- By CNI
- Category: အားကစား
- Hits: 185
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
ရီးရယ်လ်အသင်းရဲ့ ဥက္ကဋ္ဌလောင်း တစ်ဦးဖြစ်တဲ့ ရီကွယ်လ်မီက သူသာ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရရင် မန်စီးတီးအသင်းက တိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်လူ ရိုဒရီတို့ကို ခေါ်ယူမယ်လို့ ကတိပြုခဲ့ပါတယ်။
ရီကွယ်လ်မီဟာ TV အစီအစဉ်တစ်ခုမှာ ဟာလန်းရဲ့ နာမည်ပါဝင်တဲ့ ရီးရယ်လ်အသင်းဂျာစီကို ကိုင်ပြီး ပြသသွားခဲ့တာပါ။
ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ ၂၀၃၄ ခုနှစ်အထိ စာချုပ်ရှိနေသလို သူ့ရဲ့ ဖခင်နဲ့အေးဂျင့်တို့က ရီကွယ်လ်မီနဲ့ ဘာသဘောတူညီမှုမှ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရီကွယ်လ်မီက မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ရိုဒရီဟာ ရီးရယ်လ်အသင်းမှာ ကစားသင့်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြောခဲ့ပါတယ်။
ဒါ့အပြင် ရီကွယ်လ်မီက ရီးရယ်လ်အသင်းရဲ့ဂန္ထဝင်တွေဖြစ်တဲ့ ရာအူးလ်ကို အားကစားဒါရိုက်တာနဲ့ ဟီရာရိုကို အကယ်ဒမီ အကြီးအကဲအဖြစ် တာဝန်ပေးသွားမယ်လို့ ကြေညာထားတာပါ။

မော်ရင်ဟိုကို တွေ့ရစဉ်
အသက် ၇၉ နှစ်အရွယ်ရှိ ပီရက်ဇ်ကတော့ ရီးရယ်လ်အသင်းဥက္ကဋ္ဌအဖြစ် ပြန်ပြီးရွေးကောက်ခံရရင် ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ နည်းပြသစ် ဖြစ်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ပီရက်ဇ်က လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ပြင်သစ်နောက်ခံလူ ကိုနာတေးကိုလည်း အသင်း အတွက် ခေါ်ယူမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ၂ ရာသီဆက်တိုက် အဓိကဆုဖလားတွေ မရရှိခဲ့ပြီးနောက် ဥက္ကဋ္ဌရွေးကောက်ပွဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် ရီးရယ်လ်အသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဇွန်လ ၇ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 188
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ခြေသလုံးဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူးနေမာ ပွဲတွေမှာ ပါဝင်နိုင်ဖို့ အလျင်စလိုလုပ်မှာမဟုတ်ဘူးလို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံထံ ရောက်ရှိချိန်မှာ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “သူ့ရဲ့အခြေအနေတိုးတက်မှုရှိလာသလို သူကောင်းမွန်စွာလုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဘာကိုမှ အလျင်စလိုလုပ်သွားမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အန်ဆယ်လော့တီဟာ ဒီမတိုင်မီက နေမာဟာ ဘရာဇီးလ်အသင်းရဲ့အုပ်စုအဖွင့်ပွဲ ဒါမှမဟုတ် ဒုတိယပွဲမှာ ပါဝင်ဖို့ကြံ့ခိုင်မှုပြည့်ဝနေလိမ့်မယ်လို့ ပြောထားပါတယ်။

နည်းပြအန်ဆယ်လော့တီကို တွေ့ရစဉ်
ပြီးခဲ့အပတ်က ဘရာဇီးလ်အသင်းဆရာဝန်ရိုဒရီဂိုလက်စ်မာက နေမာဟာ ခြေသလုံးဒဏ်ရာကြောင့် ၃ ပတ်ကြာအထိ အနားယူရမယ်လို့ ပြောခဲ့တာပါ။
နေမာဟာ ဒဏ်ရာတွေကြောင့် ဘရာဇီးလ်အသင်းနဲ့ ၃ နှစ်နီးပါးကြာဝေးကွာနေပေမယ့် နည်းပြအန်ဆယ်လော့တီ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲကစားထားပြီး ၇၉ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ နေမာဟာ သူ့ရဲ့ ၄ ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တိုက်စစ်မှူးနေမာကို တွေ့ရစဉ်
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကစားခဲ့တဲ့ ပထမခြေစမ်းပွဲမှာ ပနားမားအသင်းကို ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲအဖြစ် ဇွန်လ ၆ ရက်မှာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်မှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ဘရာဇီးလ်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၃ ရက်မှာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 200
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
မန်စီးတီးနဲ့ ဘာစီလိုနာအသင်းကစားသမားဟောင်း ယာယာတိုရေးဟာ သူ့ရဲ့ပထမဆုံးနည်းပြချုပ်ရာထူးကို ရရှိဖို့ နီးစပ်နေတယ်လို့ စပိန်သတင်းစာမာကာက ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်ရှိ ယာယာတိုရေးဟာ ဒီအချိန်ကနေ စပြီး လက်ထောက်နည်းပြနဲ့ အကယ်ဒမီနည်းပြအဖြစ်ဆောင်ရွက်ခဲ့တာပါ။
ယာယာတိုရေးဟာ စပါးအသင်းအကယ်ဒမီမှာ နည်းပြအဖြစ် မဆောင်ရွက်မီ ယူကရိန်းနဲ့ ရုရှားကလပ်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ ယာယာတိုရေးဟာ ဘယ်လ်ဂျီယံကလပ်နဲ့ ဆော်ဒီလက်ရွေးစင်အသင်းတွေမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။
အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက် ၁၀၁ ပွဲကစားထားတဲ့ ယာယာတိုရေးဟာ လက်ထောက်နည်းပြ ဘဝကနေ ဆလိုဗားကီးယားနိုင်ငံမှာ သူ့ရဲ့ပထမဆုံးနည်းပြချုပ်ရာထူးကို ရရှိတော့မယ်လို့ သိရပါတယ်။

ယာယာတိုရေးကို တွေ့ရစဉ်
ယာယာတိုရေးဟာ ၅ နှစ်ကြာကိုင်တွယ်ပြီးနောက် ထွက်ခွာခဲ့တဲ့ ဗလာဒီမာဝီစ်ရဲ့နေရာမှာ ဆလိုဗန်ဘရာတီဆလာဗာအသင်းကို ကိုင်တွယ်ဖို့ နီးစပ်နေတာပါ။
ဆလိုဗန်အသင်းဟာ ဆလိုဗားကီးယားနိုင်ငံမှာ ကြာရှည်စွာလွှမ်းမိုးထားနိုင်တဲ့ အသင်းဖြစ်ပေမယ့် ဥရောပပြိုင်ပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာဆိုရင် ဆလိုဗန်အသင်းဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲနဲ့ယူရိုပါလိဂ်ပလေးအော့ဖ်မှာ အရေးနိမ့်ခဲ့တာကြောင့် ကွန်းဖရန့်လိဂ်ကစားခဲ့ရတာပါ။
ဆလိုဗန်အသင်းဟာ ကွန်းဖရန့်လိဂ်မှာရှိတဲ့ အသင်း ၃၆ သင်းထဲမှာ အဆင့် ၂၉ နေရာရပ်တည်ခဲ့ပါတယ်။ ဆလိုဗန်အသင်းဟာ ပြီးခဲ့တဲ့ရာသီလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့လို့ လာမယ့်ရာသီချန်ပီယံလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲကစားရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 211
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
ယူနိုက်တက်အသင်းဟာ စီးရီးအေကလပ်အတ္တလန်တာအသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူ အီဒါဆန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။
အီဒါဆန်ဟာ ယူနိုက်တက်အသင်းနဲ့ ၄ နှစ်စာချုပ်ချုပ်မှာ ဖြစ်ပြီး နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်မှာပါ။
ယူနိုက်တက်အသင်းဟာ ရာသီကြိုလေ့ကျင့်မှုတွေပြန်မစတင်မီ ဇူလိုင်လအစောပိုင်းမှာ အီဒါဆန်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်မှာ ဖြစ်ပါတယ်။
အီဒါဆန်ဟာ နည်းပြမိုက်ကယ်ကာရစ်လက်ထက်မှာ ယူနိုက်တက်အသင်း ပထမဆုံးခေါ်ယူတဲ့ ကစားသမား ဖြစ်လာပြီး အသင်းဟာ ဒီအပြောင်းအရွှေ့အတွက် ပေါင် ၃.၉ သန်းထပ်ပြီးပေးချေရမှာပါ။
ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုထွက်ခွာခဲ့တာကြောင့် ကွင်းလယ်နေရာမှာ ကစားသမား ၃ ဦးအားဖြည့် ဖို့ရှိနေပြီး အီဒါဆန်ဟာ ပထဆုံးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းအတွက် ၃ ပွဲပါဝင်ကစားထားတဲ့ အသက် ၂၆ နှစ်အရွယ်ရှိအီဒါဆန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာတော့ ချန်လှပ်ခြင်းခံခဲ့ရတာပါ။

အီဒါဆန်ကိုတွေ့ရစဉ်
အီဒါဆန်ဟာ ကွင်းလယ်နေရာစုံမှာ အံ့ဝင်နိုင်အောင်ကစားပြီး အတ္တလန်တာအသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင် ကစားထားတာမှာ ၁၆ ဂိုးသွင်းယူပြီး ၂၀၂၃-၂၄ ရာသီက ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ မာတီးယက်စ် ဖာနန်ဒက်စ်ကိုလည်း ပစ်မှတ်ထားနေပြီး နော်တင်ဟမ်ဖောရက်စ် အသင်းကွင်းလယ်လူ အန်ဒါဆန်ကတော့ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်နေတာပါ။
ယူနိုက်တက်အသင်းရဲ့နွေရာသီမှာ ခေါ်ယူမယ့်စာရင်းထဲမှာ နယူးကာဆယ်အသင်းနောက်ခံလူ လူးဝစ်ဟောလ် လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ လူစာရင်းအင်အား ပိုပြီး တောင့်တင်းအောင် အားဖြည့်မှုတွေပြုလုပ်ဖို့ ဈေးကွက်ထဲမှာ ရှာဖွေနေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 168
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
လီဗာပူးလ်အသင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ရဲ့ နေရာမှာ ဘုန်းမောက်အသင်းကနေ ထွက်ခွာခဲ့တဲ့ စပိန်လူမျိုးနည်းပြ အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အီရာအိုလာဟာ ဘုန်းမောက်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ လီဗာပူးလ်အသင်း အားကစားဒါရိုက်တာ ရစ်ချတ်ဟုချ်စ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် လာမယ့်ရက်ပိုင်းအတွင်း လီဗာပူးလ် အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံရမှာပါ။
လီဗာပူးလ်အသင်းဟာ နည်းပြအာနီဆလော့ကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေချိန်မှာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်ပြီး ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင် ခွင့်ရအောင် ကိုင်တွယ်ပေးခဲ့တဲ့ အီရာအိုလာကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အီရာအိုလာဟာ လီဗာပူးလ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။

အီရာအိုလာနဲ့ နည်းပြအဖွဲ့ကို တွေ့ရစဉ်
အီရာအိုလာဟာ သူ့ရဲ့နည်းပြဘဝ တစ်လျှောက် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ နှစ်ရှည် စာချုပ်တွေ ချုပ်ဆိုလေ့ မရှိဘူးလို့ သိရပါတယ်။
စပိန်လူမျိုးနည်းပြဟာ ဘုန်းမောက်အသင်းမှာ သူ့ရဲ့ လက်ထောက် နည်းပြတွေဖြစ်တဲ့ အယ်လ်ဖစ်နဲ့ ရှောင်ကူးပါး တို့ကို လီဗာပူးလ်အသင်းထံ ခေါ်ယူချင်နေပြီး အယ်လ်ဖစ်ဟာ လီဗာပူးလ်အသင်းရဲ့ အမာခံပရိသတ် တစ်ဦး ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်က အီရာအိုလာရဲ့ ကစားပုံစတိုင်ဟာ လီဗာပူးလ်အသင်းနဲ့ ကိုက်ညီ လိမ့်မယ်လို့ထင်ကြောင်း TNT Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ငွေကြေး အများအပြား သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပေမယ့် ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ဇူလိုင်လမှာ ရာသီကြို လေ့ကျင့်မှုတွေ ပြန်လည် စတင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲတွေကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 205
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံနေရတဲ့ မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒီရီက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။
ရိုဒရီက “ကျနော်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်းပြောဖို့ ဒီနေရာမှာရှိနေတာပါ။ ဆူညံသံတွေကို နားလည် ပေမယ့် ဒီအတွက် ကျနော်အချိန်မဖြုန်းချင်ပါဘူး။ ကျနော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းသွားမှာပါ” လို့ ပြောခဲ့တာပါ။
ရိုဒရီနဲ့ မန်စီးတီးအသင်းစာချုပ်ဟာ ၂၀၂၇ ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး ပီရက်ဇ်နဲ့အတူ ရီးရယ်လ် အသင်း ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရီကွယ်လ်မီက ရိုဒရီကို ခေါ်ယူဖို့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပါတယ်။
စပိန်အသင်းနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ရိုဒရီဟာ သတင်း ထောက်တွေနဲ့တွေ့ဆုံချိန်မှာ သူ့ရဲ့အနာဂတ်အစီအစဉ်ကို ပြောခဲ့ခြင်းမရှိတာပါ။

ရီးရယ်လ်အသင်းဟာ ၂ ရာသီဆက်တိုက် အဓိကဆုဖလား မရရှိခဲ့ပြီးနောက် အသင်းရဲ့လူစာရင်းကို အားကောင်း အောင် ကစားသမားသစ်တွေ ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်း ဥက္ကဋ္ဌလောင်း ရီကွယ်လ်မီဟာ ပြီးခဲ့တဲ့အပတ်က ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရိုဒရီက ရီးရယ်လ်အသင်းမှာ ကစားရမယ့် ကစားသမား မျိုးလို့ ပြောခဲ့ပါတယ်။
ရိုဒရီကလည်း သူဟာ အက်သလက်တီကိုအသင်းမှာ ကစားခဲ့ပေမယ့် မြို့ခံပြိုင်ဘက် ရီးရယ်လ်အသင်းမှာ ကစား နိုင်ကြောင်း အရိပ်အမြွက် ပြောထားဖူးပါတယ်။
ရိုဒရီဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ဒူးအရွတ်ပြတ်ရှ ဒဏ်ရာ ရပြီးကတည်းက ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၃၃ ပွဲကစားခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 186
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
တူရကီကလပ် ဖီနာဘာချီအသင်းရဲ့ဥက္ကဋ္ဌလောင်း ၂ ဦးစလုံးဟာ မာဆေးလ်အသင်းတိုက်စစ်မှူးဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အပြောင်းအရွှေ့ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့လတွေအတွင်း မာဆေးလ်အသင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
မာဆေးလ် အသင်းနဲ့ ၃ နှစ်စာချုပ်ကျန်ရှိနေတဲ့ ဂရင်းဝုဒ်အတွက် ကလပ်အသင်းဟာာ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ဆန္ဒရှိတယ်လို့ အားကစားဒါရိုက်တာသစ် လိုရန်ဇီက ပြီးခဲ့တဲ့အပတ်မှာ ပြောထားပါတယ်။
ဖီနာဘာချီအသင်းဥက္ကဋ္ဌဟောင်း ယီလ်ဒီရင်မ်ဟာ အသင်းရဲ့ ဥက္ကဋ္ဌရာထူးအတွက် ဟာကန်ဆာဖီနဲ့ ယှဉ်ပြိုင်နေပြီး ၂ ဦးစလုံးက ဂရင်းဝုဒ်ကို အသင်းထံ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂရင်းဝုဒ်ဟာ မုဒိမ်းမှုအပါအဝင် စွဲချက် အများအပြားကနေ လွတ်မြောက်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းနဲ့အဝေးမှာ သူ့ရဲ့ကစားသမားဘဝကို ပြန်ပြီး တည်ဆောက်နေတာပါ။

ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းထံ မပြောင်းရွှေ့မီမှာ ဂီတာဖေးအသင်းထံ တစ်ရာသီကြာ အငှားကစားခဲ့သေးတာ ဖြစ်ပါတယ်။
မာဆေးလ်အသင်းအတွက် ၈၁ ပွဲကစားထားပြီး ၄၈ ဂိုးသွင်းယူထားတဲ့ ဂရင်းဝုဒ်ဟာ ဒီရာသီ လိဂ် ပြိုင်ပွဲမှာ ၁၆ ဂိုးနဲ့ ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ၅ ရာသီဆက်တိုက် ဒုတိယရခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဒုတိယအဆင့်ခြေစစ်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို မာဆေးလ်အသင်းရောင်းချခဲ့ရင် ရရှိလာမယ့်ပြောင်းရွှေ့ကြေးထဲက တချို့ကို ရရှိမှာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ရိုးမားအသင်းအပြင် စီးရီးအေကလပ်တချို့ကလည်း ချိတ်ဆက်မှုတွေရှိနေတာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 195
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
အာဆင်နယ်အသင်း နောက်ခံလူ ဆာလီဘာဟာ နောက်ကျောဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ESPN က ဖော်ပြထားပါတယ်။
ဆာလီဘာဟာ သူ့ရဲ့ဒဏ်ရာ ပြင်းထန်မှု အခြေအနေကို သိရှိနိုင်ဖို့ စကန်ဖတ် စစ်ဆေးမှုတွေ ခံယူခဲ့ရပြီး အနား ယူဖို့နဲ့ ကုသမှုခံယူဖို့ အချိန်အကြာကြီးယူရရင် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မှာကို စိုးရိမ်နေပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် ဒီပြိုင်ပွဲကို လွဲချော်မယ်ဆိုရင် ဆာလီဘာအတွက် အကြီးအကျယ် စိတ်ပျက်စရာဖြစ်လာမှာပါ။
ပြင်သစ်အသင်းနဲ့ နည်းပြ ဒက်ချမ့်စ်တို့အတွက်လည်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးကို ဆုံးရှုံး ရမယ်ဆိုရင် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ဖို့ ရှိနေပါတယ်။

ဆာလီဘာကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ ဆာလီဘာဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၅၂ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်တာနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိခဲ့တာမှာ အဓိက အခန်းကဏ္ဍအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ဆာလီဘာဟာ ပြင်သစ်အသင်းအတွက် ၃၁ ပွဲ ပါဝင်ကစားထားတာပါ။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့အုပ်စု I မှာ ဆီနီဂေါ၊ အီရတ်၊ နော်ဝေအသင်းတို့နဲ့ ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် ဇွန်လ ၁၆ ရက်မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နိုင်ငံအတွင်းမှာ အိုင်ဗရီကို့စ်၊ မြောက်အိုင်ယာလန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 201
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
နည်းပြ တူချယ်လ် ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် အမေရိကန် နိုင်ငံထံ ရောက်ရှိလာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဖလော်ရီဒါမှာ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ဇွန်လ ၆ ရက်မှာ နယူးဇီလန်၊ ၁၀ ရက်မှာ ကော်စတာရီကာအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာပါ။
ဘာစီလိုနာအသင်းမှာ အငှားကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ မိုင်ယာမီကို ကြိုတင်ရောက်ရှိနေပြီး အင်တာမိုင်ယာမီ အသင်းမှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ Palm Beach Gardens မှာ လေ့ကျင့်ခန်း အစီအစဉ်ပြုလုပ်ပြီးရင် ကစားသမားတွေဟာ မီဒီယာသမားတွေနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတစ်လျှောက်လုံးမှာ သူတို့ရဲ့အခြေစိုက်ရမယ့် နေရာအဖြစ် Kansas City ကို ရွေးချယ်ခဲ့ ပြီး အဲ့ဒီကနေ ပွဲတွေကို လေယာဉ်နဲ့ သွားရောက် ယှဉ်ပြိုင်မှာပါ။
အင်္ဂလန်အသင်းဟာ သူတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ လုံခြုံမှုရှိဖို့အတွက် အကာအရံတွေတပ်ဖို့ စီစဉ်ထား တယ်လို့လည်း သိရပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိန်ခေါ်မှုတွေ အများကြီးရှိပြီး အပူချိန်ကလည်း တစ်ခု အပါအဝင် ဖြစ်ပေမယ့် ဒီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ ပြောထားပါတယ်။
နည်းပြတူချယ်လ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အမေရိကန်နိုင်ငံမှာ ရင်ဆိုင်ရမယ့် အခြေအနေတွေအတွက် အနည်းဆုံး လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု L မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နဲ့ ကျရောက်နေပြီး ဇွန်လ ၁၇ ရက်မှာ အဖွင့်ပွဲအဖြစ် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 211
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
စပိန်ကြယ်ပွင့်ယာမဲလ်ဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မှာကို စိုးရိမ်တာကြောင့် အချိန်မီ ပြန်ကောင်းလာဖို့ ဆုတောင်းခဲ့ကြောင်း ပြောခဲ့ပါတယ်။
ယာမဲလ်က “ကျနော်ဟာ ဒီလို တံကောက်ကြောဒဏ်ရာမျိုး မရခဲ့ဖူးပေမယ့် ဒီဒဏ်ရာက အချိန်တိုအတွင်း ပျောက် ကင်းမှာ မဟုတ်ဘူးဆိုတာ သိနေခဲ့ပါတယ်။ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မှာကို ကျနော် စိုးရိမ်ခဲ့ပါ တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲက နီးကပ်လာပြီဖြစ်လို့ ကျနော် ဆုတောင်းခဲ့ရတယ်”လို့ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယာမဲလ်ဟာ ဧပြီလ ၂၂ ရက်မှာ ကစားခဲ့တဲ့ ဆဲလ်တာဗီဂိုအသင်းနဲ့ လာလီဂါပွဲမှာ ဘာစီလိုနာအသင်းအတွက် ပယ်နယ်တီ ကန်သွင်းမှု ပြုလုပ်ချိန် ဘယ်ဘက် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီဒဏ်ရာရရှိပြီးနောက် အနားယူနေခဲ့ရတဲ့ ယာမဲလ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ကြံ့ခိုင်မှုပြည့်ဝနိုင်ဖို့ မျှော်လင့် နေတာပါ။

ယာမဲလ်ကို တွေ့ရစဉ်
စပိန်အသင်းနည်းပြ ဒယ်လာဖူအန်တေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းမှာ ယာမဲလ်ကို ထည့်သွင်းပြီး နောက် ဘာစီလိုနာကြယ်ပွင့်ဟာ အသင်းရဲ့ပထမပွဲ ဒါမှမဟုတ် ဒုတိယပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်မှုတွေကို စတင်ခဲ့ပြီဖြစ်ပြီး တနင်္ဂနွေနေ့က အသင်း ရဲ့ ပထမဆုံး လေ့ကျင့်မှု အစီအစဉ်ကို ပရိသတ် ၂,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပါတယ်။
စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု H မှာ ကိပ်ဗာဒီ၊ ဆော်ဒီ၊ ဥရုဂွေးအသင်းတို့နဲ့ ကျရောက်နေပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ အီရတ်၊ ပီရူးအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
