ပြည်ပခရီးသွား ၂ သိန်းကျော်ဝင်ရောက်ခဲ့သည့်အထဲတွင် Tourist Visa ဖြင့် ခရီးသွားမှာ ၁ သိန်း ကျော်သာ ရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “လတ်တလော အခြေအနေမှာတော့ ၁ သန်းတော့ ကျော်သွားပြီ။ ၁ သန်းတော့ ကျော်သွားပြီဆိုတော့ နည်းနေသေးတယ်လို့ ပြောလို့ရတာပေါ့။ နည်းနေသေးတယ်ဆိုတာက ၂၀၁၉ နဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး နည်းနေသေးတာပေါ့။ ၂၀၁၉ တုန်းက ၄ သန်းကျော် ဝင်တာကို။ ၄.၃၆ ဝင်ခဲ့တယ်။ အခုက ၁ သန်းကျော်ပဲ ရှိသေးတယ် ဆိုတော့ ၂၀၁၉ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းလောက်ပဲ ‌ရောက်သေးတယ်။ အခုကတော့ ထိုင်းက အများဆုံးပဲ လာနေတာ Tourist visa ထဲမှာတော့ ထိုင်းကအများဆုံးပဲ” ဟု ပြောသည်။

နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်

တရုတ်ခရီးသွားများသည် Business Visa ဖြင့် ဝင်‌ရောက်မှု အများဆုံးဖြစ်ပြီး Tourist visa ဖြင့် ဝင်ရောက်သည့် နှုန်းထားသည် ထိုင်းခရီးသွားများထက် နည်းနေသေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရ သည်။

ယခုနှစ် ပြည်ပခရီးသွား ၁ သန်းကျော် ဝင်ရောက်မှုသည် ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးတက် များပြားလာသော်လည်း ထိုကိန်းကဏန်းတွင် Tourist Visa ဖြင့် အမှန်တကယ် ခရီးသွားလာသည့် နှုန်းထားအား ထုတ်ပြန်ပေးပါက ခရီးသွားလုပ်ငန်းများအနေဖြင့်လည်း တွက်ချက်၍ ရမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နယ်မြေ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားများ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ကမ်းခြေဒေသ အချို့တို့တွင်သာ ဝင်ရောက်မှု နှုန်းထား များပြားနေမည်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ယခုနှစ်သည် ခါတိုင်းနှစ်များနှင့်မတူဘဲ စက်သုံးဆီပြဿနာများ၊ လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာ ခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်းများအတွက် အခက်အခဲ၊ အတားအဆီးမှာ ပို၍များလာကြောင်း ၎င်းက ပြော သည်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက “အခု ဒီနှစ်တွေမှာဆို domestic tour တွေ ပိတ်ရက် တွေမှာဆို ကောင်းကောင်းလေး ဖြုန်းနှုန်းသွားနိုင်ကြပေမယ့် ဆီကလည်း ဈေးကြီးတာလည်းပါတယ်၊ ရဖို့လည်း ခက်တယ်ပေါ့ အဲဒီစိန်ခေါ်မှုတွေက မနှစ်ကနဲ့မတူတဲ့ ထူးခြားတဲ့ အကြောင်းတရားလေးပေါ့။ 

 နိုင်ငံခြား ခရီးသွားများကို ကမ်းခြေမှာတွေ့ရစဉ်

အဲဒီဟာတွေကြောင့် ပြည်တွင်းခရီးသွားတွေလည်း စီးပွားရေးကလည်း ပိုပြီး အခြေအနေဆိုးလာတော့ ဖြုန်းအား နည်းလာတာပေါ့။ အဲဒါတွေက ပြည်တွင်းခရီးသွားတွေလည်း ထိခိုက်နိုင်သလို ဒါတွေကို အခြေပြုထားတဲ့ ဟိုတယ်တွေ၊ စားသောက် ဆိုင်တွေ အကုန်လုံးပေါ့၊ အထူးသဖြင့် Tour Operator တွေပေါ့။ 

သွားရင်တောင် အစုလိုက် ကိုယ့်ဘာသာ ကားငှားသွားတာတွေ များတယ်ပေါ့။ Package tour တွေနဲ့ သွားတာတွေကလည်း ရှိတော့ရှိပေမယ့် ခါတိုင်း လောက် မများတော့ဘူး။ Tour Operator တွေ ထိတာပေါ့နော်” ဟု ပြောသည်။

ပြည်တွင်း ခရီးသွားလာမှုနှုန်းထားသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခု ၂၀၂၃ ခုနှစ် ခရီးသွားလာမှု နှုန်းထားမှာ ပို၍များပြားကြောင်းသိရသည်။ 

ပျမ်းမျှအားဖြင့် ၂၀၁၉ ခုနှစ် ပြည်တွင်းခရီးသွားနှုန်းမှာ ၅ သန်းခန့် ရှိခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်တွင် ၈ သန်းခန့်ရှိနေ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကိန်းကဏန်းများအရ သိရသည်။

ထို့အပြင် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်အတွက် ကောင်းမွန်သည့် ရလဒ်ကို မျှော်လင့် ထားကြပြီး ခရီးသွားလုပ်ငန်းတိုးတက်ရန်မှာ နိုင်ငံရေးနှင့် နယ်မြေတည်ငြိမ်မှုရှိရန်သာ လိုအပ်ကြောင်း ထောက်ပြ ကြသည်။