![](/images/vfsbsvfsbrfgv.jpg#joomlaImage://local-images/vfsbsvfsbrfgv.jpg)
- By CNI
- Category: ဆောင်းပါး
- Hits: 2352
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇
ယူရို ၂၀၂၄ ပြိုင်ပွဲ၊ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အချိန်ကို ရောက်ရှိနေချိန်မှာ ကလပ် အသင်းတွေကလည်း ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။
ကလပ်အသင်းတွေဟာ ရာသီသစ် မတိုင်ခင် ကစားသမားအသစ်တွေ ဝယ်ယူဖို့ ပြင်ဆင်နေကြသလို အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့လည်း စီစဉ်လာခဲ့ပါတယ်။
ရာသီသစ်မတိုင်ခင် အပြောင်းအရွှေ့တွေ လုပ်ဆောင်တိုင်း ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်လေ့ရှိ တဲ့ ယူနိုက်တက်အသင်းဟာ အခုအချိန်မှာလည်း ကစားသမားအချို့နဲ့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ ရခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့တွေ စတင်မလုပ်ဆောင်ခင် အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းကို စပြီးပြင်ဆင်ခဲ့တာပါ။
ယူနိုက်တက် နည်းပြနဲ့ ကစားသမားတွေကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ အသင်းအတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှု အပိုင်းတွေအတွက် အမှုဆောင်အရာရှိချုပ်အဖြစ် မန်စီးတီးအသင်းက ဘာရာဒါ၊ အားကစားဒါရိုက်တာ အဖြစ် နယူးကာဆယ်အသင်းက ဒန်အက်ရှ်ဝေ့ါနဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောက်သမ်တန်အသင်းက ဝီလ်ကော့စ်တို့ အပါအဝင် အခြားရာထူးတွေ အတွက်လည်း ခန့်အပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ နည်းပြ အဲရစ်တန် ဟတ်ကိုလည်း ၂၀၂၆ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမယ့် စာချုပ်သက်တမ်း တိုးသွားခဲ့တာပါ။
INEOS ဟာ အသင်းအတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို အားဖြည့်ခဲ့သလို အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ ငြိနိုင်တဲ့ အချက်တွေလည်း ရှိတဲ့အတွက် ပြီးခဲ့တဲ့ ရာသီကလို ကစားသမား အများအပြားကို ပြောင်းရွှေ့ကြေး အများအပြားနဲ့ ခေါ်ယူနိုင်ဖို့တော့ မရှိပါဘူး။
ဒါပေမယ့် အသင်းအောင်မြင်မှု ရဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင် ဖို့ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကိုလည်း ရောင်းချရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဒန်အက်ရှ်ဝေါ့ဟာ အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို ရောင်းချပြီး အသင်းအတွက်လိုအပ်တဲ့ ပြောင်းရွှေ့ကြေး အသုံးစရိတ် ထုတ်ပေးနိုင်ဖို့ ရည်မှန်းထားတာပါ။
ဒန်အက်ရှ်ဝေါ့ ရောင်းချဖို့ စာရင်းပြုစုထားတဲ့ ကစားသမား ၇ ဦးကို ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
သူတို့တွေကတော့ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆန်ချို၊ ဂီတာဖေးအသင်း မှာ အငှားကစားခဲ့တဲ့ ဂရင်းဝုဒ်၊ အန်တိုနီ၊ လင်ဒီလောဖ့်၊ ကတ်စမဲရိုး၊ အဲရစ်ဆင်နဲ့ မက်ဂွဲယားတို့ ဖြစ်ပါတယ်။
ယူနိုက်တက် ရောင်းချမယ့် ကစားသမားစာရင်းကိုတွေ့ရစဉ်
ဒန်အက်ရှ်ဝေါ့ဟာ ဒီကစားသမားတွေကို ရောင်းချမှုကနေ ပေါင်သန်း ၂၀၀ အထိ ရရှိနိုင်မယ်လို့ မျှော်လင့်ထားပြီး ဒီပမာဏသာရခဲ့ရင် ယူနိုက်တက်အသင်းရဲ့ ကစားသမား ဝယ်ယူမှုအပိုင်းမှာ အများကြီး သက်ရောက်မှုတွေ ရှိနိုင် တာပါ။
ဒါအပြင် နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေရှိခဲ့တဲ့ အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ကိုလည်း ရောင်းချဖို့ လမ်းဖွင့်ထားပြီး ပေါင်သန်း ၆၀ လောက်ရရှိရင် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် အဓိကဖြည့်တင်းမှုတွေအဖြစ် ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ် ကစားသမားနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားတာပါ။
မန်ချက်စတာကလပ်ဟာ ခံစစ်ပိုင်းအတွက် အဲဗာတန်အသင်းက ဘရန်ဝိတ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဒီလစ် တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် ဘရန်ဝိတ်ရဲ့ ပြောင်းရွှေ့ကြေးက များပြားတဲ့အတွက် ဒီအပြောင်းအရွှေ့ကို စဉ်းစားနေတာ ဖြစ်ပါတယ်။
ကတ်စမဲရိုး ထွက်ခွာမယ့် ကွင်းလယ်ခံစစ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းက အူဂါတီကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတာပါ။
ဟော့ဂျ်လန်း တစ်ဦးတည်းနဲ့ မလုံလောက်တဲ့ တိုက်စစ်ပိုင်းအတွက် ယူနိုက်တက်အသင်းဟာ ဘိုလော့ဂ်နာအသင်း တိုက်စစ်မှူး ဇာခ့်ဇီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒီကစားသမားတွေဟာ နိုင်ငံအသင်းတွေနဲ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေတာကြောင့် ယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲ တွေအပြီးမှ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ လုပ်ဆောင်ရမှာပါ။
ယူနိုက်တက်အသင်းဟာ နောက်ထပ် ကစားသမားအချို့ကိုလည်း ပစ်မှတ်ထားနေပေမယ့် လက်ရှိအချိန်မှာတော့ ဒီလစ်၊ ဘရန်ဝိတ်၊ အူဂါတီနဲ့ ဇာ့ခ်ဇီတို့ဟာ အဓိကပစ်မှတ်အဖြ စ်ရှိနေပါတယ်။
ယူနိုက်တက် ရောင်းချဖို့စဉ်းစားထားတဲ့ ကစားသမားတွေကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကတော့ ဒီကစားသမားတွေကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေသလို အရောင်း စာရင်းမှာ ပါဝင်နေတဲ့ ကစားသမားအချို့ကိုလည်း အမြန်ဆုံး ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။
ဒါမှလည်း ကစားသမားသစ်တွေ ခေါ်ယူတဲ့အချိန်မှာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ မကြုံတွေ့ရမှာ ဖြစ်ပါ တယ်။
ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာကို ဝယ်ယူပြီးကတည်းက အရင်လို အောင်မြင်မှု တွေပြန်ပြီး ရရှိနိုင်အောင် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး တည်ဆောက်ချင်နေတာပါ။
နည်းပြ အဲရစ်တန်ဟတ်ကလည်း ကိုင်တွယ်ပြီးတဲ့ ၂ ရာသီမှာ ယူနိုက်တက်အသင်းကို ဆုဖလား ၂ လုံး ရယူပေး ထားနိုင်ပေမယ့် လာမယ့်ရာသီမှာ အောင်မြင်မှုတွေပိုပြီး ရယူချင်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း အဲရစ်တန်ဟတ်ဟာ လာမယ့် ရာသီမတိုင်ခင် သူ့ရဲ့နည်းပြအဖွဲ့ဝင်အချို့ကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာပါ။
ရာသီသစ်မတိုင်ခင် ယူနိုက်တက်အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေဟာ အသင်း အောင်မြင်မှုတွေပြန်ပြီး ရရှိဖို့ ဘယ်လောက်အထိ အထောက်အကူ ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 486
CNI Article
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ - အိုက်ဇက်မွေဗာ (NSCM-IM) ၏ ဗိုလ်ကြီး တစ်ဦးဖြစ်သူ အာရ် အက်စ် ဝင်ဆန် (R. S. Winson) သည် အိန္ဒိယ-မြန်မာနယ်စပ်အနီး မဏိပူရ်(Manipur) ပြည်နယ်၊ တန်နူပယ်လ် (Tengnoupal) ခရိုင်ရှိ အန်ကို ချင် (Angko Ching) အရပ်တွင် ကူကီး
အမျိုးသား တပ်မတော်-မြန်မာနိုင်ငံ(KNA-B) အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။
ထိုနေ့မှာပင် NSCN-IM ၏ လက်ထောက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အေ ရမ်ဆန် (A. Ramsan) က တန်ခူလ် (Tangkhul) ဘာသာစကားဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဝင်ဆန်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်က အန်ကိုချင်တောအုပ်အတွင်း KNA-B ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် နာဂအရှေ့ပိုင်း (မျက်မှောက်ခတ် မြန်မာနိုင်ငံ)၌ NSCN-IM သည် ၎င်းတို့၏ လှုပ်ရှားမှုကို ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်နေချိန်မှာ KNA-B အဖွဲ့ကို မသိကျိုးကျွံ ပြုပေးထားသည့် အိန္ဒိယ လုံခြုံ ရေးတပ်ဖွဲ့ (SF) များ၏ ဆန့်ကျင်မှုများကို ရင်ဆိုင်နေရကြောင်း၊ KNA-B အဖွဲ့သည် နာဂလူမျိုးများကို တိုက်ခိုက် နေခြင်းဖြင့် NSCN-IM ၏ အားထုတ်ကြိုးပမ်းမှုများကို လျော့ကျစေရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။
ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသည့်တိုင် မိမိတို့သည် နာဂနိုင်ငံတော်ကို ဆက်လက် ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
South Asia Terrorism Portal (SATP) က ရရှိခဲ့သည့် မှတ်တမ်းအချို့တွင် ဇွန်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် အိန္ဒိယမြေပေါ်၌ KNA-B နှင့် NSCM-IM အကြား ဖြစ်ပွားသော ပဋိပက္ခများအနက် မှတ်တမ်းတင် နိုင်ခဲ့သည့် တစ်ခုတည်းသော ဖြစ်စဉ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြေပေါ်တွင်လည်း အလားတူ ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ကူကီး (KNA-B)ကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်က NSCN-IM ၏ ကေဒါတစ်ဦးဖြစ်သူ ဆန်တီလောင် ဂျာမီယာ (Sentilong Jamir) သည် အိန္ဒိယ-မြန်မာနယ်စပ်တွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း KNA-B ကေဒါများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဂျာမီယာသည် အိန္ဒိယ-မြန်မာနယ်စပ်အနီး မဏိပူရ်ပြည်နယ်၊ ကမ်ဂျွန် (Kamjong) ခရိုင်တွင် တာဝန်ထမ်းဆောင် နေချိန်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်က KNA-B အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ မြို့သစ် (Mtothit) မြို့မှာ စစ်ကြောရေး တစ်ခုအတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး မေလ ၁၃ ရက်တွင် သေဆုံးသွားခဲ့သည်ဟု NSCN-IM က ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း NSCN-IM ကေဒါတစ်ဦးဖြစ်သူ ဟွန်ပန် ချီသန် (Honpam Chithung) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး Ongjia မြို့တွင် KNA-B အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး NSCN-IM အဖွဲ့၏ ထုတ်ပြန်ချက်တွင် ချီသန် အသတ်ခံရသည့် ဖြစ်စဉ်သည် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) နှင့် နာဂပြည်သူ့သမ္မတ အစိုးရ (GPRN) အပေါ် ကြီးမားစွာ သက်ရောက် စေခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် နာဂပြည်သူ့အစိုးရသည် နယ်စပ်ဒေသအနီးရှိ ကူကီးကျေးရွာများနှင့် KNA-B အဖွဲ့၏ လုပ်ဆောင်ချက်များ ကို အလွန်ဒေါသထွက်ကြောင်း ဖော်ပြခဲ့သည်။
KNA-B အဖွဲ့သည် NSCN-IM ၏ ကေဒါ ၄ ဦးကို မတူညီသည့် ဖြစ်စဉ် ၄ ခုတွင် သတ်ဖြတ်ခဲ့ကြောင်း NSCN-IM က ပြောကြားခဲ့သည်။ (ထိုဖြစ်စဉ် ၄ ခုအနက် ၃ ခုကို အထက်တွင် ဖော်ပြပေးခဲ့ပြီးဖြစ်ပြီး စတုတ္ထမြောက် ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များမှာ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။)
စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ NSCN-IM ကြောင့် KNA-B အဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်သည့် မှတ်တမ်းများသည် ယနေ့အချိန်အထိ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။
မည်သို့ပင်ဆိုစေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်က တန်နူပယ်လ်ခရိုင် မိုရေး(Moreh) မြို့တွင် KNA-B စစ်သွေးကြွ များ၏ လက်ချက်ဟု ယူဆသည့် RPG တိုက်ခိုက်မှု တစ်ခုတွင် အန္ဒိယနယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး၊ အထူး ကွန်မန်ဒို ၅ ဦး အပါအဝင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ (SF) အဖွဲ့ဝင် ၈ ဦး ဒဏ်ရာရခဲ့သည်။
ကသည်းလက်နက်ကိုင်များရဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိစဉ်
ထို့နောက် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N. Biren Singh) က ထိုတိုက်ခိုက်မှုတွင် မြန်မာနိုင်ငံ ဘက်မှ ပြည်ပကြေးစား စစ်သားများ ပါဝင်သည်ဟု သံသယရှိကြောင်း၊ KNA-B အဖွဲ့ ပါဝင်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
KNA-B နှင့်အတူ မဏိပူရ်အခြေစိုက် ကူကီးအမျိုးသားတပ်မတော် KNA အဖွဲ့လည်း ရှိသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်က GPRN ၏ ထုတ်ပြန်ချက်တွင် နာဂတပ်မတော်သည် မကြာသေးမီက KNA-B နှင့် အိန္ဒိယ SF တပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်ကလည်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံရှိ ကသည်းတော်လှန်ရေး အုပ်စုများကို စစ်ပွဲဆင်နွှဲရန် KNA-B ကို အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနေကြောင်း NSCN-IM က စွပ်စွဲခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) ၏ ပြည်ထောင်စုအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့သည့် မူဘောင်ကို လက်မှတ်ရေးထိုးခဲ့သော NCSN-IM သည် တားမြစ်ခံထားရသည့် ကသည်းအဖွဲ့များကို မဏိပူရ်ပြည်နယ်ထဲ ဝင်ခွင့်ရရန် ကူညီပေးခဲ့သည်ဟု အိန္ဒိယအစိုးရက စွပ်စွဲထားသည်။
ထို့အပြင် NSCN-IM သည် ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ကူညီပေးခဲ့သည်ဟု အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က စွပ်စွဲခဲ့သည်။
ထို့နောက် NSCN-IM ၏ အထက်ဖော်ပြပါ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
NSCN-IM ၏ တရုတ်-မြန်မာ လက်ခွဲအဖွဲ့ (China-Myanmar module of th NSCM-IM) သည် တားမြစ်ပိတ်ပင် ခံထားရသည့် ကသည်းအဖွဲ့များဖြစ်သည့် (KYKL) နှင့် (PLA) တို့ကို အိန္ဒိယနိုင်ငံအတွင်း ဝင်ခွင့်ရစေရန်နှင့် မဏိပူရ်ပြည်နယ်တွင် လူမျိုးရေး အကြမ်းဖက်မှုဖြစ်စေရန် ကူညီပေးခဲ့ကြောင်း NIA က ၂၀၂၄ ခု
နှစ်၊ မေလ ၁၄ ရက်တွင် စွပ်စွဲခဲ့ခြင်းဖြစ်သည်။
NIA သည် ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက ဖမ်းဆီးခံခဲ့ရသည့် လူ ၅ ဦးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်တွင် ဂူဝါဟတီ (Guwahati) တရားရုံး၌ တရားစွဲဆိုခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူများသည် တားမြစ်ထားသည့် လက်နက်ခဲယမ်းများနှင့်အတူ ကူကီး-ဇို အသိုင်းအဝိုင်းကို ပစ်မှတ်ထားသော အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ပူးပေါင်းကြံစည်ခဲ့ကြသည်ဟု စွပ်စွဲခဲ့သည်။
စွပ်စွဲခံရသူ ၅ ဦးအနက် ၁ ဦးသည် အာနန် ဆင်း (Anand Singh) အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကက လူမျိုးရေးပဋိပက္ခကို အရှိန်မြင့်တက်စေရန် လူငယ်များအား လက်နက်ကိုင် သင်တန်းများပေးရန် အတွက် စည်းရုံးခဲ့သူဖြစ်သည်ဟု NIA က ထုတ်ပြန်ခဲ့သည်။
ဆင်းသည် အခြား လူငယ်အမျိုးသား ၈၀ ၊ ၉၀ နှင့်အတူ Selloi Langamai Ecological Park တွင် PLA ကေဒါများက သင်ကြားပို့ချသည့် လက်နက်ကိုင် သင်တန်းပေးမှုကို ပါဝင်လေ့ကျင့် သင်ယူခဲ့သည်ဟု NIA က ဆိုသည်။
NSCN-IM ၏ ထုတ်ပြန်ချက်တွင် ကမ်ဂျွန်ခရိုင်၌ အဓိကကျသည့် အိန္ဒိယ-မြန်မာနယ်စပ်ကို ကာကွယ်ပေးနေသော အိန္ဒိယလေထီးတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်များ၏ ကိုယ်တွယ် ဆောင်ရွက်ပုံများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ နယ်စပ်ဒေသတွင် ကူကီးများသည် လွတ်လပ်စွာ သွားလာခွင့်ရနေပြီး ကူကီးမဟုတ်သည့် လူမျိုးများသည် ခွဲခြားဆက်ဆံခံရမှု၊ တားမြစ်ကန့်သတ်ခံရမှုများနှင့် ရင်ဆိုင်နေရသည်ဟု NSCN-IM က ထုတ်ပြန်ခဲ့သည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် အနောက်ပိုင်း အရှေ့တောင်အာရှ (WdSEA) ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် ကသည်းတော်လှန်ရေး အင်အားစုများနှင့် နာဂတပ်မတော်ကို ဆန်ကျင်သော စစ်ဆင်ရေးများကို KNA-B နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း NSCN က စွပ်စွဲခဲ့သည်။
ကမ်ဂျွန်ဒုက္ခသည် စခန်းများရှိ အမျိုးသားများကို အာသံရိုင်ဖယ်တပ်ဖွဲ့က အဖျက်အမှောင့် လုပ်ငန်းများ၊ ကင်းထောက်မှုများပြုလုပ်ရန် အတင်းအကျပ် စေခိုင်းခဲ့သည်ဟုလည်း NSCN-IM က ထုတ်ပြန်ခဲ့သည်။
NSCN-IM ခေါင်းဆောင် မွေဗာနဲ့ မိုဒီကိုတွေ့ရစဉ်
ထို့ပြင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့သည် မဏိပူရ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ချင်းပြည်နယ် အတွင်းရှိ KNA-B နှင့် PDF များကို လက်နက်များ ထောက်ပံ့ပေးနေသည်ဟုလည်း NSCN က စွပ်စွဲခဲ့သည်။
KNA-B အဖွဲ့သည် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နည်း၊ ဒရုန်းများဖြင့် ဗုံးများကို သယ်ယူပို့ဆောင်နည်းများကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ထံမှ သင်ယူခဲ့သည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကလည်း မြန်မာနိုင်ငံ၏ Phaiyang ကျေးရွာတွင်ရှိသည့် KNA-B အဖွဲ့၏ ဗုံးထုတ်လုပ် ရေးစက်ရုံကို ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုပေးနေသည်ဟု စွပ်စွဲခံထားရသည်။
Phaiyang ကျေးရွာသည် မဏိပူရ်ပြည်နယ်၏ နမ်လီး (Namlee) ကျေးရွာနှင့် မျက်နှာချင်းဆိုင်မှာ တည်ရှိသည့် ရွာဖြစ်သည်။
KNA-B အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်၊ မဏိပူရ်၊ မြန်မာနိုင်ငံတို့ရှိ ကူကီး ညွန့်ပေါင်းအဖွဲ့အဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုအဖွဲ့ကို အိန္ဒိယ၏ အမှတ် ၂၁ လေထီးတပ်ဖွဲ့နှင့် အမှတ် ၈ အာသံရိုင်ဖယ်တပ်တို့က ဦးဆောင်နေကြောင်း NSCN-IM က စွပ်စွဲခဲ့သည်။
၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ WeSEA နှင့် NSCN-IM တော်လှန်ရေး အင်အားစုများကို ချေမှုန်းရန်ဖြစ်သည်ဟု ဆိုသည်။
KNA-B နှင့် KNA တို့ကမူ ၎င်းတို့သည် အာသံရိုင်ဖယ်တပ်ဖွဲ့၊ လေထီးတပ်ဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားသည်။
၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်က KNA-B သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ဖရန်စစ် ကူကီး (Francis Kuki) ၏ အစီရင်ခံစာတွင် အိန္ဒိယတပ်ဖွဲ့များသည် မြန်မာနိုင်ငံအတွင်းရှိ ကသည်းအုပ်စုများကို စစ်ဆင်နွှဲရန် ကူကီးစစ်သွေး ကြွများကို ကူညီပေးနေကြောင်း ဖော်ပြခဲ့သည်။
အန္ဒိယတပ်ဖွဲ့များသည် နာဂလူမျိုးများကို တိုက်ခိုက်ရန် ကူကီးများကို ရှေ့ပြေးတပ်များအဖြစ် အသုံးချနေသည်ဟု NSCN-IM က စွပ်စွဲခဲ့ပြီး ကူကီးအမျိုးသားအစည်းအရုံး(KNO)နှင့် KNA-B တို့ကမူ ထိုစွပ်စွဲချက်များသည် အခြေ အမြစ်မရှိကြောင်း ပြောကြားခဲ့သလို ထိုစွပ်စွဲချက်များသည် KNA-B ၏ ပုံရိပ်ကို ဖျက်ဆီးရန် ကြိုးပမ်းမှုဖြစ်သည် ဟု တုန့်ပြန်ခဲ့သည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စခန်းဟောင်းတစ်ခုတွင် တွေ့ရှိခဲ့သည့် ကင်မရာထဲ၌ စစ်ယူနီဖောင်းများ ဝတ်ထားသည့် PLA တပ်ဖွဲ့ဝင်များသည် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဆင်းကို လက်နက်များ ထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားနေသည့် ဗွီဒီယိုဖိုင်ကို တွေ့ရှိခဲ့ရသည်။
နာဂအလံကိုတွေ့ရစဉ်
ထိုဗွီဒီယိုမှတ်တမ်းအရ ကသည်းစစ်သွေးကြွများသည် နယ်စပ်မြို့များတွင် ခိုလှုံနေပြီး ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုကို တိုက်ဖျက်နေသည့် အမှန်တရားကို ဖော်ပြရာရောက်ခဲ့သည်။
၂၀၁၅ ခုနှစ်က အိန္ဒိယအစိုးရနှင့် NSCN-IM အကြား မူဘောင် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည့်တိုင် နာဂပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် နာဂငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် လွှတ်တော်တွင် လှည့်စားဖော်ပြ ခံခဲ့ရပြီး နာဂလူမျိုးများကို သွေးခွဲသည့် ကြိုးပမ်းမှုများရှိခဲ့သည်ဟု NSCN-IM ၏ အကြီးအကဲဖြစ်သည့် မွေဗာ (Muivah) က ပြောကြားခဲ့သည်။
မွေဗာက အလံမတူ၊ ဖွဲ့စည်းပုံမတူ၊ အချုပ်အခြာအာဏာ ခွဲဝေသုံးစွဲသည့် ၎င်း၏ ရပ်တည်ချက်ကို ထပ်မံပြောကြား ခဲ့သည်။
ထွက်ပေါ်လာသည့် ထောက်လှမ်းရေး သတင်းရင်းမြစ်များအရ မြန်မာနိုင်ငံသည် ULFA-I အပါအဝင် အိန္ဒိယ သောင်းကျန်းသူ အုပ်စုများကို ခိုလှုံခွင့်ပေးထားပြီး အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျောက်ရှိ မိုရေးနှင့် တမူးအထိ သူပုန်စခန်းများ တည်ရှိနေသည်ဟု ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် KNA-B နှင့် NSCN-IM အကြား ဖြစ်စဉ်များသည် နှစ်ဖက်သွားဓားကဲ့သို့ ပြဿနာရှိနေ သည်။ ပြဿနာတစ်ခုမှာ မဏိပူရ်ပဋိပက္ခသည် အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းသို့ ပျံ့နှံ့ခြင်းဖြစ်ကာ နောက် ပြဿနာမှာ မြန်မာနိုင်ငံ တည်ငြိမ်မှု ယိုယွင်းနေသည့်အချက်က အိန္ဒိယစစ်သွေးကြွအုပ်စုများကို မြန်မာနယ်စပ် တွင် လှုပ်ရှားခွင့်ရရှိနေစေခြင်းဖြစ်သည်။
NCSN-IM နှင့် KNA-B တို့အကြား အပြန်အလှန် စွပ်စွဲမှုများသည် အိန္ဒိယအစိုးရနှင့် NSCN-IM အကြား တည်ဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယုံကြည်မှု ကင်းမဲ့နေခြင်းကို မီးမောင်းထိုးပြသရာ ရောက်နေသည်။
ထိုအခြေအနေသည် အလွန်စိုးရိမ်စရာ ကောင်းသည်။ အထူးသဖြင့် အစိုးရက တစ်ဖက်တွင် ငြိမ်းချမ်းရေး သဘော တူညီမှုများရရှိရန် လုပ်ဆောင်နေချိန်တွင် အခြားတစ်ဖက်တွင် NSCN-IM ခေါင်းဆောင်ပိုင်းကို အင်အား နည်းစေ ရန် KNA-B ကို အသုံးချနေသည့်အချက်က မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆိုသည့် စကားပုံကဲ့သို့ ဖြစ်နေသည်။
ထိုလုပ်ဆောင်မှုများသည် ဒေသတွင် နိုင်ငံရေး စီမံခန့်ခွဲမှုများ ညံ့ဖျင်းနေသည့် အချက်ကို ပြသရာရောက်နေပြီး ၂၀၁၅ မူဘောင်သဘောတူညီချက်၏ အနှစ်သာရနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို လျော့ပါးစေမည်သာ ဖြစ်သည်။
![](/images/htjhutytedujryfkrukl.jpg#joomlaImage://local-images/htjhutytedujryfkrukl.jpg)
- By CNI
- Category: ဆောင်းပါး
- Hits: 453
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈
ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုအဆင့် ပွဲစဉ်တွေအားလုံး ပြီးသွားခဲ့ပြီဖြစ်တာကြောင့် အခုဆိုရင် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပြီးကတည်းက ဗိုလ်လုပွဲအတွက် လမ်းကြောင်းကိုပါ တစ်ခါတည်း ရေးဆွဲခဲ့ တာပါ။
ပြိုင်ပွဲမတိုင်ခင်မှာရော လက်ရှိအချိန်ထိပါ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေတဲ့ အင်္ဂလန်အသင်း ဟာ ဗိုလ်လုပွဲသာ တက်နိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ဗိုလ်လုပွဲရောက်မှ အသင်းကြီးနဲ့ တွေ့ဆုံနိုင်မယ့် လမ်းကြောင်း ပေါ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုတွင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းဟာ ဆိုးရွားခဲ့ပေမယ့် အုပ်စုထိပ်ဆုံးနဲ့ နောက်တစ်ဆင့် ကို တက်နိုင်ခဲ့တာပါ။
ယူရိုပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်များကိုတွေ့ရစဉ်
နာမည်ကြီး ကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အင်္ဂလန် အသင်းကို ပရိသတ်တွေက အများကြီး မျှော်လင့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာမရှိခဲ့သလို သွင်းဂိုးကလည်း ၃ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကလပ်အသင်းတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာရီကိန်း၊ ဘယ်လင်ဂမ်၊ ဖိုဒန်၊ ဆာကာတို့လို ကစားသမားတွေဟာ နည်းပြ ဆောက်ဂိတ်ရဲ့ အသုံးမပြုတက်မှုတွေကြောင့် အင်္ဂလန်အသင်းမှာ သူတို့ရဲ့ခြေစွမ်းဟာ အောက်ဆုံးကို ရောက်ရှိနေခဲ့တာပါ။
အင်္ဂလန်အသင်း ပရိသတ်တွေဟာ အသင်းရဲ့ ခြေစွမ်းအပေါ် အားမရတာကြောင့် ပွဲချိန်အတွင်းမှာ လှောင်ပြောင်ခဲ့ သလို ဆလိုဗေးနီးယား အသင်းနဲ့ပွဲမှာဆိုရင် အင်္ဂလန်အသင်း ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှာ အိပ်ပျော်နေတဲ့ ပုံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဆောက်ဂိတ်ဟာ ပွဲအပြီး ပရိသတ်တွေရှေ့မှာ သွားရောက် လက်ခုပ်တီးတဲ့အချိန် ဘီယာခွက်နဲ့ ပစ်ပေါက် ခြင်းကိုပါ ခံရတဲ့အထိ ပရိသတ်တွေဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့ကြတာပါ။
အင်္ဂလန်အသင်းဟာ ခြေစွမ်းပိုင်း မကောင်းပေမယ့် ရှုံးထွက် အဆင့်တွေအတွက် ပြုလုပ်ထားပြီးဖြစ်တဲ့ လမ်းကြောင်းမှာတော့ အသင်းကြီးတွေကို ရှောင်ပြီး ဗိုလ်လုပွဲအထိ တက်နိုင်မယ့် အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြကို တွေ့ရစဉ်
ရှုံးထွက်အဆင့်တွေအတွက် ပြုလုပ်ထားတဲ့ လမ်းကြောင်းအရ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ အသင်းတို့ဟာ လမ်းကြောင်း တစ်ခုတည်းမှာရှိတဲ့အတွက် ဗိုလ်လုပွဲအထိ တက်နိုင်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရ တော့မှာပါ။
အင်္ဂလန်အသင်းရဲ့ လမ်းကြောင်းမှာတော့ လက်ရှိချန်ပီယံ အီတလီ၊ နယ်သာလန်၊ သြစတြီးယား၊ တူရကီ၊ ဆွစ်ဇာလန်၊ ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယားတို့ ပါဝင်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဆလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ကွာတား ဖိုင်နယ်မှာ အီတလီနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
တကယ်လို့ ဆီမီးဖိုင်နယ်ပါ တက်နိုင်မယ်ဆိုရင် ရိုမေးနီးယား၊ နယ်သာလန်၊ သြစတြီးယား၊ တူရကီအသင်းတို့ထဲ က တစ်သင်းနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် အင်္ဂလန်အသင်းဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ရင် ဗိုလ်လုပွဲအထိ တက်နိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။
ဒါပေမယ့် အခုအခြေအနေက မဲခွဲမှုအရဖြစ်ခဲ့တဲ့ လမ်းကြောင်း အနေအထားကို ပြောခဲ့တာဖြစ်ပြီး လက်တွေ့မှာ အင်္ဂလန်အသင်းအတွက် လွယ်ကူမယ့် အနေအထား ရှိမနေပါဘူး။
အင်္ဂလန်အသင်းယှဉ်ပြိုင်နေစဉ်
အင်္ဂလန်အသင်းရဲ့ လမ်းကြောင်းထဲမှာ ပါဝင်တဲ့ ရိုမေးနီးယားအသင်းဆိုရင် ဘယ်လ်ဂျီယံ၊ ယူကရိန်းအသင်းတို့ ပါဝင်တဲ့အုပ်စုမှာ ထိပ်ဆုံးနေရာ ရယူနိုင်ခဲ့တာဖြစ်ပြီး သြစတြီးယားအသင်းကလည်း ပြင်သစ်နဲ့ နယ်သာလန် အသင်းတို့ ပါဝင်တဲ့ အုပ်စုမှာ ထိပ်ဆုံးနေရာ ယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် အင်္ဂလန်အသင်း အနေနဲ့ ရှုံးထွက်အဆင့်ပွဲတွေကို ပေါ့ပေါ့လျော့လျော့ ကစားရင် ပြိုင်ပွဲက လှည့်ပြန် ရနိုင်တာ ဖြစ်ပါတယ်။
ရှုံးရင်ထွက်ရမယ့် ရှုံးထွက်အဆင့်တွေကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် အင်္ဂလန်အသင်းအနေနဲ့ အုပ်စုတွင်းက ရလဒ်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ ပြောင်းပြန်လုပ်နိုင်မှ သူတို့မျှော်လင့်နေတဲ့ ယူရိုချန်ပီယံဆုအတွက် အနီးစပ်ဆုံး ဖြစ်တဲ့ ဗိုလ်လုပွဲ တက်နိုင်မှာပါ။
အဲဒါကြောင့် အင်္ဂလန်အသင်းဟာ အနီးစပ်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဆလိုဗက်ကီးယားအသင်းနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပရိသတ်တွေ ကျေနပ်နိုင်မယ့် ချန်ပီယံခြေစွမ်းမျိုး ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
![](/images/jhgjfjhgjfghjfjf.jpg#joomlaImage://local-images/jhgjfjhgjfghjfjf.jpg)
- By CNI
- Category: ဆောင်းပါး
- Hits: 5285
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁
ရှမ်းယူနိုက်တက်အသင်းဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ MNL League Cup ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက် အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်(အရင် ကမ္ဘောဇ)အသင်းဟာ မြန်မာနေရှင်လိဂ်ပြိုင်ပွဲ စတင်ကျင်းပချိန်မှာ ရတနာပုံနဲ ရန်ကုန် ယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် အခုအချိန်မှာတော့ ပြည်တွင်း လိဂ်နဲ့ ဖလားပြိုင်ပွဲတွေကို ကြီးစိုးထားနိုင်တဲ့ အသင်းအဖြစ် ရှိနေတာပါ။
လက်ရှိအချိန်မှာ ရှမ်းယူနိုက်တက်အသင်းနဲ့ အပြိုင်ဖြစ်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဆိုရင် ရှမ်းယူနိုက်တက် အသင်းကို ကျော်ဖြတ်ပြီး ဆုဖလားရယူနိုင်ဖို့ အလွန်ခက်ခဲနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အမှတ်ပေးလိဂ်တွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ MNL League Cup ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်း ဟာ ရှမ်းယူနိုက်တက်အသင်းကို အနိုင်ရပြီး ဆုဖလားရယူနိုင်ဖို့ မလွယ်ကူခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
ရှမ်းယူနိုက်အသင်း ဆုဖလားရရှိစဉ်
ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်း အကောင်းဆုံး ကစားသမားတွေ၊ အရည်အသွးမြင့် လူငယ်တွေနဲ့ နိုင်ငံခြား ကစားသမားတွေကို ပေါင်းစပ်ပြီး အသင်းကို အကောင်းဆုံး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ အလွန်အားကောင်းတဲ့ အသင်းအဖြစ် ရပ်တည်နေတာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ဖလားကို စတင်ရယူနိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆုဖလား တွေကို ဆက်တိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ကျင်းပပြီးတဲ့ မြန်မာနေရှင်နယ်လိဂ် ၆ ကြိမ်မှာဆိုရင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၁ ကြိမ်သာ ရယူနိုင်ခဲ့တာပါ။
ဒါကို ကြည့်ရရင် မြန်မာနေရှင်နယ်လိဂ်မှာ ရှမ်းယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီး ဆုဖလားရယူနိုင်ဖို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
ပြီးတော့ ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နောက်ဆုံး ၂ ရာသီ ဆက်တိုက် ရှုံးပွဲမရှိ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ဖလား ရရှိထားတဲ့ ၅ ကြိမ်မှာ ၃ ကြိမ်ကို ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ MNL League Cup ပြိုင်ပွဲမှာ ရခိုင်ယူနိုက်တက်အသင်းကို အုပ်စုတွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် သူတို့ဟာ ချန်ပီယံအသင်းပီသစွာ နောက်ဆုံးမှာ ဆုဖလားရယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ ဘုရင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ ရှုံးပွဲမရှိ ချန်ပီယံဆုနဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပေမယ့် ပြည်ပ ပြိုင်ပွဲတွေမှာတော့ ရလဒ်တွေက အလွန်ဆိုးရွားနေခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ ချန်ပီယံဖြစ်တဲ့အတွက် နှစ်စဉ်နှစ်တိုင်းလိုလို AFC Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ရပေမယ့် နိုင်ပွဲ ၁ ပွဲရယူနိုင်ဖို့ ခက်ခဲခဲ့ပြီး အုပ်စုအဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်း နည်းပြအဖွဲ့ကိုတွေ့ရစဉ်
ရှမ်းယူနိုက်တက်အသင်းဟာ ဒီလိုရလဒ်တွေကြောင့်လည်း ဝေဖန်မှုတွေကို အမြဲတမ်းခံခဲ့ရတာပါ။ အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပြည်ပပြိုင်ပွဲ ၂ ပွဲအထိ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အသင်းလူစာရင်းကို အကောင်းဆုံး အားဖြည့်မှုတွေကို ပြုလုပ်ထားတာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းမှာ စံချိန်တင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီ ကျင်းပမယ့် AFC ပြိုင်ပွဲတွေမှာ အနိမ့်ဆုံးအုပ်စုအဆင့် ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ရာသီသစ်မှာ ရှမ်းယူနိုက်တက်အသင်းအတွက် စိန်ခေါ်မှုတွေကတော့ မြန်မာနေရှင်နယ်လိဂ်ဖလားကို ဆက်ထိန်း နိုင်ဖို့နဲ့ AFC Cup ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ဖို့ပါ။
ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဒီစိန်ခေါ်မှုတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 327
CNI International Article
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁
ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု အလားအလာသည် အမှောင်ကျနေဆဲဖြစ်သည်။
ထိုင်ဝမ်တွင် သမ္မတသစ် လိုင်ချင်တေ(Lai Ching-te) ကျမ်းသစ္စာ ကျိန်ဆိုပြီးကတည်းက တရုတ်သည် ထိုင်ဝမ်ကို ဖိအားပေးသည့် လှုပ်ရှားမှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများကို အရှိန်မြှင့်တင်ခဲ့သည်။
ထိုအလားအလာသည် တင်းမာမှုများကို ပိုမိုမြင့်တက်စေနိုင်ပြီး အမေရိကန်စစ်တပ်က ကြားဝင်လာရလောက် သည့်အထိ မီးကုန်ယမ်းကုန် ဖြစ်ပွားမည့် အဆိုးရွားဆုံး အခြေအနေအထိ ရောက်ရှိစေနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်က တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျင်း (Dong Jun) သည် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) ကာကွယ်ရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်က ထိုင်ဝမ်အပေါ်ထားသည့် တရုတ်၏ တင်းမာသော သဘောထားကို အသားပေးဖော်ပြခဲ့သည်။
ထိုမိန့်ခွန်းသည် လိုင်နှင့် ထိုင်ဝမ်အစိုးရအဖွဲ့ကို တိုက်ရိုက် ရည်ရွယ်ပြောဆိုမှုဖြစ်ခဲ့သည်။
"အဲဒီ ခွဲထွက်ဝါဒီတွေဟာ မကြာသေးခင်က တရုတ်နိုင်ငံနဲ့ တရုတ်ဘိုးဘွားဘီဘင်တွေကို သစ္စာဖောက်တဲ့ ပြောကြားချက်တွေကို ပြောခဲ့ပါတယ်။ သူတို့ဟာ အရှက်ရစရာ သမိုင်းမှတ်တိုင်မှာ ကဗ္ဗည်းရေးထိုးခံရပါလိမ့်မယ်" ဟု တုံးကျင်းက ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် ၂ ရက်ကြာ အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တုံး၏ မိန့်ခွန်းထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်အနီး တရုတ်စစ်ရေးလေ့ကျင့်မှုကိုရေဒါမှာ ဖော်ပြထားစဉ်
တရုတ်အာဏာပိုင်များကမူ ထိုစစ်ရေး လေ့ကျင့်မှုများသည် ထိုင်ဝမ်ကို အပြစ်ပေးသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး ထိုင်ဝမ်ကို ပိတ်ဆို့ရေး သို့မဟုတ် ကျူးကျော်ရေးတို့အတွက် PLA ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်သည် မေလ ၂၀ ရက်က ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ထိုင်ဝမ်၏ လွတ်လပ်ရေးနှင့် ပတ်သက်ပြီး ဝံ့ကြွားစွာ ထည့်သွင်းပြောဆိုခဲ့သည်။
အာဏာရ DPP ပါတီမှ ယခင်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) နှင့် မတူသည့်အချက်မှာ လိုင်သည် တရုတ်ထံ မှ ထိုင်ဝမ်၏ ခွဲထွက်ရေးနှင့်ပတ်သက်ပြီး ပိုပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လိုင်က တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် ထိုင်ဝမ်၏ ကူမင်တန် (KMT) ပါတီအကြား သဘောတူညီချက်ဖြစ်သည့် "ထိုင်ဝမ်ရေလက်ကြားသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်" ဆိုသည့် ၁၉၉၂ ခုနှစ် သဘောတူညီမှုကို လက်မခံကြောင်း ပြသခဲ့သည်။
"တရုတ်သမ္မတ နိုင်ငံလို့ပဲခေါ်ခေါ် တရုတ်သမ္မတ ထိုင်ဝမ်နိုင်ငံလို့ပဲခေါ်ခေါ် ဒါမှမဟုတ် ထိုင်ဝမ်လို့ပဲခေါ်ခေါ် အဲဒီ အမည်တွေဟာ ကျနော်တို့ရဲ့ နိုင်ငံတကာမိတ်ဆွေတွေက ကျနော်တို့ ထိုင်ဝမ်ကို ခေါ်ဆိုနေကြတဲ့ နာမည်တွေ ဖြစ်ပါတယ်။ ဘယ်လိုပဲခေါ်ခေါ် အဲဒီနာမည်တွေဟာ အတူတူပါပဲ" ဟု လိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်ဝမ်ရေလက်ကြားနှင့်ပတ်သက်ပြီး ယခင်သမ္မတ ဆိုင်အင်ဝမ်၏ ချဉ်းကပ်ပုံအတိုင်း ဆက်လက် လုပ်ဆောင်မည့် သဘောထားများကို လိုင်က ပြသခဲ့ပြီး တရုတ်ကမူ လိုင်ကို ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ထား သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
လိုင်သည် ၂၀၁၇ ခုနှစ်တွင် သူ့ကိုယ်သူ ထိုင်ဝမ်လွတ်လပ်ရေးအတွက် လက်တွေ့ဆန်သည့် လုပ်သားတစ်ဦးအဖြစ် ပုံဖော်ပြောဆိုခဲ့သဖြင့် တရုတ်က သူ့ကို ပြဿနာ တစ်ရပ်ဖြစ်သည်ဟု ရှုမြင်ခဲ့သည့် အဓိကအကြောင်းရင်း ဖြစ်ခဲ့သည်။
လိုင်အတွက် ကြီးမားသည့် စိန်ခေါ်မှုမှာ တရုတ်သည် စစ်အင်အား ပိုမိုခိုင်မာတောင့်တင်းလာပြီး ယုံကြည်မှု ပိုရှိလာသည့် အချက်ဖြစ်သည်။
၂၀၁၂ ခုနှစ်က တရုတ်သမ္မတအဖြစ် စတင်အာဏာရလာခဲ့ချိန်ကတည်းက ရှီကျင့်ဖျင် (Xi Jinping) သည် ထိုင်ဝမ်ကို သိမ်းပိုက်နိုင်စွမ်းရှိရန် ရည်ရွယ်ချက်ဖြင့် PLA ကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
PLA အား အဆင့်မြှင့်တင် မွမ်းမံမှုများသည် ၂၀၃၅ ခုနှစ်တွင် ပြီးဆုံးလိမ့်မည်ဟု ရှီက ၂၀၁၇ ခုနှစ်တွင် ပြောကြားခဲ့သည်။
၂၀၂၇ ခုနှစ်သည် PLA ထူထောင်သည့် နှစ်ပေါင်း ၁၀၀ ပြည့် နှစ်ပတ်လည်ဖြစ်သဖြင့် ထိုနှစ်တွင် တရုတ်သည် တစ်စုံတစ်ရာ ကြီးကြီးမားမား လုပ်ဆောင်ဖွယ်ရှိသည်ဟု အမေရိကန်စစ်တပ် ထိပ်သီးအရာရှိများနှင့် ထောက်လှမ်းရေးအရာရှိများက ပြောကြားခဲ့သည်။
ရှီသည် ထိုနှစ်တွင် ထိုင်ဝမ်ကို တိုက်ခိုက်မည့် နှစ်အဖြစ် သတ်မှတ်ထားနိုင်သည့် အခြေအနေအတွက် အမေရိကန်တွင် စိုးရိမ်မှုများ မြင့်တက်နေသည်။
လက်ရှိအချိန်တွင်မူ ရှီသည် တရုတ်စစ်တပ်(PLA) အား စွမ်းဆောင်ရည် အသစ်များကို လေ့ကျင့်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများကို တိုးမြှင့်ရန် အပြင် ဆန်းပြားသည့် စစ်ရေးလေ့ကျင့်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်ကလည်း ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ (Nancy Pelosi) လာရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် တရုတ်သည် ထိုင်ဝမ်ကို ပိတ်ဆို့သည့်ပုံစံဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုများကို ထိုင်ဝမ်နှင့် အမေရိကန်က ပြင်းပြင်းထန်ထန် မတုန့်ပြန်ခဲ့ခြင်းက တရုတ်အတွက် ရဲဆေးတင်ပေးရာ ရောက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ယခင်ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် လက်ထက်အတွင်း တရုတ်သည် ထိုင်ဝမ်၏ အထူးလေကြောင်း သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ လေယာဉ်များ စေလွှတ်ပျံသန်းမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား၏ တရားမဝင် နယ်စပ်စည်းမျဉ်းကို ဖြတ်သန်းဝင်ရောက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။
ထိုလုပ်ဆောင်မှုများသည် လက်ရှိတွင် ပုံမှန်အနေအထား တစ်ခုဖြစ်လာခဲ့သဖြင့် တရုတ်သည် ထိုင်ဝမ်ကို ခြိမ်းခြောက်မှုများ၊ အာရုံလွှဲပြောင်းမှုများနှင့် ပင်ပန်းနွမ်းနယ်မှုများ ဖြစ်စေရန် ဆက်လက် လုပ်ဆောင်မည်မှာ သေချာသလောက် ဖြစ်သည်။
တရုတ်လေယာဉ်မှူးများ၏ အခြေအနေအပေါ် အတွက်အချက်မှားမှု သို့မဟုတ် ထိုင်ဝမ်လေယာဉ်မှူးများ၏ ကြားဖြတ်ဟန့်တားမှုများသည် စစ်ပွဲကို ဖြစ်ပွားစေနိုင်သည့် အန္တရာယ်များသော အခြေအနေကို ရောက်ရှိစေနိုင် သည်။
လိုင်အတွက် နောက်ထပ် ပြဿနာတစ်ခုမှာ ထိုင်ဝမ်နှင့် အမေရိကန်အကြား ဆက်ဆံရေး မြင့်တက်လာသည့် အခြေအနေအပေါ် တရုတ်၏ မကျေချမ်းမှု မြင့်တက်လာသော အခြေအနေဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာမည်ဆိုပါက ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်တပ်ဖွဲ့များအား အသုံးပြုသွားမည်ဟု ပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် ထိုင်ဝမ်၏ လွတ်လပ်ရေးကို အမေရိကန်က ထောက်ခံခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်ကမူ ထိုင်ဝမ်၏ ပြောင်းလဲလာမည့် အခြေအနေအပေါ် ကျေနပ်ခြင်းမရှိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေကို တွေ့ရစဉ်
တရုတ်၏ ၂၀၀၅ ခုနှစ် ခွဲထွက်မှု ဆန့်ကျင်ရေးဥပဒေအရ ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေးကို တရားဝင်ကြေညာ ခဲ့မည်ဆိုပါက ထိုင်ဝမ်ကို တိုက်ခိုက်မှုသည် တရားဝင်မှုရှိကြောင်း၊ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်း ရေး အလားအလာများသည် အလုပ်မဖြစ်ခဲ့ပါက စစ်ရေးအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်ဝမ်သည် တရုတ်၏ လူမျိုးရေး သြဇာလွှမ်းမိုးမှုအောက်မှ ခွဲထွက်ရန် လုပ်ဆောင်နေမှုကိုလည်း တရုတ်က ဆန့်ကျင်လျက်ရှိသည်။
ပြီးခဲ့သည့် နှစ်ပေါင်းများစွာကစပြီး မျက်မှောက်ခေတ် အချိန်ကာလအထိ ထိုင်ဝမ်တွင် ပြုလုပ်ခဲ့သည့် လူထု သဘောဆန္ဒ စစ်တမ်းများ၌ ထိုင်ဝမ်မှာ နေထိုင်သူများသည် ၎င်းတို့ကိုယ်ကိုယ် ထိုင်ဝမ်တိုင်းရင်းသား လူမျိုးများ ဖြစ်သည်ဟု သတ်မှတ်ဖော်ပြခဲ့ပြီး တရုတ်လူမျိုးများ မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် လေ့လာချက် စစ်တမ်းတစ်ခုတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း အနက် ၃ ရာခိုင်နှုန်းက သာ ၎င်းတို့သည် ထိုင်ဝမ်တိုင်းရင်းသားလူမျိုးများ မဟုတ်ဘဲ တရုတ်လူမျိုးများအဖြစ် ဖြေဆိုခဲ့ကြသည်။
အခြားတစ်ဖက်တွင်လည်း ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ DPP ပါတီက လွှတ်တော်၌ နေရာအများစု အနိုင်မရခဲ့ဘဲ အတိုက်အခံ KMT ပါတီက နေရာအများစု အနိုင်ရခဲ့ခြင်းသည် တရုတ်အတွက် ဖြေသိမ့်စရာတစ်ခု ဖြစ်သည်။
ထို့ကြောင့် လွှတ်တော်တွင် နေရာအများစုရထားသည့် KMT သည် လိုင်၏ သမ္မတလုပ်ပိုင်ခွင့်များကို ကန့်သတ် နိုင်မည့် ဥပဒေမူကြမ်းများ ရေးဆွဲခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းကလည်း KMT လွှတ်တော်ခေါင်းဆောင် ဖူကွမ်ချီ (Fu Kun-chi) က ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေးကို ဆန့်ကျင်သည့် အဆိုပြုချက်များ တင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် တရုတ်အပေါ် ရန်လိုသည့် သဘောထားကို အဆုံးသတ်ရန် လိုင်ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြား၏ အခြေအနေသည် မရေရာမှုများ ပိုမိုမြင့်တက်လာသည့်တိုင် နှစ်ဘက်စလုံးအနေဖြင့် ခေါင်းအေးအေးထားပြီး စဉ်းစားရန် လိုအပ်လိမ့်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စစ်ပွဲဖြစ်ပွားချိန်တွင် အမေရိကန်က ကြားဝင်လာခဲ့မည်ဆိုပါက တရုတ်အတွက် ဆုံးရှုံးနစ်နာမှုများ များပြားနိုင်ခြင်းကြောင့် ဖြစ်သည်။
ရှီအနေဖြင့်လည်း တရုတ်က သေချာပေါက် အနိုင်ရမည့် စစ်ပွဲမဟုတ်ပါက တိုက်ခိုက်ရန် ဆန္ဒရှိမည် မဟုတ်ပေ။
ထိုအချက်နှင့်ပတ်သက်ပြီး ထိုင်ဝမ်အတွက် အာမခံချက် အများကြီး မရှိသေးသည့်တိုင် ထိုင်ဝမ်ဒေသခံများသည် အလွန်အမင်း စိုးရိမ်နေသည့်ပုံ မပေါ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
Source: Nikkei Asia
- By CNI
- Category: ဆောင်းပါး
- Hits: 2581
CNI Article
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅
ယူကရိန်းစစ်ပွဲသည် ဥရောပသို့ ပျံ့နှံ့လာမည့် အန္တရာယ်သည် မြင့်တက်လျက် ရှိသည်။ ယခင်က ဥရောပတွင် စစ်ပွဲဖြစ်ပွားမည့် အန္တရာယ်သည် ယခုအခါလောက် မြင့်တက်ခဲ့ဖူးခြင်း မရှိခဲ့ပေ။
ယူကရိန်းသည် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် ဆက်တိုက်မဟုတ်ဘဲ ဖြည်းဖြည်းခြင်း ရှုံးနိမ့်နေသည်ဟု စစ်ရေးကျွမ်းကျင်သူများက ယူဆထားသည်။ သို့သော် ထိုယူဆချက်၏ အဓိပ္ပာယ်မှာ အဘယ်နည်း။
စင်စစ်တွင် ယူကရိန်းသည် ရုရှားကို ရေရှည်တိုက်ခိုက်ရန် စစ်သားအရေအတွက် လုံလောက်ခြင်း မရှိပေ။ ယူကရိန်းတွင် နေ့စဉ် စစ်သားများ ထိခိုက်ဆုံးရှုံးမှုသည် ရာချီရှိနေပြီး ထိခိုက်သေဆုံးသူများ အလွန်များပြား ခြင်းကြောင်း ရှေ့တန်းစစ်မြေပြင်များကို “အသားကြိတ်စက်များ” ဟူ၍ပင် သုံးနှုန်းခေါ် ဆိုလာကြသည်။
ရုရှားတွင်မူ စစ်သင်တန်းများ လေ့ကျင့်ထားသည့် အရန်စစ်သား အင်အားအများအပြားရှိပြီး ခန့်မှန်းခြေ ၅ သိန်း ခန့်ရှိသည်။ ယူကရိန်းတွင်မူ အရန်စစ်သားအင်အား မရှိသလောက်နီးပါး ဖြစ်နေသည်။
သို့တိုင်အောင် ရုရှား၏ ပွဲသိမ်းတိုက်ကွက် မဟာဗျူဟာကို ရှင်းလင်းစွာ မသိရသေးပေ။
တစ်ခါတစ်ရံတွင် ရုရှားက ၎င်းတို့သည် ရုရှားနယ်နိမိတ်အား တိုက်ခိုက်မှုများရန်မှ ကာကွယ်ရန် ကြားခံနယ်မြေ များ ဖန်တီးလိုကြောင်း ပြောကြားလေ့ရှိသည်။
သို့သော် အဆိုပါ ကြားခံနယ်မြေများသည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များ၏ရန်မှ ကာကွယ် ပေးနိုင်စွမ်းမရှိပေ။
လေကြောင်းခရီးစဉ်များကို ပြသထားစဉ်
လက်ရှိတွင် နေတိုးသည် ယူကရိန်းကို F-16 တိုက်လေယာဉ်များ ပေးပို့နေပြီး ထိုလေယာဉ်များသည် ရိုမေးနီးယား လေယာဉ် ကွင်းများမှ စစ်ဆင်ရေး လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထို့ပြင် ထိုလေယာဉ်များတွင် တာဝေးပစ် JASSM ခရုဇ် ဒုံးကျည်များနှင့် AIM-120 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် များကို တပ်ဆင်လိမ့်မည်ဖြစ်သည်။
ရုရှားအနေဖြင့် ရိုမေးနီးယားနိုင်ငံအတွင်းရှိ ထိုလေယာဉ်ကွင်းများကို ဖျက်စီးရန် သို့မဟုတ် နေတိုးအဖွဲ့ကို F-16 လေယာဉ်များ အသုံးပြုမည့် အိုင်ဒီယာအား နောက်ဆုတ်စေရန် လုပ်ဆောင်မည် ဟုတ်/မဟုတ်ကို စောင့်ကြည့်ရ မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆိုပါ F-16 တိုက်လေယာဉ်များသည် ခရိုင်းမီးယားဒေသအတွက် ခြိမ်းခြောက်မှု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ခရိုင်းမီးယားဒေသသည် ရုရှားအတွက် အလွန် အထိအခိုက် မခံသည့်ဒေသဖြစ်သည်။ မကြာသေးမီက ယူကရိန်း သည် ခရိုင်းမီးယားဒေသအတွင်းရှိ လေယာဉ်ကွင်းများ၊ ဆိပ်ကမ်းများ အထူးသဖြင့် စီဗက်စတိုပိုးလ် (Sevastopol) မြို့ရှိ ပစ်မှတ်များကို တာဝေးပစ်ဒုံးကျည်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။
ထို့ပြင် ယူကရိန်းသည် ခရိုင်းမီးယားနှင့် ရုရှားအကြား ဆက်သွယ် ဖောက်လုပ်ထားသည့် Kerch တံတားကြီးကို နောက်တစ်ကြိမ် ဖျက်ဆီးရန် ကြိုးပမ်းဖွယ်ရှိနေသည်။
ယူကရိန်းက အသုံးပြုသည့် ဒုံးကျည် အများစုကို နေတိုးအဖွဲ့က ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ဒုံးကျည်အားလုံး သည် နေတိုးအဖွဲ့က လမ်းညွှန်ပေးသည့် ပစ်မှတ်တည်နေရာများကို အခြေခံပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နေတိုးအဖွဲ့သည် ရုရှားပစ်မှတ်များကို ယူကရိန်းက တိကျစွာ ပစ်ခတ်နိုင်စေရန် စပိုင်လေယာဉ်များ၊ တာဝေး ထောက်လှမ်းသည့် ရေဒါများနှင့် ဂြိုဟ်တုများကို အသုံးပြုနေသည်။
ရုရှားသည် လေကြောင်းကာကွယ်ရေး စနစ်များဖြင့် ယူကရိန်း၏ တိုက်ခိုက်မှုများကို ခုခံနေပြီး ထိုတိုက်ခိုက် မှုများအကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောကြားလေ့မရှိပေ။
ရုရှားစစ် သင်္ဘောကို တွေ့ရစဉ်
ယူကရိန်းတွင် မြေပြင်တပ်ဖွဲ့များ အားနည်းမှုကြောင့် ခရိုင်းမီးယားဒေသကို ဒုံးကျည်များဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယူကရိန်း၏ ရည်ရွယ်ချက်များ ရုရှားတပ်များကို အရှက်ရစေရန် ဖြစ်သော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်သည့် ရလဒ်မျိုး ထွက်ပေါ်စေနိုင်သည်။
ရုရှားတပ်များသည် ဖိအားများ များပြားလာသည်နှင့်အမျှ ယူကရိန်း၏ ခါကိဗ် (Kharkiv)၊ အိုဒက်ဆာ (Odesa) သို့မဟုတ် ကိယက်ဗ် (Kiev) နှင့် အခြားနေရာဒေသများကို ယခင်ကထက် ပိုမိုပြင်းထန်စွာ တုန့်ပြန်တိုက်ခိုက်မှု များ ပြုလုပ်လာနိုင်ခြေရှိသည်။
ရုရှားတွင် နေတိုးအဖွဲ့က ယူကရိန်းကို ထောက်ပံ့ပေးနိုင်သည့် ဒုံးကျည်များထက် ပိုမိုများပြားသည့် တာဝေးပစ် ဒုံးကျည်များ ရှိနေသည်။
ထို့ပြင် ယူကရိန်းတွင် ၎င်းတို့မြို့များကို ထိုခိုက်ပျက်စီးမှုများမှ ကာကွယ်ပေးနိုင်သည့် လေကြောင်း ကာကွယ်ရေး စနစ်များ လုံလုံလောက်လောက် မရှိပေ။
ထို့ကြောင့် နေတိုးအဖွဲ့သည် ရုရှားအား ယူကရိန်းကို တိုက်ခိုက်နေသည့်အတွက် ကြီးကြီးမားမား ပြန်လည် ပေးဆပ်ရမည်ဆိုသည့် အချက်ကို လက်ခံစေရန် ကြိုးပမ်းနေရသည်ဟု ယူဆနိုင်သည်။
နေတိုးအဖွဲ့ထဲမှ အချို့နိုင်ငံများသည် ယူကရိန်းမှ ရုရှားတပ်များ ပြန်ဆုတ်ရန်နှင့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် ရုရှားအပေါ် ဖိအားများ တိုးမြှင့်ရန် ဆန္ဒရှိနေကြသည်။
သို့သော် ရုရှားသည် ယူကရိန်းကို တိုက်ခိုက်နေသည့် ၎င်းတို့၏ စစ်ဆင်ရေးကို မည်သည့်အကြောင်းနှင့်မျှ ရပ်တန့်ဖွယ်မရှိပေ။
အပစ်အခတ်ရပ်စဲရေးဆိုသည့်တိုင် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ယူကရိန်းကို မျက်နှာသာ ပေးထားခြင်းဖြစ်ပြီး ရုရှားကို မျက်နှာသာပေးမည် မဟုတ်ပေ။
ရုရှားနိုင်ငံကလည်း အမေရိကန်ကို သတိပေးသည့် အနေဖြင့် ကျူးဘားသို့ စစ်သင်္ဘောများနှင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ စေလွှတ်ထားသည်။
ရုရှားခေါင်းဆောင်ပိုင်းအကြားတွင် ယူကရိန်းပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန် မြှင့်တင်ရန် ဖိအားများ ရှိနေသည်ဟု ယူဆနိုင်သည်။
ဘိုင်ဒန်နဲ့ မက်ခရွန်ကိုတွေ့ရစဉ်
ထိုဖိအားများကို ယခုလအတွင်းက စိန့်ပီတာစဘတ် စီးပွားရေးညီလာခံတွင် သီးသန့် အစည်းအဝေးများ ပြုလုပ်ချိန်အတွင်း ရုရှားက ဖော်ပြခဲ့သည်။
ပူတင်သည် ထိုဖိအားများနှင့်ပတ်သက်ပြီး လူသိရှင်ကြား ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိသည့်တိုင် ယူကရိန်းနှင့် နေတိုး အဖွဲ့၏ လုပ်ဆောင်မှုများကို ခံပြင်းပြီး ဒေါသထွက်သည့် အကြောင်းကို ပြသခဲ့သည်။
ဥရောပခေါင်းဆောင်အချို့ အထူးသဖြင့် ပြင်သစ်သမ္မတ မက်ခရွန်သည် ပြည်တွင်း နိုင်ငံရေးထောက်ခံမှုနှုန်း ကျဆင်းနေသဖြင့် ၎င်းတို့အပေါ် လူထုထောက်ခံမှုနှုန်း မြင့်တက်စေရန် ပိုမိုကြီးမားသည့် စစ်ပွဲကို ဖြစ်ပွားစေရန် လုပ်ဆောင်ဖွယ်ရှိသည်။
ယူကရိန်းသို့ စစ်သားများနှင့် တိုက်လေယာဉ်များ စေလွှတ်ခြင်းဖြင့် ပိုမိုကျယ်ပြန့်သည့် ဥရောပစစ်ပွဲကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နိုင်ခြေရှိသည်။
အမေရိကန်သည် ရိုမေးနီးယားရှိ F-16 လေတပ်စခန်းများကို အသုံးချဖွယ်ရှိပြီး ဘိုင်ဒန်သည် ဥရောပတွင် စစ်ပွဲ ဖြစ်ပွားစေရန်နှင့် ၎င်း၏ ကျဆင်းနေသည့် နိုင်ငံရေးပုံရိပ်ကို ပြန်လည်မြှင့်တင်ဖွယ်ရှိသည်။
ထိုထင်မြင်ယူဆချက်များသည် အလွန်အန္တရာယ်များလှသည်။ အဘယ်ကြောင့်ဆိုသော် နေတိုး၏ ကာကွယ်ရေး ကဏ္ဍသည် အလွန်ပါးလွှာနေပြီး ဘိုင်ဒန်သည် အာဏာ ဆက်လက်တည်တံ့စေရန် မဟာမိတ်များနှင့် ဥရောပ၏ အနာဂတ်ကို ချနင်းမည်ဆိုပါက ရှက်ဖွယ်လိလိပင်ဖြစ်သည်။
ထို့ပြင် လက်ရှိတွင် အများပြည်သူ ထင်မြင်ချက်တွင်လည်း ပိုမိုကြီးမားသည့် စစ်ပွဲ ဖြစ်လာမည့်အရေးကို ထောက်ခံသည့် အထောက်အထားများ ထွက်ပေါ်နေခြင်းမရှိပေ။
စင်စစ် ဥရောပတိုက်သားများ၏ စိတ်ထဲတွင် စစ်ဆန့်ကျင်ရေး သဘောထားများသာ ပိုမို ကိန်းအောင်းနေဖွယ်ရှိ သည်။
လက်ရှိအချိန်တွင် နေတိုးအဖွဲ့သည် အဖွဲ့အစည်း ပြိုကွဲသွားစေနိုင်သည့် အခြေအနေအထိ ရောက်ရှိစေနိုင်သော ရန်လိုသည့် မဟာမိတ်အဖွဲ့ တစ်ဖွဲ့အဖြစ်သို့ ပုံစံပြောင်းလဲ သွားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Source: Asia Times