CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသည် ရပ်တည်ရန် ခက်ခဲနေသေးခြင်းကြောင့် ဟိုတယ်လုပ်ငန်းများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်မည် မဟုတ်သေးကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ ခရီးသွားဝင်ရောက်မှု နည်းပါးနေခြင်းနှင့် နိုင်ငံရေး အခြေအနေများ ကြောင့် ဟိုတယ်လုပ်ငန်းများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်နိုင်သေးခြင်း ဖြစ်သည်ဟု စီးပွားရေးလေ့လာ သုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေး အခင်းအကျင်းအရ လောလောဆယ် FDI လာဖို့က မလွယ်လှဘူး။ အထူးသဖြင့် tourism ကာလ မှာလည်း သူများနိုင်ငံတွေတောင်မှ ဘာမှ ပြဿနာတွေ မရှိတဲ့နိုင်ငံတောင်မှ ရုန်းကန်နေရတာ tourism ကိစ္စမှာ။ အင်ဒိုနီးရှားလိုဒေသ ဘာလီကျွန်းတောင်မှ နိုင်ငံခြားသားကို ပြန်ဝင်လာအောင် ကြိုးပမ်းနေတာ။ မြန်မာပြည်မှာ က ဘယ်လောက်ထိ အစိုးရက လုပ်ပေးနိုင်မှာလဲ။ ဒါက အများကြီး ပိုက်ဆံကုန်မှာလေ။ သူတို့ ဒီလောက်ထိ မသုံး နိုင်ဘူး။ မသုံးနိုင်တော့ ဧည့်သည် မလာနိုင်ဘူး။ FDI ကလည်း ဧည့်မလာနိုင်တော့ FDI က ရင်းနှီးမြှုပ်နှံမှု ဝင်လာဖို့ ကလည်း ဒီလိုနိုင်ငံရေး အခင်းအကျင်းနဲ့ မလွယ်လှဘူး” ဟု ပြောသည်။

ဟိုတယ်တစ်လုံးရှေ့မှာ လုံခြုံရေးတပ်ဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ်

နိုင်ငံခြားသား ခရီးသွားများကို အဓိကအားထားသည့် ဟိုတယ်များသည် လက်ရှိတွင် နိုင်ငံခြားသား ခရီးသွား ဝင် ရောက်မှု နည်းနေသည့်အတွက် ရပ်တည်ရန် အခက်အခဲများ ရှိနေကြောင်း၊ ရန်ကုန်နှင့် မန္တလေးရှိ ဟိုတယ်များ သည် ရောင်းချမှုများ မရှိသော်လည်း ပုဂံနှင့် အင်းလေးဒေသတို့တွင် ဟိုတယ်များကို ရောင်းချလာမှုများ ရှိနေ ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ထို့နောက် တချို့သော ဟိုတယ်လုပ်ငန်းများသည် ချေးငွေဖြင့် ရပ်တည်နေရသည့်အတွက် အတိုးနှုန်း မတတ်နိုင် တော့သည့် အခြေအနေများကြောင့်လည်း ရောင်းချမှုများ ပြုလုပ်ကြရခြင်း ဖြစ်သည်ဟု Myanmar Voyages International Tourism ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပုဂံမှာလည်း တချို့ရှိချင် ရှိမှာပေါ့။ အင်းလေးလည်း ရှိတယ်ပေါ့။ မန္တလေးတို့၊ ရန်ကုန်တို့ကတော့ အလုပ် ဖြစ်တဲ့ ဟိုတယ်တွေက ရှိနေတော့လည်း သိပ်တော့ မတွေ့မိဘူးပေါ့။ ဒါပေမယ့် တချို့လည်း မလုပ်နိုင်တော့တဲ့ အခြေအနေ ရှိတာပေါ့နော်။ အဲဒါမျိုးကျတော့ ရောင်းတာတွေ ရှိပါတယ်။ ဟိုတယ် တစ်ခုဆိုတာကလည်း ကိုယ် ပိုက်ဆံရှိလို့ ဆိုတာရှိသလို တချို့ကလည်း ပါတနာတွေနဲ့ လုပ်တာလည်း ရှိတယ်။ တချို့ကလည်း ဘဏ်ချေးငွေ တွေနဲ့ လုပ်တာရှိတယ်။ အဲဒီအခါကျတော့ ဝင်ငွေတွေက ထင်သလောက် မရှိတဲ့အခါကျတော့ ဘဏ်ချေးငွေတွေ ကို အတိုးတောင် မရတာ ရှိတာပေါ့နော်။ အဲဒီအခါကျတော့ ဘဏ်ကို လုပ်ကျွေးသလိုမျိုး ဖြစ်သွားတယ်။ သူတို့ အတွက်က ကြာရင် ပရုတ်လုံးလို ဖြစ်တော့မယ်။ အဲဒီအခါကျတော့ ရောင်းလိုက်တာက သူတို့ချေးထားတဲ့ ပိုက်ဆံ တွေကို ပြန်ဆပ်နိုင်တယ်၊ ကိုယ်လည်း ဝန်မပိတော့ဘူးပေါ့နော်။ တချို့ကျတော့လည်း ပါတနာနဲ့ လုပ်တဲ့ သူတွေ ကျတော့လည်း တချို့ပါတနာတွေက ပြန်ပြီးတော့ ရှယ်ယာ ခွဲချင်တာပေါ့နော်။ အဲဒီလိုမျိုး ကျတော့လည်း တတ် နိုင် တဲ့သူက အမ်းယူပေါ့၊ မတတ်နိုင်တဲ့သူက ရောင်းပြီးတော့လည်း ပြန်ခွဲကြပေါ့။ ဒီနိုင်ငံမှ ဖြစ်တာ မဟုတ်ပါဘူး။ တခြားနိုင်ငံမှာလည်း ဒီလိုတွေ ဖြစ်ကြတာပဲလေ။ စီးပွားရေး ကျဆင်းတဲ့ ကာလတွေမှာ ဒီလို လှုပ်ခတ်မှုတွေက ရှိစမြဲပါပဲ” ဟု ပြောသည်။

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန အနေဖြင့် ဟိုတယ်လုပ်ငန်းများ ရပ်တည်နိုင်ရန်အတွက် ပြီးခဲ့သည့် ကိုဗစ်ကာလ တွင် သက်သာသည့် အတိုးနှုန်းထားဖြင့် ချေးငွေများ ထုတ်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ဟိုတယ်များ အခက်အခဲ ရှိ နေသည့်အတွက် ယင်းချေးငွေများကို တောင်းခံမှုများ ပြုလုပ်ထားခြင်း မရှိသေးကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ပြည်ပခရီးသွား ဝင်ရောက်မှု နည်းပါးနေသေးသော်လည်း ပြည်တွင်း ခရီးသွားလာမှုသည် အထိုက် အလျောက် များလာနေကြောင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်ရန်အတွက် နယ်စပ်ဒေသများကို ပြန်လည် ဖွင့်လှစ် ထားပြီဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရန်အတွက် လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

ရေပေါ်နဲ့အတူ တွေ့ရသော ဟိုတယ်ကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ နံပါတ် ၁ ကတော့ ကိုဗစ် ဖြစ်ခဲ့တဲ့ အချိန်တုန်းက ဟိုတယ်တွေ ဆက်လက် ရပ်တည်နိုင်ဖို့ အတွက်ကို အတိုးနှုန်း သက်သာတဲ့ ၁ ကျပ် တိုးနှုန်းနဲ့ ချေးပေးခဲ့တာ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ ပြန်လည် ပေးဆပ်ဖို့ဆိုတာထပ် အတိုးနှုန်းလေးတွေပဲ ပေးသွင်းပြီးတော့မှ ဒီချေးငွေတွေကိုလည်း ကျနော်တို့ ဆက်လက်ပြီးတော့မှ ပြန်လည် တောင်းခံတာတွေလည်း ကျနော်တို့ မရှိသေးပါဘူး။ နောက်တစ်ပိုင်းကကျတော့ ပြည်တွင်းခရီးသွား ပြန်လည်မြင့်တက်လာအောင် ပြည်နဲ့တိုင်းအလိုက် သက်ဆိုင်ရာ ဒေသတွေအလိုက် ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့အတွက် ပြည်တွင်းခရီးသွားတွေလည်း ပြီးခဲ့တဲ့နှစ်မှာ ၂၀၂၂ ခုနှစ်မှာ မြင့်တက်လာခဲ့တာ ရှိပါတယ်။ ပြည်ပခရီးသွား နည်းနေသေးသော်လည်းပဲ ပြည်တွင်းခရီးသွားဟာ တော် တော်လေးကို တိုးတက်လာတဲ့ အနေအထား ရှိတဲ့အတွက် ဟိုတယ်တွေအတွက် အသက်ရှု ချောင်ခဲ့တယ်လို့ ပြော လို့ရပါတယ်”ဟု ပြောသည်။

ထို့နောက် ပြည်ပက လာလည်မည့် ခရီးသွားများအတွက် နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလားတူပဲ ပြည်ပခရီးသွား ပြည်ပကနေ လာလည်မယ့် ခရီးသွားအတွက်ကိုလည်း အခုဆိုရင် ကျနော်တို့ နယ်စပ်ဒေသတွေ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်တဲ့အတွက် နယ်စပ်ဒေသကနေ ပြန်လည်ဝင်ရောက်လာတဲ့ ခရီးသွား ဧည့်သည်တွေ ရှိလာပါပြီ။ ဒါကြောင့်မို့လို့ ဟိုတယ်တွေ တချို့အပိုင်းတွေမှာတော့ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုမှာ ယခင်လောက် ကိုဗစ်မဖြစ်ခင်က အခြေအနေမျိုးကိုတော့ ပြန်လည်ရောက်ရှိခြင်း မရှိသေးတဲ့အတွက် ဆက်လက် ရပ်တည်ဖို့ အခက်အခဲရှိတဲ့ ဟိုတယ်တွေလည်း ရှိနိုင်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အပိုင်းတွေ အနေနဲ့ တော့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်တွေ၊ ဟိုတယ်တွေ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် ခရီးသွား မြှင့် တင်ရေး ကိစ္စတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားများကို အဓိက အားထားသည့် ဟိုတယ်များမှာ ရပ်နားထားရမှုများ ရှိကြောင်း၊ တခြားသော လုပ်ငန်းရှင်များသို့ ပြန်လည် ရောင်းချနေမှုများလည်း ရှိကြောင်း၊ ပြည်တွင်း ခရီးသွားများ ကို အဓိကထားသည့် ဟိုတယ်များကတော့ ရပ်နားထားမှုများ မရှိသေးကြောင်း၊ သို့သော်လည်း အကြောင်း အမျိုး မျိုးကြောင့် ရောင်းချနေမှုများရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

ဟိုတယ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှုသည် လက်ရှိ မြန်မာနိုင်ငံ၏ နယ်မြေတည်ငြိမ်ရေးနှင့် နိုင်ငံရေး အခြေအနေပေါ် မူတည်နေသည်ဟု လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။