CNI International News

တိုင်ပေ၊ ဒီဇင်ဘာ ၂၂

တရုတ်သည် ထိုင်ဝမ်တွင် လာမည့်လ၌ ကျင်းပမည့် ရွေးကောက်ပွဲများမတိုင်မီ မိမိတို့အပေါ် စီးပွားရေးအရ အကျပ်ကိုင်မှုများ ပြုလုပ်နေသည်ဟု ထိုင်ဝမ်က စွပ်စွဲပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် ကုန်သွယ်ရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟုဆိုကာ တရုတ်က ထိုင်ဝမ်ထံမှ ဝယ်ယူ တင်သွင်းသည့်် ဓာတုသွင်းကုန်အချို့အပေါ် ကောက်ခံသည့် အခွန်နှုန်းထားများအား လျှော့ချမှုကို အဆုံးသတ် ကြောင်း ကြေညာခဲ့ပြီးနောက် ထိုင်ဝမ်က တရုတ်ကို အထက်ပါအတိုင်း စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

တရုတ်က ၎င်း၏ နယ်နိမိတ်တစ်ခုဖြစ်သည်ဟု ကြေညာထားသည့် ထိုင်ဝမ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်၌ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားသည်။

တရုတ်သည် ထိုရွေးကောက်ပွဲများကို စစ်ရေးဖြင့်သော်လည်းကောင်း၊ နိုင်ငံရေးဖြင့်သော်လည်းကောင်း ဝင်ရောက် စွက်ဖက်ရန် ကြိုးပမ်းနေသည်ဟု ထိုင်ဝမ်အစိုးရနှင့် ထိုင်ဝမ်အာဏာရပါတီ DPP တို့က ပြောကြားခဲ့သည်။ 

ထိုင်ဝမ်ကုန်သွယ်ရေးကိုတွေ့ရစဉ်

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၁ ရက်မှစပြီး ထိုင်ဝမ်မှ တင်သွင်းသည့် ဓာတု ပစ္စည်း သွင်းကုန် ၁၂ မျိုးအပေါ် အခွန်လျှော့ချ ကောက်ခံမှုအား  ဆိုင်းငံ့မည်ဟု ဖော်ပြခဲ့သည်။ 

ထိုသို့ ပြုလုပ်ခြင်းဖြင့် ထိုင်ဝမ်သည် တရုတ်သွင်းကုန်များအပေါ် ချမှတ်ခဲ့သည့် တားမြစ်ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

တရုတ်ကမူ ထိုင်ဝမ်သည် ၂၀၁၀ ပြည့်နှစ် ကုန်သွယ်ရေး သဘောတူစာချုပ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းကမ်းများကို ချိုးဖောက်ပြီး ကုန်သွယ်ရေးဆိုင်ရာ တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ သည်။

Source: ရိုက်တာ