![](/images/gvdfgfdg.jpg#joomlaImage://local-images/gvdfgfdg.jpg)
- By CNI
- Category: ဆောင်းပါး
- Hits: 609
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၈
မန်စီးတီးအသင်း အကြောင်းပြောရင် အားလုံးဟာ တိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်လူ ဒီဘရိုင်းကိုပဲ ပြေးမြင်မိ မှာဖြစ်ပေမယ့် သူတို့ အပါအဝင် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ရှိပါတယ်။
သူကတော့ စပိန်ကွင်းလယ်လူ ရိုဒရီပါ။ အသက် ၂၇ နှစ်အရွယ်ရှိ ရိုဒရီဟာ မန်စီးတီးအသင်းကို အသလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အသင်းအတွက် ခြေစွမ်းပြပြီး မနှစ်ကရာသီက သမိုင်းဝင် ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အသင်းရဲ့ အသက်သွေးကြော အဖြစ်ရှိခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါ ဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်း နေးရှင်းလိဂ်ဖလား ရယူခဲ့တာမှာလည်း အဓိက ကျတဲ့သူဖြစ်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရိုဒရီဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်ပြီး သူပါဝင်ရင် မန်စီးတီးအသင်းက ပိုပြီးကောင်းတယ်ဆိုတာ သံသယမရှိဘူးလို့ ပြောထားခဲ့ပါတယ်။ တကယ်လည်း ရိုဒရီရဲ့ သက်ရောက်မှုတွေက မန်စီးတီးအသင်းမှာ အများကြီးရှိနေတာပါ။
ရိုဒရီဟာ အခုဆိုရင် မန်စီးတီးအသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲစုံ ပွဲပေါင်း ၆၀ အထိ ရှုံးပွဲမရှိတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
ရိုဒရီကို တွေ့ရစဉ်
ဒါဟာ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ မလုပ်နိုင်သေးတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်တာပါ။
ရိုဒရီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖာ်ဝါရီ ၁၂ ရက်ကနေ အခုအချိန်ထိ သူပါဝင်ကစားခဲ့တဲ့ ပွဲပေါင်း ၆၀ မှာ မန်စီးတီးအသင်း ဟာ ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး ဒီပွဲတွေမှာ မန်စီးတီးအသင်းဟာ ၄၈ ပွဲ အနိုင်ရပြီး ၁၂ ပွဲသရေကျခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီ မပါဝင်နိုင်ခဲ့တဲ့ ၁၁ ပွဲမှာ မန်စီးတီးအသင်းဟာ ၆ ပွဲ အနိုင်ရပြီး ၅ ပွဲ ရှုံးနိမ့်ထားတာကို အချက်အလက်တွေမှာ ဖော်ပြထားတာပါ။
ဒီရာသီ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ပွဲမှာ ရိုဒရီ အနီကတ်ထိပြီးနောက် ပွဲပယ်ခံထား ရချိန် မန်စီးတီးအသင်းဟာ နယူးကာဆယ်၊ ဝုလ်ဗ်စ်နဲ့ အာဆင်နယ်အသင်းတို့ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီမပါဝင်တာနဲ့ မန်စီးတီးအသင်း ရှုံးပွဲကြုံတွေ့ရတာကတော့ တကယ်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နေတာပါ။
ရိုဒရီဟာ ကွင်းလယ်ခံစစ် ကစားသမားဆိုပေမယ့် မန်စီးတီးအသင်းဂိုးရဖို့ လိုအပ်ချိန်တိုင်းမှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ကူညီပေးနေတာကိုလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ ရိုဒရီဟာ မန်စီးတီးအသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးထားတာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့နည်းဗျူဟာမှာ ရိုဒရီဟာ အဓိကကျနေပြီး ဘောလုံးလက်ခံရယူကာ အသင်း ဖော်တွေကို ပြန်လည်ပေးပြီး လိုအပ်ရင် ဂိုးပါသွင်းယူနေတာ ဖြစ်ပါတယ်။
ရိုဒရီကို တွေ့ရစဉ်
စပိန်ကွင်းလယ်လူဟာ ဒီရာသီ ဥရောပထိပ်တန်း ၅ လိဂ်မှာ ဘောလုံးပေးပို့မှု အအောင်မြင်ဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေတာပါ။
ရိုဒရီရဲ့ စွမ်းဆောင်ရည်ကို လူတန်အသင်းခေါင်းဆောင် လော့ခ်ယာက ချီးကျူးမှု ပြုလုပ်ထားပါတယ်။
လော့ခ်ယာက ရိုဒရီနဲ့အတူ ဘောလုံးကွင်းတစ်ခုမှာ အတူရှိနေရတာက ပျော်ရွှင်ဖို့ကောင်းပြီး ရိုဒရီကို Rolls Royce ကားနဲ့ တင်စားခဲ့တာပါ။
ရိုဒရီဟာ မန်စီးတီးအသင်း ရရှိခဲ့တဲ့ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆု ကို ရရှိခဲ့ပြီး စပိန်အသင်း နေးရှင်းလိဂ်ဖလားကို ရယူခဲ့တုန်းကလည်း ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ရိုဒရီဟာ ဒီလိုအောင်မြင်မှုတွေ ရထားပေမယ့် ဘောလွန်းဒီအော၊ ဖီဖာ အကောင်းဆုံး ဆုတွေမှာတော့ ထိပ်ဆုံး ၃ ဦးစာရင်း ပါဝင်ခွင့်မရခဲ့ပါဘူး။
ရိုဒရီကတော့ ဒီလိုဆုတွေ မရခဲ့တာကို အေးဆေးဖြစ်ခဲ့ပြီး အသင်းလိုက်ရတဲ့ အောင်မြင်မှုတွေကို ပိုပြီးမက်မော တယ်လို့ ပြောခဲ့ပါတယ်။
ရိုဒရီဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို မနှစ်ကလို အောင်မြင်မှုမျိုး ပြန်ယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပြီး သူပါဝင် တဲ့ပွဲတွေမှာ မန်စီးတီးအသင်း မရှုံးနိမ့်ဖူးဆိုတဲ့ စံချိန်မှတ်တမ်းကို ဆက်ပြီး သယ်ဆောင်နိုင်ဖို့လည်း မျှော်လင့်နေ တာပါ။
အဲဒါကြောင့် ရိုဒရီအနေနဲ့ အနီးကပ်ဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ပွှဲမှာ မန်စီးတီးအသင်းကို ရလဒ်ကောင်း ရယူပေးပြီး ဒီစံချိန်ကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 463
CNI Article
၂၀၂၄ ခုနှစ်၊ မတ်လ ၃
သင်နေထိုင်ရာမြို့မှာ နေ့စဉ်နှင့်အမျှ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံနေရပြီး လူနေ အဆောက်အအုံများကို ဒုံးကျည်များ ထိမှန်နေသည့် အခြေအနေအား စိတ်ကူး ပုံဖော်၍ မှန်းဆကြည့်လိုက်ပါ။
ညတိုင်းလိုလို လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံများကြောင့် မြေအောက်ရထားဘူတာရုံမှာ ပုန်းအောင်း နေရမည့်ဘဝကိုလည်း တွေးကြည့်လိုက်ပါ။
ကလေးများကလည်း မြေအောက်ခန်းများထဲမှာ စာသင်နေရပြီး သင်နှင့်သိခဲ့ဖူးသည့် လူငယ်များသည် စစ်ပွဲအတွင်း ပေးဆပ်သွားခဲ့ရသော အခြေအနေများကို မြင်ယောင်ကြည့်နိုင်သည်။ အဆိုပါ အခြေအနေများကို သင်ဆိုလျှင် ခံစားနိုင်ပါ့မလား မေးခွန်းထုတ်စရာ ရှိလာသည်။
အထက်ဖော်ပြပါ အခြေအနေများသည် ယူကရိန်းတွင် ပြည်သူအများစု နဖူးတွေ့ ဒူးတွေ့ ခံစားနေရသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်များဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှား၏ ကျူးကျော်စစ် စတင်ခဲ့ချိန်ကတည်းက ထိုကြောက်မက်ဖွယ် ဖြစ်ရပ်များကို ယူကရိန်းပြည်သူအများစု ခံစားနေရခြင်းဖြစ်သည်။
ရုရှားကမူ ယူကရိန်းအား ကျူးကျော်ခြင်းမပြုမီ ရက်ပိုင်းအလိုက ယူကရိန်းကို ကျူးကျော်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောကြားခဲ့ပြီး စစ်ပွဲဖြစ်ပွားနိုင်ခြေနှင့်ပတ်သက်ပြီး သတိပေးသူများကိုပင် ရုရှားမုန်းတီးရေး သမားများဟု သမုတ်ခဲ့သည်။
မည်သို့ပင်ဆိုစေ ရုရှားသည် ထိုကဲ့သို့ ပြောကြားခဲ့ပြီးနောက် ၃ ရက်အကြာတွင် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ယူကရိန်းကို ရုရှားက ပထမဆုံးအကြိမ် တိုက်ခိုက်မှုတော့ မဟုတ်ပေ။
၂၀၁၄ ခုနှစ်ကလည်း ရုရှားသည် အမြဲတမ်း မဟုတ်သည့် တပ်ဖွဲ့ဝင်များကို ဖွဲ့စည်းခဲ့ပြီး ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်နှင့် ယူကရိန်းအရှေ့ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တစ်ကမ္ဘာလုံးက မယုံကြည်နိုင်လောက် အောင် အံ့သြပြီး ထိုင်ကြည့်နေခဲ့ရသည်။
လက်ရှိ ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ကျော် ကြာမြင့်လာချိန်တွင် ရုရှားသည် လူအင်အား၊ လက်နက် အင်အား များစွာဆုံးရှုံးခဲ့ပြီး စီးပွားရေးနှင့် သံတမန်ရေးအရ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့တိုင်အောင် ရုရှားသည် ယူကရိန်းစစ်ပွဲတွင် ၎င်းတို့၏ ရည်ရွယ်ချက်များကို အကောင်အထည် မဖော်နိုင်သေးပေ။
ထို့ကြောင့် ရုရှား-ယူကရိန်းစစ်ပွဲကို မဖြစ်မနေ အဆုံးသတ်ရန် လိုအပ်နေသည်။ သို့သော် မည်သည့်နည်းလမ်းဖြင့် စစ်ပွဲကို အဆုံးသတ်မည်နည်းဆိုခြင်းကို မေးခွန်းထုတ်ရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် ခရိုင်းမီးယားစစ်ပွဲအပြီးတွင် ဂျာမနီနှင့် ပြင်သစ်တို့က ဦးဆောင်စီမံသည့် ဆွေးနွေးညှိနှိုင်းမှုများ စတင်ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေး ညှိနှိုင်းမှုများမှတဆင့် မင်စ်ခ် သဘောတူညီချက် (Minsk Agreements) ရရှိခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့သည်။
မည်သို့ပင်ဆိုစေ ရုရှားသည် ခရိုင်းမီးယားကို သိမ်းပိုက်နိုင်ခြင်းသည် လုံလောက်ခြင်းမရှိဟု ယူဆခဲ့ဖွယ်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအား နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ယခုဖြစ်ပွားသည့် စစ်ပွဲသည် ရုရှားက ယူကရိန်းအား စစ်တပ်အင်အား အပြည့်အဝဖြင့် ပေါ်တင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၏ အပုဒ်ခွဲ ၂ (၄) ကဲ့သို့ နိုင်ငံတကာဥပဒေများတွင် ကုလအဖွဲ့ဝင်နိုင်ငံများအကြား စစ်အင်အား အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားသည်။
သို့သော် ခြွင်းချက်အနေနှင့် မိမိကိုယ်ကိုယ် ကာကွယ်မှု၊ သို့မဟုတ် အခြားနိုင်ငံ၏ မိမိကိုယ်ကိုယ် ကာကွယ်မှုကို ဆန့်ကျင်သည့် ရန်လိုမှုကို ကူညီထောက်ပံ့ပေးမှု အခြေအနေများတွင် တိုက်ခိုက်ခွင့်ပြုထားသည်။
ထို့ကြောင့် ရုရှား၏ ကျူးကျော်မှုသည် တရားမျှတသည်ဟု မယူဆနိုင်ပေ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကမူ သမိုင်းနှင့်ချီ အကြောင်းပြချက်ပေးခဲ့ပြီး ယူကရိန်းသည် လွတ်လပ်သည့် နိုင်ငံအဖြစ် တည်ရှိပိုင်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်။
ပူတင်မတိုင်မီ ယခင်သမ္မတဖြစ်သည့် ဘိုးရစ် ယဲ့လ်ဆင် (Boris Yelsin) ကပင် ယူကရိန်းကို လွတ်လပ်သည့် နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည့်တိုင် ပူတင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ဆိုလျှင် ရုရှား-ယူကရိန်းစစ်ပွဲသည် ထိုင်းနိုင်ငံအပေါ် မည်သို့ သက်ရောက်နေပါသနည်း။
မိမိတို့သည် ကမ္ဘာကြီးက ရွာဖြစ်သွားသည့် ၂၁ ရာစုထဲတွင် နေထိုင်သူများဖြစ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေးနှင့် ကမ္ဘာ့ပေါ်မှ နိုင်ငံတိုင်းတွင် ဖြစ်ပျက်နေသည့် မိမိတို့နိုင်ငံနှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သက်ရမည်သာ ဖြစ်သည်။
ရုရှား၏ ကျူးကျော်မှုကြောင့် ယူကရိန်းတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် သေဆုံးမှုများသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ်ကိုလည်း များစွာထိခိုက်မှုရှိခဲ့သည်။
ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ရေနံနှင့် ဓာတ်ငွေ့ စျေးနှုန်းများ မြင့်တက်ခဲ့သည့် အခြေအနေကို လူတိုင်း ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
ထို့ကြောင့် ကြီးမားသည့် စစ်အင်အားရှိသည့် နိုင်ငံက စစ်အင်အားသေးငယ်သည့် အိမ်နီးချင်းနိုင်ငံများကို ဝင်ရောက် ကျူးကျော်ခြင်းသည် ကမ္ဘာပေါ်ရှိ လူသားအားလုံး အနည်းနှင့်အများဆိုသလို ထိခိုက်မှုတော့ ရှိမည်ဖြစ်သည်။
ထိုအခြေအနေမျိုးမှ အကာအကွယ်ရစေရန်အတွက် မိမိတို့သည် နိုင်ငံအားလုံးက လိုက်နာကျင့်သုံးသည့် နိုင်ငံတကာ စည်းမျဉ်းဥပဒေတစ်ရပ်ဖြင့် အုပ်ချုပ်သည့် ကမ္ဘာ့အခင်းအကျင်းကို လိုအပ်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၏ အကျိုးစီးပွားအတွက် စည်းမျဉ်းအခြေပြု နိုင်ငံတကာ အခင်းအကျင်းကို ကာကွယ်ရန်နှင့် ထိုအခင်းအကျင်းကို လေးစားမှုကင်းမဲ့သည့် တိုက်ခိုက်မှုများကို ရှုတ်ချရန် လိုအပ်သည်။
အထူးသဖြင့် ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်မှုသည် ကမ္ဘာ့အခင်းအကျင်းကို ပြောင်းလဲစေနိုင်သည့် ဥပမာပြရမည့် ဖြစ်ရပ်တစ်ခုအဖြစ် ယူဆနိုင်သည်။
Source: ဘန်ကောက်ပို့စ်
![](/images/hghjgfhjfgj.jpg#joomlaImage://local-images/hghjgfhjfgj.jpg)
- By CNI
- Category: ဆောင်းပါး
- Hits: 570
CNI Sport Article
၂၀၂၄ ခုနှစ်၊ မတ်လ ၁
ဂျူဗင်တပ်စ်နဲ့ ပြင်သစ်လက်ရွေးစင် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကနဲ့ ပတ်သက်ခွင့် ၄ နှစ်ကြာ ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဒီလထဲမှာ အသက် ၃၁ နှစ်ပြည့်တော့မယ့် ပေါ့ဘာအတွက်တော့ ဒီလိုပိတ်ပင်ခံရမှုကြောင့် သူ့ရဲ့ကစားသမားဘဝ ဟာ ပြီးဆုံးသွားပြီလို့ ယေဘုယျပြောလို့ ရပါတယ်။
ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အထိ ခြေစွမ်းကောင်းခဲ့ ပြီး ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ မျှော်လင့်ခြင်းခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တားမြစ်ထားတဲ့ ဆေးကို သုံးစွဲမိခဲ့တာကြောင့် ပေါ့ဘာဟာ ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံ လိုက်ရပြီ ဖြစ်တာပါ။
ပေါ့ဘာအနေနဲ့ ဒီပြစ်ဒဏ်ကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာ အားကစားခုံရုံးထံ အယူခံ ဝင်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ တားမြစ်ထားတဲ့ testosterone ဆေးကို အသုံးပြုခဲ့တာကြောင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ပွဲကစားခွင့် ဆိုင်းငံ့ခံခဲ့ရတာပါ။ အောက်တိုဘာမှာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးတာမှာလည်း တားမြစ်ဆေးသုံးစွဲကြောင်း ထပ်ပြီးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့တန်ကြေး အကြီးဆုံး ကစားသမားဖြစ်ခဲ့ဖူးတဲ့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းထံ ဒုတိယအကြိမ်မြောက်ကစားဖို့ ပြန်လာကတည်းက စိတ်ပျက်စရာ တွေနဲ့သာ ကြုံတွေ့ခဲ့ရတာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း အတွက် မပါဝင်နိုင်ခဲ့ပါဘူး။
ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာကို တွေ့ရစဉ်
ဒီ ၁၀ ပွဲမှာဆိုရင် ပေါ့ဘာဟာ စီးရီးအေ ၆ ပွဲ၊ ယူရိုပါလိဂ် ၃ ပွဲနဲ့ ကိုပါအီတာလီယာ ၁ ပွဲ ပါဝင်ကစားခဲ့ပြီး ဒီပွဲတွေ အားလုံးမှာ ၁၆၂ မိနစ်သာ ကစားနိုင်ခဲ့တာပါ။
ဒီရာသီမှာတော့ ပေါ့ဘာဟာ ဒဏ်ရာကင်းစင်စွာနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်စရာတွေ ထပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီ ၂ ပွဲမှာ ပွဲကစားချိန်က ၅၁ မိနစ်သာ ရှိခဲ့တာပါ။
ဒီထက် စိတ်ပျက်စရာ ကောင်းခဲ့တာကတော့ ဒီရာသီ ဂျူဗင်တပ်စ်အသင်းရဲ့ ပထမဆုံး စီးရီးအေပွဲစဉ်အပြီး ကျပန်း ဆေးစစ်မှု ပြုလုပ်ခဲ့တာမှာ ပေါ့ဘာ တားမြစ်ဆေး သုံးစွဲတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပေါ့ဘာဟာ အခုဆို ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။
ပေါ့ဘာကတော့ သူ့ရဲ့ကစားသမားဘဝမှာ တည်ဆောက်ထားတဲ့ အရာအားလုံးဟာ သူ့ရဲ့အဝေးကို ထွက်ခွာသွားပြီ ဖြစ်တာကြောင့် အလွန်ဝမ်းနည်းတုန်လှုပ်ပြီး ကြေကွဲရတယ်လို့ ဖွင့်ဟထားပါတယ်။
ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာက သူဟာ ဒီဆေးကို တမင်သက်သက် သုံးစွဲခဲ့တာ မဟုတ်တဲ့အတွက် နိုင်ငံတကာအားကစားခုံရုံးမှာ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားနိုင်ပြီး ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်ရဖို့ သေချာနေတာပါ။
ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ ပေါ့ဘာဟာ ပြင်သစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ရယူခဲ့တာမှာလည်း အဓိကကျတဲ့သူ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပေါ့ဘာဟာ ယူနိုက်တက်အသင်းထံ ပြန်လည်ပြောင်းရွှေ့အပြီးမှာ နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သလို အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတာပါ။
ပေါ့ဘာဟာ အခုအချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝကို အဓိက အဆုံးအဖြတ်ပေးမယ့် အယူခံရလဒ်ကို စောင့်မျှော် နေရတော့မှာ ဖြစ်ပါတယ်။
ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ရင်တော့ တစ်ချိန်က ကမ္ဘာ့တန်ကြေး အကြီးဆုံးကစားသမား၊ ဘောလွန်းဒီဆု ရဖို့ မျှော်လင့်ထားသူ အဖြစ်ကနေ ကစားသမားဘဝကို စောစီးစွာ နှုတ်ဆက်ရသွားနိုင်တာပဲဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 409
CNI Article
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅
အမေရိကန်နိုင်ငံ စတင်ထူထောင်ခဲ့ချိန်က အမေရိကန်နိုင်ငံသားများသည် ၎င်းတို့နိုင်ငံကို ရှေးဟောင်း ရောမ နိုင်ငံတော်ကြီးနှင့် နှိုင်းယှဉ်ဖော်ပြမှုကို သဘောကျ နှစ်ခြိုက်ခဲ့ကြသည်။
ထိုနှိုင်းယှဉ် ဖော်ပြချက်များသည် လက်ရှိ အမေရိကန်နိုင်ငံ၏ အခင်းအကျင်းနှင့် တိုက်ဆိုင်မှု ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
ခရစ်တော်ပေါ်ပြီး ခုနှစ်ဖြစ်သည့် CE ၂၀၂၄ ခုနှစ် သို့မဟုတ် AD ၂၀၂၄ ခုနှစ်ဖြစ်သော အမေရိကန်နိုင်ငံ၏ အနေအထားသည် ခရစ်တော်မပေါ်ခင် ခုနှစ်ဖြစ်သည့် BCE ၄၉ ခုနှစ် သို့မဟုတ် BC ၄၉ က ရောမ အနေအထား နှင့် တူညီနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
ထိုနှစ်က ဇန်နဝါရီ ၁၀ ရက်တွင် ဂျူးလိယက် ဆီဇာ (Julius Caesar) သည် အင်အား လုံလောက်ခြင်း မရှိသည့် တပ်ဖွဲ့ တစ်ဖွဲ့နှင့်အတူ ရူဘီကွန် (Rubicon) မြစ်ကို ကျော်ဖြတ်ကာ အီတလီကို ကျူးကျော် ဝင်ရောက်ခဲ့သည်။
ထို့နောက် ဆီဇာနှင့် ရောမစစ်ဗိုလ်ချုပ် ပွန်ပီ (Pompei) တို့အကြား စစ်ဖြစ်ပြီး ပြည်တွင်းစစ် စတင်ခဲ့သည်။
ဆီဇာသည် ဘီစီ ၄၅ တွင် ဆန့်ကျင်ဘက် အင်အားစုများကို အနိုင်ရရှိခဲ့ပြီး ပြည်တွင်းစစ် ဖြစ်ပွားကာ ရောမတွင် ပြိုင်ဘက်မရှိသူ ဖြစ်လာခဲ့သည်။
ဆီးနိတ် (Roman Senate) ကလည်း မတတ်သာသည့် အဆုံးတွင် ဆီဇာကို အာဏာရှင်အဖြစ် ခန့်အပ်ခဲ့သည်။
ပြက္ခဒိန်ကို ပြင်ဆင်မှုများ၊ နယ်ဘက်အုပ်ချုပ်ရေးများကို ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေဆဲမှာပင် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားမှုကြောင့် ဆီးနိတ်အတွင်းမှ သက်ဦးဆံပိုင် အာဏာရှင်စနစ် ဖြစ်လာမည်ကို မလိုလား သူများက လုပ်ကြံခဲ့သဖြင့် ဆီဇာသည် BC ၄၄ တွင် ကွယ်လွန်သွားခဲ့သည်။
ထိုအဖြစ်အပျက်များသည် BC ၄၉ က ဖြစ်ပွားခဲ့သည့် ဆီဇာနှင့် ပွန်ပီတို့၏ အားပြိုင်မှုများ ဖြစ်ခဲ့သည်။
လက်ရှိတွင်လည်း အမေရိကန်တွင် သမ္မတရွေးကောက်ပွဲမတိုင်မီ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ အားပြိုင်မှုကို ကျွမ်းကျင်သူများက ရောမခေတ် ဆီဇာနှင့် ပွန်ပီတို့၏ အားပြိုင်မှုနှင့် နှိုင်းယှဉ်ဖော်ပြလျက်ရှိသည်။
အမေရိကန် အုပ်ချုပ်ရေးအလွှာအကြား ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ဘိုင်ဒန်သည် ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့် ထရမ့်ကဲ့သို့ပင် ရွေးကောက်ပွဲ အနိုင်ရရှိရန် မသေချာသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရ သည်ဟု ယူဆခံထားရသည်။
ထိုရွေးကောက်ပွဲတွင် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦး အနိုင်ရှိခဲ့မည်ဆိုပါက အနိုင်ရသူသည် ရှုံးနိမ့်သူကို အောက်ဖဲ လှန်ပြီး တရားရေးဆိုင်ရာ အမှုအခင်းများဖြင့် ရင်ဆိုင်စေရန် လုပ်ဆောင်နိုင်ခြေရှိသည်။
ထို့ပြင် ဘိုင်ဒန်ရော ထရမ့်ပါ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တရားရေး အမှုအခင်းများနှင့် ရင်ဆိုင်နေရသူများ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးအနိုင်ရပါက တစ်ဦး၏ တရားရေး အမှုအခင်းများကို တစ်ဦးက ရွှေ့ဆိုင်း ပေးထားခြင်းဖြင့် အပြန်အလှန် အကျိုးပြုပြီး ထိပ်တိုက်တွေ့မည့်အရေးကို ရှောင်လွှဲမည်ဆိုပါက ပိုမိုသင့်တော် သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ထရမ့်နှင့် ဘိုင်ဒန် လက်ထက်တွင် အမေရိကန်ပြည်သူများအကြား သဘောထား ကွဲလွဲမှုများလည်း ပိုမိုနက်ရှိုင်း လာသဖြင့် ဘိုင်ဒန်နှင့် ထရမ့်သည် ခေတ်သစ် အမေရိကန် ဆီဇာနှစ်ဦးကဲ့သို့ ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထရမ့်ကမူ ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိခဲ့မည်ဆိုပါက ဘိုင်ဒန်နှင့် ၎င်း၏ မိသားစုကို ခွင့်လွှတ်မည်ဖြစ်ကြောင်း၊ မည်သည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်နှင့်မှ ရင်ဆိုင်ရမည် မဟုတ်ကြောင်း ကတိပြုခဲ့သည်။
သို့သော် ထရမ့်အနေဖြင့် သူသည် ဆီဇာကဲ့သို့ စိတ်ထားကြီးမြတ်သူဖြစ်ကြောင်း ပြသနိုင်မည် ဟုတ်/မဟုတ်နှင့် ဘိုင်ဒန်သည်လည်း ပွန်ပီကဲ့သို့ ဂရုမစိုက်တတ်သည့် ပုံစံမျိုးကို ပြသမည် ဟုတ်/မဟုတ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
Source: Asia Times
![](/images/ttugih.jpg#joomlaImage://local-images/ttugih.jpg)
- By CNI
- Category: ဆောင်းပါး
- Hits: 601
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပေါ်တိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အာဆင်နယ်အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့် ချက်ရှိနေပေမယ့် ဆိုးရွားတဲ့ မှတ်တမ်းတွေကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၆ သင်းအဆင့်မှာပဲ အဆုံးသတ် ရမလားဆိုပြီး စိုးရိမ်မှုတွေရှိနေကြတာပါ။
တကယ်လည်း အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် မှတ်တမ်းတွေဟာ စိုးရိမ်စရာအဖြစ် ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ၇ ကြိမ်စလုံး အရေးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ထားတာပါ။
အာဆင်နယ်အသင်းနဲ့ပေါ်တိုအသင်း ယှဉ်ပြိုင်စဉ်
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် မတိုင်ခင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲစလုံးကို အနိုင်ရခဲ့ပြီး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုးက ၂ ဂိုးသာရှိခဲ့တာ ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းဟာ ဒီ ၅ ပွဲမှာ တစ်ပွဲကိုပျှမ်းမျှ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပေါ်တိုအသင်းနဲ့ပွဲမှာတော့ ၁ ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိတာပါ။
အာဆင်နယ်အသင်းဟာ ဂိုးသွင်းယူနိုင်ဖို့အတွက် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့တာက ပိုပြီးဆိုးရွားခဲ့တာ ဖြစ်ပါ တယ်။
ပရီးမီးယားလိဂ်ပွဲတွေမှာ ပြိုင်ဘက်အသင်း နောက်တန်းတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဆာကာ၊ မာတင်နယ်လီတို့ရဲ့ တောင်ပံ တိုက်စစ်တွေဟာ ပေါ်တိုအသင်းနဲ့ပွဲမှာ အသက်မဲ့ နေခဲ့တာကလည်း အာဆင်နယ်အသင်းအတွက် ဆိုးရွားခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ အသင်းရဲ့စွမ်းဆောင်ရည်ဟာ ဒီပွဲမှာလုံလောက်ခဲ့ခြင်း မရှိတာကြောင့် သင်ယူမှုတွေ ပြုလုပ်ရမယ်လို့ ပွဲအပြီးမှာ ပြောထားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒီရာသီမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရသလို အသင်းမှာရှိတဲ့ ကစားသမား အများစုကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို ပထမ ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရလို့ ဒီလိုပွဲမျိုးမှာ အတွေ့အကြုံက စကားပြောသွားခဲ့တာပါ။
အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်
ပေါ်တိုအသင်းရဲ့ဝါရင့်နောက်ခံလူ ပီပီရဲ့ ချန်ပီယံလိဂ်ပွဲ ကစားထားတဲ့ အရေအတွက် အာဆင်နယ်တစ်သင်းလုံး ချန်ပီယံလိဂ်ပွဲ ကစားထားတဲ့ အရေအတွက်တောင် ပိုပြီးများပြားနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးအသင်းအဖြစ် သတ်မှတ်ခံထားရပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁ ကြိမ်မှ ရယူနိုင်ခဲ့ခြင်း မရှိတာကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ရင် အာဆင်နယ် အသင်းအတွက် အမြဲတမ်းပြောစရာအဖြစ် ရှိနေခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီး အသင်းအပြင် နော်တင်ဟမ်ဖောရက်စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ထား နိုင်ခဲ့တာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်း ပရိသတ်တွေဟာ ချန်ပီယံလိဂ်နဲ့ ပတ်သက်လာရင် အမြဲတမ်းမျက်နှာငယ် ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ နီးစပ်ခဲ့တဲ့ ၁ ကြိမ်တော့ ရှိခဲ့ပါတယ်။
ဒါကတော့ ၂၀၀၅-၀၆ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲအထိတက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
ဒီပွဲကို ပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ပွဲချိန် ၁၈ မိနစ်မှာကတည်းက ဂိုးသမား လေမန်း ထုတ်ပယ်ခံ ခဲ့ရပေမယ့် နောက်ခံလူ ဆိုးလ်ကင်းဘဲလ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ဖလားနဲ့ အွန်နရီကိုတွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပွဲချိန် ၇၅ မိနစ်အထိ ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၂ ဂိုး ဆက်တိုက် ပေးခဲ့ရတာကြောင့် ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုက ဆီမီးဖိုင်နယ်ပါ။
အဲဒါကြောင့် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရတဲ့ ဒီနှစ်ပြိုင်ပွဲမှာတော့ ဆုဖလားရယူနိုင်ဖို့ အထိ အာဆင်နယ်အသင်းနဲ့ နည်းပြ အာတီတာတို့က မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘောလုံးဝေဖန်သုံးသပ်သူ အချို့ကတော့ အာဆင်နယ်အသင်းဟာ ပထမအကျော့မှာ အရေးနိမ့်ခဲ့ပေမယ့် ပေါ်တို အသင်းကို အိမ်ကွင်းမှာ အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေ အများကြီးရှိ သေးတယ်လို့ ပြောထားတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးဂိုး စည်းမျဉ်း မရှိတော့တာကြောင့် သူတို့ပြောသလို အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ အနိုင်ရယူနိုင်ရင် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ရှိနေပါတယ်။
ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားတဲ့ ပေါ်တိုအသင်းကို လွယ်လွယ်နဲ့ အနိုင်ရမှာမဟုတ်လို့ အာဆင်နယ်အသင်း အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မျှော်လင့်ချက်ကို အသက်ဆက်ဖို့အတွက် အများကြီး ကြိုးပမ်း အားထုတ်ရမှာပါ။
အဲဒါကြောင့် ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အာဆင်နယ်အသင်း အသက်ဆက်နိုင်မလားဆိုတာတော့ မတ်လ ၁၃ ရက်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 449
CNI Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ပြည်တွင်းစစ်သည် အိန္ဒိယ၊ အထူးသဖြင့် အိန္ဒိယ အရှေ့မြောက်ဒေသ အပါအဝင် အိမ်နီးချင်းနိုင်ငံများကို သိသာစွာ ရိုက်ခတ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က အာဏာကိုရယူခဲ့ပြီးနောက် မြန်မာနိုင်ငံသား ပေါင်း ၆၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံအတွင်း၊ အထူးသဖြင့် မီဇိုရမ် (Mizoram)၊ မဏိပူရ (Manipur) နှင့် နာဂလန်း (Nagaland) ပြည်နယ်များအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည်။
မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့် အခြား တရားမဝင် လှုပ်ရှားမှုများသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ပေါခြင်းသောခြင်း များပြားလာခဲ့သည်။
ပိုမိုအရေးကြီးသည့် အချက်မှာ အိန္ဒိယ၏ ပြည်မကြီးနှင့် အရှေ့မြောက်ပိုင်းအကြား၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ အာရှအကြား စီးပွားရေးကို ပေါင်းစပ်နိုင်ရန်အတွက် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသများမှ အရှေ့အာရှ၊ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန် မာလ်တီမိုဒယ် စီမံကိန်း ( Kaladan Multimodal Project) ကို ချိတ်ဆက်ရန် ရည်မှန်းထားသည့် အိန္ဒိယ၏ Act East မူဝါဒသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိခိုက်ခဲ့ရခြင်းဖြစ်သည်။
အိန္ဒိယ၏ မူဝါဒမှာ မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် ရှေးရှုသည့် ၎င်း၏ ချဉ်းကပ်မှုနှင့် ပတ်သက်ပြီး လစ်ဟာမှုများ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသည့် ပြဿနာများနှင့် လျင်မြန်စွာ ပြောင်းလဲနေသည့် စစ်ပွဲအခြေအနေသည် အိန္ဒိယ အစိုးရအဖွဲ့၏ မူဝါဒချမည့် သူများအတွက် စိန်ခေါ်မှုဖြစ်နေသည်။
လက်ရှိအချိန်အထိ အိန္ဒိယ၏ မူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံသည် မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို မရယူမီအချိန်က ကျင့်သုံးခဲ့သည့် မူဝါဒအဟောင်းနှင့် တူညီနေဆဲဖြစ်သည်။
ထိုမူဝါဒမှာ "wait and watch policy" ဖြစ်သည့် အခြေအနေကို စောင့်ကြည့်သော မူဝါဒဖြစ်သည်။
ဥပမာအားဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို ထိန်းချုပ်ထားသော အစိုးရနှင့် ထိတွေ့ ဆက်ဆံမည်ဖြစ်သည်။
ထိုအယူဝါဒအရ အိန္ဒိယသည် NUG နှင့် အခြား အတိုက်အခံ အုပ်စုများထက် ပိုမိုအင်အားကောင်းပြီး ခိုင်မာသည်ဟု ယူဆထားသည့် မြန်မာ့တပ်မတော်နှင့် ပွင့်လင်းစွာ ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးက အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ရာမှာ အိန္ဒိယ အစိုးရ အနေဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကဲ့သို့ မြန်မာဒုက္ခသည်များ အိန္ဒိယနိုင်ငံအတွင်းသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာမှုကို တားဆီးရန်၊ နယ်စပ်တွင် ဆလိုက်မီးများ တပ်ဆင်ရန်၊ နယ်စပ်စစ်ဆေးရေး စခန်းများ တည်ဆောက်ရန်၊ ကင်းထောက်လှမ်းမှုများ ပြုလုပ်ရန်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်း နေထိုင်သူ များကို တားဆီးရန် အကောင်းဆုံး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရက မြန်မာဒုက္ခသည်များ ဝင်ရောက်မှုကို တားဆီးရန်နှင့် ထိုဒုက္ခည်များကို ပြန်ပို့ရန် စီစဉ်နေသော် လည်း မြန်မာ- မီဇို (ချင်း) လူမျိုးများနှင့် အိန္ဒိယ- မီဇို လူမျိုးများအကြား နီးစပ်သည့် ယဉ်ကျေးမှုနှင့် လူမျိုးရေး ဆက်နွှယ်မှုများ ရှိနေသော မီဇိုရမ် (Mizoram) ပြည်နယ် အစိုးရကမူ ဗဟိုအစိုးရ၏ အစီအစဉ်များကို ငြင်းဆိုခဲ့သည်။
ထိုအဖြစ်အပျက်သည် လူအချို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ၏ အားနည်းချက် တစ်ခုဖြစ်ပြီး တစ်ဖက်မှ ကြည့်ပါကလည်း လူအချို့အတွက် အားသာချက်တစ်ခု ဖြစ်သည်ဟု မြင်တွေ့ရမည်ဖြစ်သည်။
ထိုအခြေအနေမျိုး၌ မိမိတို့အနေဖြင့် နိုင်ငံခြားရေးမူဝါဒများနှင့် နိုင်ငံတကာ ဆက်ဆံရေးများတွင် ပြည်နယ်အစိုးရ ၏ အရေးကြီးသည့် အခန်းကဏ္ဍကို မြင်တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် အခြားနိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၏ အခန်းကဏ္ဍသည် အရေးကြီး သည်ကို တွေ့ရမည်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုလူမျိုးများသည် ကျင့်ဝတ်သိက္ခာပိုင်းနှင့် လူမှုရေးအပိုင်းတွင် မှန်ကန်သည့် အရာများ ကို လုပ်ဆောင်ခဲ့ကြသည်။
အခက်ခဲဆုံး အချိန်ကာလများနှင့် ရင်ဆိုင်ခဲ့ရချိန်ကတည်းက ၎င်းတို့လူမျိုးစု၏ ညီအစ်ကို မောင်နှမများကို လက်ခံ ထားရှိခဲ့ပြီး ၎င်းတို့၏ ကျင့်ဝတ်သိက္ခာကို လက်တွေ့ပြသခဲ့ကြသည်။
မည်သို့ပင်ဆိုစေ မြန်မာ- မီဇို (ချင်း)လူမျိုး ညီအစ်ကိုမောင်နှမများ သို့မဟုတ် မြန်မာဒုက္ခသည်များကို ၎င်းတို့ ပြည်နယ်အတွင်း လက်ခံထားရှိမှုနှင့်အတူ မလိုလားအပ်သည့် လူမှုရေးပြဿနာများလည်း တွဲပါလာခဲ့သည်။
ဥပမာအားဖြင့် မကြာသေးမီ ရက်ပိုင်းအတွင်း ဒုက္ခသည် မဟုတ်သည့် မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ် စီယာဟ (Siaha) ခရိုင်တွင် အိန္ဒိယနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ခဲ့သော ရာဇဝတ်မှုကို မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှေးရှုသည့် မှန်ကန်သော မူဝါဒများ ချမှတ်ရန်အတွက် စိန်ခေါ်မှု များ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည် စိစစ်သင့်ကြောင်း ပြီးခဲ့သည့် ၃ နှစ် ကတည်းက ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သော်လည်း အိန္ဒိယအစိုးရကမူ မူဝါဒအဟောင်းကိုပင် မပြောင်းလဲဘဲ ဆက်လက် ကျင့်သုံးခဲ့သည်။
သို့သော် မမျှော်လင့်ရသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာသောအခါ အိန္ဒိယ၏ မူဝါဒအဟောင်းသည် အလုပ်မဖြစ်တော့သည်ကို တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသများသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို သက်ရောက်မှု အရှိဆုံးဖြစ် သည်။
ထို့ကြောင့် မကြာသေးမီ ရက်ပိုင်းများအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာမည့် ဗဟိုအစိုးရ အစီအစဉ် ကို မဏိပူရပြည်နယ်အစိုးရက ငြင်းဆိုခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအနေဖြင့် တရုတ်ကဲ့သို့ အသွားနှစ်ဖက်ပါသည့် ဓား သံတမန် မူဝါဒ (two-edged sword diplomatic policy) မျိုးကို ကျင့်သုံးနိုင်သည်။
တရုတ်၏ ထိုမူဝါဒမှာ တပ်မတော်နှင့်ရော တရုတ်-မြန်မာနယ်စပ်ဒေသ တစ်လျောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သည့် မူဝါဒမျိုးဖြစ်သည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် ဖြစ်လာသည့် အချိန်ကျမှ တုန့်ပြန်ဆောင်ရွက်ခြင်းထက် မဖြစ်ဖြစ်အောင် အခြေအနေ ကို ဖန်တီးယူသည့် မူဝါဒ (Proactive Policy) ကို ကျင့်သုံးပြီး မီဇိုရမ်ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရက မြန်မာ့ အရေးကို လိုက်လျောညီထွေ ကိုင်တွယ်ဆောင်ရွက်သွားရန် အရေးကြီးလှပေသည်။
Source: Northeast Now