- By CNI
- Category: ဆောင်းပါး
- Hits: 525
CNI International Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄
လက်ရှိတွင် ယူကရိန်း-ရုရှား၊ အစ္စရေး-ဟားမာ့စ်တို့အကြား ပြင်းထန်စွာ ဖြစ်ပွားနေသည့် စစ်ပွဲနှစ်ပွဲသည် နိုင်ငံတကာ၏ အာရုံကို ဖမ်းစားထားသည်။
သို့သော် ယခုလ အစောပိုင်းက မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနယ်စပ်တွင် နှစ်နိုင်ငံစလုံးက လက်နက် ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည့် အကြောင်းအရာသည် ကမ္ဘာလုံး ဆိုင်ရာ စစ်ပွဲများအတွင်း အမေ့လျော့ခံ စစ်မျက်နှာတစ်ခု ဖြစ်နေခဲ့သည်ကို နိုင်ငံတကာအား ပြန်လည်သတိပေးရာ ရောက်ခဲ့သည်။
မြောက်ကိုရီးယားသည် ပင်လယ်ရေကြောင်း နယ်စပ် သို့မဟုတ် NLL အနီးရှိ တောင်ကိုရီးယား၏ ကျွန်းနှစ်ကျွန်း အနီးကို လက်နက်ကြီးများဖြင့် အကြိမ် ၂၀၀ ခန့် ပစ်ခတ်ခဲ့သည်။
တောင်ကိုရီးယားစစ်တပ်ကလည်း ထိုနေရာအနီးတွင် ရေတပ်စစ်ရေး လေ့ကျင့်မှုများနှင့် ပစ်ခတ်မှုများ ပြုလုပ် ခဲ့သည်။ ထိုဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံအကြား ပြင်းထန်သည့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန် (DMZ) မှ အမေရိကန်တပ်ဖွဲ့များ အပါအဝင် ထောင်နှင့်ချီသည့် ကိုရီးယား နှစ်နိုင်ငံမှ စစ်သားများကို ပြန်လည်ရုပ်သိမ်းရန် သဘောတူခဲ့သော ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက် ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်မ်က တောင်ကိုရီး ယားနိုင်ငံ၌ ကြီးမားသည့် ဖြစ်စဉ်တစ်ခု ပြုလုပ်ရန်အတွက် ပြင်ဆင်ထားရန် စစ်တပ်ကို တိုက်တွန်းခဲ့သည်။
ထို့အပြင် နျူကလီးယားအင်အား အပါအဝင် တပ်ဖွဲ့များနှင့် စစ်လက်နက် ပစ္စည်းများအားလုံးကို စုရုံးပြီး တောင်ကိုရီးယား နယ်နိမိတ်တစ်ခုလုံးကို လက်အောက်ခံအဖြစ် သွတ်သွင်းရန် ပြောကြားခဲ့သည်။
ယူကရိန်းစစ်သားတွေကို တွေ့ရစဉ်
ကိုရီးယားကျွန်းဆွယ်၏ အခြေအနေကို လေ့လာစောင့်ကြည့်နေသူများကမူ မြောက်ကိုရီးယား၏ ရန်လိုသည့် ကြေညာချက်များကြောင့်သာမက တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk-yeol) ၏ ခက်ထန်သည့် သဘောထားကြောင့်ပါ တင်းမာမှုများ မြင့်တက်လာမည့် အန္တရာယ်ကို စိုးရိမ်လျက်ရှိသည်။
"၂၀၂၄ ခုနှစ်ဟာ ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်နဲ့ ပင်လယ်ရေကြောင်းနယ်စပ်မှာ ရန်စမှုတွေ၊ တင်းမာမှုတွေ နဲ့ နည်းဗျူဟာမြောက် ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ နှစ်တစ်နှစ်အဖြစ် ပုံဖော်နေပါတယ်" ဟု ဝါရှင်တန်အခြေစိုက် Heritage Foundation မှ ထိပ်သီး သုတေသီလည်းဖြစ် စီအိုင်အေ (CIA) ကျွမ်းကျင်သူဟောင်းလည်းဖြစ်သည့် ဘရုစ် ကလင်နာက (Bruce Klingner) က ပြောကြားခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက် ပြိုကွဲသွားမှုသည် နှစ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ များအကြား အနီးကပ် ထိတွေ့မှုများ ပိုမိုမြင့်တက်လာမည့်သဘော ဖြစ်သည်။
ပင်လယ်ရေကြောင်း နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်စဉ်များသည် နှစ်ဖက်စလုံးက ၎င်းတို့သည် အားနည်း ခြင်းမရှိကြောင်း ပြသသည့် သဘောဖြစ်သည်ဟု တောင်ကိုရီးယား၏ ထိပ်သီးကျွမ်းကျင်သူ အန်ဒရီ လန်ကော့ဗ် (Andrei Lankov) က ပြောကြားခဲ့သည်။
"နှစ်ဖက်စလုံးက သူ့ထက်ငါ အရင် အလျှော့ပေးမယ့်ပုံ မပေါ်ပါဘူး။ အဲဒါကြောင့် တင်းမာမှုကို ပိုပြီး မြင့်တက်ဖို့ပဲ ရှိပါတယ်။ မြောက်ကိုရီးယားဟာ ယွန်းဆော့ရွဲ အစိုးရအဖွဲ့ကို ရန်လိုတင်းမာတဲ့ မူဝါဒအတွက် သင်ခန်းစာပေးဖို့ ဆုံးဖြတ်ထားပုံပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုရီးယားစစ်ပွဲ နောက်တစ်ကြိမ် ဖြစ်ပွားလာမည့် အခြေအနေမျိုးတွင် မြောက်ကိုရီးယားကို ထောက်ခံထားသည့် ရုရှား၊ တရုတ်နှင့် တောင်ကိုရီးယားအား ထောက်ခံသော အမေရိကန်တို့အကြား တင်းမာမှုမြင့်တက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် ကင်မ်တို့ တွေ့ဆုံးပြီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စစ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးများကို တိုးမြှင့်ခဲ့ကြသည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် လက်နက်ခဲယမ်း အများအပြားကို ပေးပို့ခဲ့ပြီး ရုရှားသည် မြောက်ကိုရီးယားက ထောက်ပံ့ပေးထားသည့် ပဲ့ထိန်းဒုံးကျည်များအား ပစ်ခတ်ခဲ့ကြောင်း အမေရိကန်အရာရှိများ က စွပ်စွဲခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် မကြာသေးမီက စစ်ဘက်သုံး စပိုင်ဂြိုဟ်တု လွှတ်တင်မှု အပါအဝင် ဒုံးကျည် စမ်းသပ်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များကိုလည်း စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိများကမူ ရုရှားသည် မြောက်ကိုရီးယား၏ ဒုံးကျည်စနစ်များကို ပြီးပြည့် စုံမှုရှိစေရန် ကူညီထောက်ပံ့ပေးနေပြီး ခေတ်မီ လေယာဉ်များနှင့် အခြားလက်နက် နည်းပညာများကိုလည်း ထောက်ပံ့ပေးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယား၏ မဟာမိတ်ဖွဲ့မှုသည် ကင်မ်အတွက် မဟာဗျူဟာမြောက် ထိပ်တိုက်တွေ့မှု များ ပြုလုပ်ရန် ရဲဆေးတင်းပေးနိုင်ခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးသော်လည်း ရုရှားအနေနှင့် ကမ္ဘာလုံး ဆိုင်ရာ သြဇာ အာဏာယှဉ်ပြိုင်မှုတွင် အမေရိကန်နှင့် နောက်ထပ် စစ်မျက်နှာဖွင့်ရမည့် အခြေအနေကို လိုလား မည်မဟုတ်ပေ။
ထို့ပြင် မြောက်ကိုရီးယားအား စီးပွားရေး အထောက်အပံ့ပေးနေပြီး ကုန်သွယ်မှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံ ကလည်း မည်ကဲ့သို့ တုန့်ပြန်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
တရုတ်သည် လက်ရှိ ရုရှားနှင့် မြောက်ကိုရီးယားအကြား ရင်းနှီးသည့် ဆက်ဆံရေး အခြေအနေကို လိုလားခြင်း မရှိနိုင်ကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှ အနာဂတ်မဟာဗျူဟာ အင်စတီကျူ၏ အကြီးအကဲဖြစ်သည့် မြောက်ကိုရီးယား ကျွမ်းကျင်သူ ကင်ဗြောင်ယွန် (Kim Byung-yeon) က ပြောကြားခဲ့သည်။
"ရုရှားရဲ့ ထောက်ပံ့မှုနဲ့အတူ ခေတ်မီနျူကလီယား လက်နက်တွေ ရရှိထားတဲ့ မြောက်ကိုရီးယားဟာ ရေရှည်မှာ တရုတ်ကို ခယနေတော့မှာ မဟုတ်ပါဘူး။ တရုတ်အနေနဲ့ မြောက်ကိုရီးယားကို ထိန်းချုပ်ဖို့ စီးပွားရေး အကူအညီ တွေကို လျှော့ချတဲ့နည်းနဲ့ ကြိုးပမ်းဖွယ်ရှိပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ရည်ရွယ်ချက်မှာ ရန်လိုမှုများ မဟုတ်နိုင်ကြောင်း၊ အထူးသဖြင့် ရှီသည် အမေရိကန်နှင့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းနေပြီး တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ဆက်ဆံရေးများလည်း တိုးတက်နေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ထိပ်တိုက်တွေ့ရန် အခြားအကြောင်းရင်းများ ရှိနေပြီး အချို့အကြောင်းရင်းများမှာ လျှို့ဝှက်ထားဆဲဖြစ်သည်ဟု လန်ကော့ဗ်က ပြောကြားခဲ့သည်။
အစ္စရေးနဲ့ဟားမာ့စ်စစ်ပွဲကို တွေ့ရစဉ်
မြောက်ကိုရီးယားသည် လာမည့် တောင်ကိုရီးယား အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအပေါ် သြဇာလွှမ်းမိုးရန် နည်းလမ်းတစ်ခုအဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းနှင့် ၎င်း၏ အစိုးရအဖွဲ့ကို ထိပ်တိုက် တွေ့ဖွယ်ရှိပြီး တောင်ကိုရီးယား လူထုအကြား စစ်ပွဲအတွက် အကြောက်တရားများကို ရိုက်သွင်းနိုင်ခြေရှိသည်။
လက်ရှိအချိန်အထိ မြောက်ကိုရီးယားသည် ခြိမ်းခြောက်သည့် စကားများကို ပြောကြားနေသည့်တိုင် ကင်မ်ဂျုံအန် သည် ယခုနှစ်စမှစပြီး နျူကလီးယား အကျပ်အတည်းကို အဆုံးစွန်း အခြေအနေအထိ တွန်းအားပေး လုပ်ဆောင် သွားနိုင်ခြေမရှိကြောင်း ဆိုးလ်တက္ကသိုလ်မှ ပါမောက္ခ ကင်မ်ဗြောင်ယွန်က ပြောကြားခဲ့သည်။
"ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ အမေရိကန်နဲ့ တရုတ် အားပြိုင်မှု၊ ရုရှား-ယူကရိန်း စစ်ပွဲတွေကြောင့် မြောက်ကိုရီးယားဟာ သူတို့ဆီမှာ အသာစီးရနေတဲ့ အခြေအနေရှိတယ်လို့ ယူဆထားလို့ ဖြစ်ပါတယ်" ဟု ကင်မ် က ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားကို လက်နက်များရောင်းချမှု၊ တရုတ်နှင့် ကုန်သွယ်မှုများ ပြန်လည်စတင်မှုတို့ကြောင့် စီးပွားရေး တိုးတက် ကောင်းမွန်လာသည့် အခြေအနေကို ချက်ချင်း ပြောင်းလဲသွားစေမည့် အခြေအနေမျိုးကို မြောက်ကိုရီးယားက လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။
လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲသည်လည်း မြောက်ကိုရီးယားက ထည့်သွင်းစဉ်းစားသည့် အကြောင်း အရာတစ်ရပ် ဖြစ်နေသည်။
"ဒေါ်နယ်ထရမ့် (Donald Trump) နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံရရင် အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား ဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေရှိပါတယ်။ အဲဒါကြောင့် မြောက်ကိုရီးယားဟာ ကောင်းမွန်တဲ့ အချိန်ကို စောင့်ဆိုင်း နေနိုင်ပါတယ်" ဟု ကင်မ်ဗြောင်ယွန်က ပြောကြားခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် အပြုသဘောဆောင်သည့် ရှုထောင့်မှ ကြည့်ရမည်ဆိုပါက မြောက်ကိုရီးယားသည် မဟာဗျူဟာမြောက် ဆုံးရှုံးနစ်နာမှုများကို ဖြစ်ပွားစေနိုင်မည့် အခြေအနေကို စတင်လုပ်ဆောင်လိမ့်မည် မဟုတ် ကြောင်း စီအိုင်အေ ကျွမ်းကျင်သူဟောင် ကလင်နာက ပြောကြားခဲ့သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 298
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂
ယူနိုက်တက်အသင်းမှာ စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့ ဆန်ချိုကတော့ အခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြန်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းမှာ ပထမအကြိမ် ကစားခဲ့တုန်းက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက်အသင်းဟာ ဆန်ချို ကို ပေါင် ၇၃ သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ပေမယ့် ဆန်ချိုရဲ့ အကောင်းဆုံးပုံစံတွေကို အသုံးချခွင့် မရခဲ့ပါဘူး။
ဒီရာသီ အပါအဝင် ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ၂ ရာသီခွဲ ကစားခဲ့ပြီး ပွဲပေါင်း ၈၂ ပွဲ ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြနိုင်တဲ့ ပွဲအရေအတွက်က လက်ချိုးပြီးတောင် ရေတွက်လို့ရတာပါ။
ဆန်ချိုဟာ ဒီရာသီမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ လူသိရှင်ကြား ထိပ်တိုက်တွေ့ခဲ့တဲ့ သတင်းဟာ ခေါင်းကြီးပိုင်း အဖြစ် ရှိခဲ့ပြီး ဒီအခြေအနေကြောင့်ပဲ ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ရဲ့ အဖြစ်အပျက်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ဆုံးဖြတ်ရ ခက်ပေမယ့် ယူနိုက်တက်အသင်းကတော့ စိတ်ပျက်စရာတွေကို ကြုံတွေ့ခဲ့ရတာပါ။
ဆန်ချိုကို တွေ့ရစဉ်
ဆန်ချိုဟာ ဒတ်ချ်လူမျိုးနဲ့ ပြဿနာဖြစ်ခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က နောက်ပိုင်း ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရတော့သလို တစ်ဦးတည်းသာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဆန်ချိုဟာ တစ်ဦးတည်း ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ယူနိုက်တက်အသင်းမှာ ပြန်ကစားခွင့် ဝေးခဲ့ ရတာပါ။
ဆန်ချိုကတော့ ယူနိုက်တက်အသင်းမှာ ပြန်ကစားခွင့်ရဖို့ထက် အခြားအသင်း တစ်သင်းမှာသာ သူ့ရဲ့ခြေစွမ်းကို ပြန်သက်သေပြချင်နေတာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဆန်ချိုဟာ သူ့ရဲ့ကစားသမားဘဝကို တောက်ပအောင် လုပ်ပေးခဲ့တဲ့ အသင်းဟောင်း ဒေါ့မွန် အသင်းကို ပြန်ပြောင်းရွှေ့ခဲ့တာပါ။
ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ပထမအကြိမ် ကစားခဲ့ချိန်က ပွဲပေါင်း ၁၃၇ ပွဲမှာ ဂိုး ၅၀ သွင်းယူခဲ့ပြီး ဂိုး ၆၀ ဖန်တီး ပေးနိုင်ခဲ့ကာ အသင်းကြီးအချို့ကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံးဆု ၃ ကြိမ်၊ ဘွန်ဒစ်လီဂါ အကောင်းဆုံးအသင်းမှာ ၂ ကြိမ် အပါအဝင် တစ်ဦးချင်းဆုတွေ အများကြီး ရယူနိုင်ခဲ့တာပါ။
ဆန်ချိုနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
အဲ့ဒါကြောင့်လည်း ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပြီး တစ်ရာသီ စောင့်ဆိုင်းပြီးမှ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆန်ချိုရဲ့ ဒေါ့မွန်အသင်းက ခြေစွမ်းတွေကို ယူနိုက်တက်အသင်းမှာ ပရိသတ်တွေ မြင်တွေ့ရခြင်း မရှိခဲ့ ပါဘူး။
ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတာကြောင့် အင်္ဂလန်အသင်းမှာလည်း ကစားခွင့်ဝေးကွာခဲ့တာပါ။
ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက အင်္ဂလန်အသင်း လူစာရင်းမှာ ပုံမှန်ရွေးချယ်ခံခဲ့ရတဲ့ ဆန်ချိုဟာ ယူနိုက်တက် အသင်းကို ရောက်ပြီးချိန်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရ ပါတယ်။
ဆန်ချိုကိုတွေ့ရစဉ်
ဒါ့အပြင် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာလည်း အင်္ဂလန်အသင်း လူစာရင်းကနေ မရွေးချယ်ခံခဲ့ရတာကြောင့် ဆန်ချိုရဲ့ အင်္ဂလန် အနာဂတ်ကလည်း စိုးရိမ်စရာတွေ ရှိလာခဲ့တာပါ။
ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့တာက သူ့ရဲ့ကစားသမားဘဝကို ပြန်ပြီးတောက်ပအောင် လုပ်ဖို့နဲ့ အင်္ဂလန်အသင်း လူစာရင်းထံ ပြန်ရွေးချယ်ခံရနိုင်တဲ့ အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။
ဆန်ချိုဟာ ဒီအခွင့်အရေးကို အသုံးချနိုင်မယ်ဆိုရင် နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်နိုင်မယ့် အခြေအနေမှာ ရှိတာပါ။
အဲ့ဒါကြောင့် ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာ သူ့ရဲ့ အရင်ခြေစွမ်းတွေကို ပြသပြီး အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံရမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 685
CNI Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
အမေရိကန်တွင် လာမည့် နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)သည် များပြားလှသည့် တရားမမှု စွဲချက်များ၊ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့်တိုင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အလားအလားရှိနေသည်။
လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် နောက်ထပ် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မဲဆန္ဒရှင်များကမူ ဘိုင်ဒန်၏ အသက်အရွယ်ကြောင့် သမ္မတအဖြစ် နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိကို စိုးရိမ်နေသော်လည်း လက်ရှိတွင် အမေရိကန်၏ ခိုင်မာတောင့်တင်းသည့် စီးပွားရေးစွမ်းဆောင်ရည် များကြောင့် ထိုစိုးရိမ်မှုများကို အနည်းငယ် ပြေလျော့စေခဲ့သည်။
နိုင်ငံတကာ အခင်းအကျင်းနှင့် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေချိန်တွင် ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တရုတ်၏ သြဇာလွှမ်းမိုးရေး ယှဉ်ပြိုင်မှု၊ အစ္စရေးနှင့် ဟားမာ့စ် ပဋိပက္ခ၊ ရုရှား-ယူကရိန်း ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထို့ပြင် သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့နှင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ဖွဲ့စည်းထားသည့် Quad အဖွဲ့များ၏ စီမံချက်များကြောင့် အာရှ-ပစိဖိတ် လုံခြုံရေးအခြေအနေ ပြောင်းလဲလာသည့် အချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထရမ့်အနေနှင့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်မည့် အခြေအနေကို အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန်၏ မဟာမိတ်များက စိုးရိမ်ပူပန်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်သည် နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံရနိုင်မည့် အလားအလား ရှိနေခြင်းကြောင့် ဖြစ်သည်။
အမေရိကန်သာ ပထမဆိုသော ကြွေးကြော်သံကိုတွေ့ရစဉ်
ထရမ့်သည် ရီပတ်ဘလစ်ကန်ပါတီ၏ ပြယုဂ်တစ်ခုဖြစ်နေပြီး ရွေးကောက်ပွဲအကြို လူထုသဘောဆန္ဒခံယူမှု စစ်တမ်းများတွင်လည်း ထရမ့်သည် ဘိုင်ဒန်နှင့် သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်သည့် ရလဒ်များ ထွက်ပေါ်နေသည်။
ထရမ့်၏ သမ္မတ ဒုတိယသက်တမ်းသည် ပထမသက်တမ်းထက် ပိုမိုပြင်းထန်ဖွယ် ရှိနေသည်။ ထရမ့်၏ မူဝါဒ များသည် ပြည်တွင်းရေးကို အဓိကထားသည်။
ထို့အတူ ဒီမိုကရက်များ၊ တိုးတက်ပြောင်းလဲရေးဝါဒီများ၊ မွတ်ဆလင်များ၊ ရွှေ့ပြောင်းနေထိုင်သူများကို နှိပ်ကွပ် မည်ဆိုပါက ၎င်းအား ထောက်ခံသူများ၏ မဲများကို တစ်ခဲနက် ရရှိလိမ့်မည်ကို ထရမ့်က သိရှိနားလည်ထားသည်။
ထရမ့်သည် ၎င်းအား သစ္စာခံသူများကို အစိုးရအဖွဲ့၏ ရာထူးနေရာများတွင် ခန့်ထားမည်ဟုလည်း မကြာခဏ ကတိပြုခဲ့သည်ဟု ဆိုသည်။
သူကိုယ်တိုင်ကလည်း ပြည်တွင်းရှိ သူ့ ပြိုင်ဘက်များကို နှိမ်နင်းနိုင်မည့် ဖက်ဒရယ်အာဏာကို မည်သို့ အသုံးပြု ရမည်ဆိုသည့် အန္တရာယ်များသော အတွေးအမြင်များကို ချပြနိုင်မည့်သူများကို သူ့အနီးတွင် ခေါ်ထားရန် အစီအစဉ်များရှိကြောင်း စွပ်စွဲခံထားရသည်။
ပထမသမ္မတသက်တမ်းနှင့် မတူညီသည့်အချက်မှာ ၎င်း၏ ကံကြမ္မာသည် အမေရိကန်၏ အဓိက အင်စတီကျူး ရှင်းများကို ပြတ်သားစွာ ဆန့်ကျင်ရန် ၎င်း၏ လုပ်နိုင်စွမ်းများအပေါ် မူတည်နေသည့် အချက်ကို သိရှိနားလည် သွားခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း ထရမ့်တွင် ၎င်း၏ အထူးနိုင်ငံရေး အဖွဲ့ရှိထားသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က လွှတ်တော်ကို ဝင်ရောက်စီးနင်းပြီး အမေရိကန်၏ ဒီမိုကရေစီကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းမှု မအောင် မြင်ခဲ့ပြီးနောက် ထရမ့်သည် သမ္မတအုပ်ချုပ်ရေး အမိန့်ဖြင့် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းဖွယ် ရှိသည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ သံခင်းတမန်ခင်း ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများ သည် ဖက်ဒရယ်အစိုးရအပေါ်တွင် မူတည်နေသည်။
ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အကြား ရင်းနှီးမှုများကြောင့် ထရမ့်သည် ပုဂ္ဂိုလ်ရေး အရ ယူကရိန်းကို စွန့်လွှတ်ဖွယ် ရှိနေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဘိုင်ဒန်ကို တွေ့ရစဉ်
ဥရောပနှင့်ပတ်သက်ပြီး ထရမ့်အတွက် ရွေးချယ်စရာ များပြားလှသည်။ ထရမ့်အနေနှင့် အမေရိကန်ကို နေတိုး အဖွဲ့ထဲက ဆွဲထုတ်ခြင်း၊ ယူကရိန်းအတွက် စစ်ရေးအကူအညီများကို ရပ်တန့်လိုက်ခြင်း အစရှိသည့် အခြေအနေ များလည်း ဖြစ်လာနိုင်သည်။
ထရမ့်သည် အာရှ-ပစိဖိတ်ဒေသတွင်လည်း ပိုနေမြဲ ကျားနေမြဲ သို့မဟုတ် ရှိရင်းစွဲအခြေအနေကို ဆက်လက် ထိန်းသိမ်းရန် ကတိပြုနိုင်ခြေမရှိပေ။
အဘယ်ကြောင့်ဆိုသော် ထရမ့်သည် အာရှ-ပစိဖိတ်ဒေသအရေးကို မည်မျှ အရေးတယူ ကိုင်တွယ် ဆောင်ရွက် လိမ့်မည်ဆိုခြင်းကို ရှင်းလင်းတိကျစွာ မသိရသေးခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ထရမ့်၏ အရှေ့အလယ်ပိုင်း မူဝါဒကို ရှုပ်ထွေးသွားစေနိုင်သော်လည်း ထရမ့်သည် ထိုပဋိပက္ခအတွက် အဖြေရှာရန် အစ္စရေး၏ တစ်ယူသန်သည့် အစွန်းရောက်အင်အားစုနှင့် ပူးပေါင်းသွားဖွယ်ရှိနေသည်။
ထိုအခြေအနေများထဲတွင် ဂါဇာဒေသပဋိပက္ခ၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း (West Bank) ဒေသတွင် ဂျူးရပ်ကွက်များ တည်ဆောက်မှုကြောင့် အကြမ်းဖက်မှုများ မြင့်တက်လာမှု၊ ပါလက်စတိုင်း အရပ်သားများ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ အစ္စရေး-ပါလက်စတိုင်းနှစ်ပြည်ထောင် တူယှဉ်တွဲနေထိုင်မှုကို အဆုံးသတ်စေသည့် ဖြေရှင်း ချက်များလည်း ပါဝင်နေသည်။
ထိုအခြေအနေများထဲမှ တစ်စုံတစ်ခု လွဲချော်သွားခဲ့မည်ဆိုပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား ဆက်ဆံရေး ကတောက်ကဆတ် ဖြစ်စေနိုင်မည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒမှာမူ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် သဟဇာတဖြစ်မှု၊ မျှတမှု ရှိနေသည်ကို တွေ့ရသည်။
ဘိုင်ဒန်သည် နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများအပေါ် ယုံကြည်ချက်ရှိသည်။ အမေရိကန်သည် အမေရိကန် ပြည်သူများအတွက် လုံခြုံရေးနှင့် ချမ်းသာသုခကို ရရှိစေရန် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတစ်ခုကို ထူထောင်ခဲ့ ထားကြောင်း ဘိုင်ဒန်က သိရှိနားလည်ထားသည်။
ထို့ပြင် ဘိုင်ဒန်သည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အခြေအနေတွင် အလွန်ခက်ခဲသည့် အနေအထားမျိုး၌ပင် အမေရိကန်နိုင်ငံကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ခဲ့သည်။
ထို့ကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများက စိုးရိမ်နေသည့်ကြားထဲမှ ထရမ့်သာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက အမေရိကန်၏ မူဝါဒအပြောင်းအလဲသည် အဆိုးဘက်သို့လော သို့မဟုတ် အကောင်းဘက်သို့လော ဆိုသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 564
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင် ဝိန်းရွန်နီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်တာ ရက်ပေါင်း ၈၂ ရက်သာ ရှိသေးပေမယ့် ရလဒ်ဆိုးတွေကြောင့် အသင်းဘက်က သူ့ကို စိတ်ရှည်သည်းခံမှု အဆုံးသတ်သွားခဲ့တာပါ။
ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ ယူနိုက်တက်အသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝကတော့ အလွန်ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တာကြောင့် အားလုံးရဲ့အထင်ကြီးမှုကို ရခဲ့ပြီး နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမယ့် ဝိန်းရွန်နီရဲ့ နည်းပြဘဝ အစဟာ ဆိုးရွားမှုတွေနဲ့သာ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဒါဘီအသင်းရဲ့ ကစားသမားအဖြစ်ကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် ပြောင်းလဲပြီး နည်းပြ လောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ နည်းပြဘဝ ပထမရာသီမှာ ဒါဘီအသင်းကို တန်းဆင်းမယ့် အန္တရာယ်ကနေ လွတ်မြောက်အောင် ကိုင်တွယ်နိုင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယရာသီမှာတော့ ဒါဘီအသင်းဟာ ရမှတ် ၂၁ မှတ်အထိ အလျှော့ခံခဲ့ရတာကြောင့် ဝိန်းရွန်နီအတွက် ခက်ခဲခဲ့ပြီး အသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားခဲ့ရပါတယ်။
ဒါဘီအသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားပြီး နောက်မှာ ဝိန်းရွန်နီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
ဝိန်းရွန်နီကို တွေ့ရစဉ်
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်းဟာ ဒါဘီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၈၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၈.၂ ရာခိုင်နှုန်းသာရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ ဒါဘီအသင်းကနေ ထွက်ခွာအပြီး ရက်အနည်းငယ်အကြာမှာ အသင်း ဟောင်း ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းရဲ့ ပွဲဦးထွက်မှာ အဖွင့်လှခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းဟာ ရလဒ်တွေဆိုးခဲ့ပြီး မနှစ်ကရာသီမှာ မေဂျာလိဂ်ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။
အဲ့ဒါကြောင့် နှစ်ဦးသဘောတူညီမှုနဲ့ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၅၃ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၆.၄ သာရှိခဲ့တာပါ။
ဝိန်းရွန်နီ အတွက်တော့ နည်းပြ အလုပ်အကိုင်က မရှားခဲ့ဘဲ ဒီစီယူနိုက်တက်အသင်းက ထွက်ခွာပြီး ရက်ပိုင်း အကြာမှာ ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီ မကိုင်တွယ်ခင်က ဘာမင်ဂမ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်မယ့် ပလေးအော့ဖ် ဝင်ခွင့်အဆင့် နေရာမှာ ရပ်တည်နေတာပါ။
အဲ့ဒါကြောင့် အသင်းတာဝန်ရှိသူတွေက ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီရဲ့ ဘာမင်ဂမ်အသင်း တာထွက်ခရီးဟာ မလှပခဲ့ဘဲ အဖွင့် ၅ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ဝိန်းရွန်နီဟာ မထုတ်ပယ်ခံရခင် အချိန်အထိ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ဘာမင်ဂမ်အသင်းရဲ့ အဆင့်ကလည်း သူမကိုင်တွယ်ခင်က အဆင့် ၆ ကနေအဆင့် ၂၀ နေရာအထိ ရောက်ရှိသွား ခဲ့တာ ဖြစ်ပါတယ်။
ဒီရလဒ်တွေဟာ ဘာမင်ဂမ်အသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် လက်ခံနိုင်စရာ မရှိခဲ့တဲ့အတွက် အဆုံးသတ်ဟာ မလှပခဲ့တာပါ။
ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၁၃.၃ သာရှိခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီကို တွေ့ရစဉ်
ဒါဘီနဲ့ ဒီစီယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ခဲ့တုန်းက မအောင်မြင်ခဲ့လို့ အရမ်းကြီး ဝေဖန်မခံခဲ့ရတဲ့ ဝိန်းရွန်နီ ဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ချိန်မှာတော့ ဝေဖန်မှု အပြင်းအထန်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိန်းရွန်နီအတွက်တော့ အဆင့် ၆ နေရာက အသင်းကို အဆင့် ၂၀ နေရာအထိ ရောက်အောင် ပို့ဆောင်ခဲ့တာ ကြောင့် ဝေဖန်ခံရဖို့ ထိုက်တန်ပေမယ့် သူကတော့ ကိုင်တွယ်ခဲ့တဲ့ အချိန်နည်းပါးခဲ့တာကြောင့် သူလိုချင်တဲ့ ပုံစံအတိုင်း ရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူဦးမယ်လို့ ပြောထားပြီး နည်းပြလောကထဲကို အလောတကြီး ပြန်ဝင်လာဖို့ မရှိသေးတာပါ။
ဝိန်းရွန်နီဟာ အနာဂတ်မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်တယ်လို့ ပြောထားသလို အသင်းရဲ့ အနာဂတ် နည်းပြလောင်း စာရင်းမှာ ပါဝင်နေပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ဆိုရင် အခြားအသင်းတွေမှာ အောင်မြင်မှုရအောင် ပြုလုပ်ပြီး ကိုင်တွယ်ခွင့်နဲ ထိုက်တန်တဲ့ သက်သေပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 410
CNI International Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပွားနေပြီး ထိုအရေးကို နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်လျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပြည်တွင်းတွင် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင် နေရသည့် လူပေါင်း ၂ သန်းကျော်ရှိနေပြီး လူ ၁ သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို ထွက်ပြေးတိမ်းရှောင်နေရသည်။
သို့တိုင်အောင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုများ နည်းပါးနေဆဲ ဖြစ်သည်။
ထိုအခြေအနေအရ မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ပြည်ပအင်အားစုများက ထိတွေ့ဆက်ဆံမှု မရှိဟု မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံ၏ အာဏာကို လွှဲပြောင်း ရယူခဲ့သည့် တပ်မတော်ကို တိုက်ခိုက်နေသည့် သူပုန်များနှင့် ဒီမိုကရေစီလိုလားသော အုပ်စုများအား ထောက်ခံ ပေးနေခြင်းကြောင့် ဖြစ်သည်။
သို့သော် အမေရိကန်၏ အဆိုပါ ချဉ်းကပ်မှုသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးအနည်းငယ်ကိုသာ ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ထိုပိတ်ဆို့မှုများသည် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို ကြီးကြီးမားမား ထိခိုက်စေခဲ့ခြင်း မရှိခဲ့ပေ။
ဘိုင်ဒန်အစိုးရအဖွဲ့သည် NUG နှင့် အတွင်းကျကျ ထိတွေ့ဆက်ဆံမှုများ ရှိနေသော်လည်း အမေရိကန်သည် အခြားနိုင်ငံများကဲ့သို့ပင် NUG ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖွဲ့အဖြစ် အသိအမှတ် ပြုခဲ့ခြင်းမရှိပေ။
ထို့ပြင် အမေရိကန်သည် မြန်မာနိုင်ငံ၏ PDF အဖွဲ့ကို အသက် သေစေနိုင်လောက်သည့် အကူအညီ (စစ်လက်နက် ခဲယမ်းများ) ထောက်ပံ့ပေးမှုကို လက်ရှောင်ခဲ့သည်။
အမေရိကန်က ထောက်ခံပေးထားသည့် မြန်မာနိုင်ငံ၏ အတိုက်အခံ အဖွဲ့များသည်လည်း နိုင်ငံရေး မဟာဗျူဟာ မတူကွဲပြားမှုများ ရှိနေသည်။
NUG သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး၏ ထောက်ခံမှုကို ရရှိထားခြင်းမရှိပေ။
ထို့အတူ NUG လက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း စစ်တပ်ဖွဲ့စည်းပုံအရ စည်းလုံးညီညွတ်မှု အပိုင်း လျော့နည်းနေသည်။
ထိုလက်နက်ကိုင်အဖွဲ့များထဲတွင် နယ်မြေ ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး မတူညီသည့် ရည်မှန်းချက်များလည်း ရှိနေသည်။
အမေရိကန်၏ ကူညီထောက်ပံ့မှုများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွား စေရန် မီးထိုးပေးသကဲ့သို့ ဖြစ်/မဖြစ်ကို သေချာပေါက်ပြောရန် မဖြစ်နိုင်ပေ။
သို့သော် မကြာသေးမီက လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းသည် အရပ်သားများ ထိခိုက် သေဆုံးမှုများကို ပိုမိုမြင့်တက်စေရုံသာမက အိမ်နီးချင်းနိုင်ငံများအတွက်ပါ သက်ရောက်မှုများ ရှိနေသည်ဆိုသည့် အချက်ကိုမူ သံသယဖြစ်စရာ မလိုပေ။
ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား ၃၂,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံရှိ ချင်းလူမျိုးအများစု နေထိုင်သည့် မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်လျက်ရှိသည်။
ထို့ပြင် အိန္ဒိယနယ်စပ်ရှိ မဏိပူရပြည်နယ်အတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည့် စစ်ရှောင်မြန်မာနိုင်ငံသားများ လည်း ထောင်နှင့်ချီရှိခဲ့သည်။
စစ်စစ်တွင် ကမ္ဘာတစ်ဝန်းရှိ လက်နက်ကိုင်အဖွဲ့များအား အမေရိကန်၏ ထောက်ပံ့မှုများသည် မတည်မငြိမ်မှု၊ ဆင်းရဲဒုက္ခများနှင့် ဒီမိုကရေစီလမ်းကြောင်းကို လမ်းလွဲသွားစေသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ တစ်စထက်တစ်စ ယိုယွင်းလာသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သုံးသပ်မည်ဆိုပါကလည်း ထိုအခြေအနေအတိုင်း တွေ့ရမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နစကနှင့် ပတ်သက်ပြီး အမေရိကန်၏ ဒဏ်ခတ်သည့် ချဉ်းကပ်မှုသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအကြား မြန်မာ့အရေးနှင့်ပတ်သက်ပြီး ချဉ်းကပ်ဆောင်ရွက်မှု ပုံစံများကို သဘောထား ကွဲလွဲစေခဲ့ပြီး အာဆီယံသည် မြန်မာ့အရေးတွင် ခိုင်မာသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ ခြင်း မရှိပေ။
အိန္ဒိယကမူ မြန်မာ့အရေးတွင် အမေရိကန်၏ ချဉ်းကပ်မှုသည် သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံကို တရုတ်၏လက်ထဲ ကျရောက်သွားစေနိုင်သော အရေးကို စိုးရိမ်လျက်ရှိသည်။
အိန္ဒိယသည် မြန်မာနိုင်ငံအား အရှေ့တောင်အာရှ၏ မဟာဗျူဟာမြောက် စင်္ကြန်လမ်းတစ်ခုအဖြစ် ယူဆထားခြင်း ကြောင်း ဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်များ အားလုံးကို ခြုံငုံသုံးသပ်ရမည်ဆိုပါက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ ချဉ်းကပ်ဆောင်ရွက်မှုတွင် သမ္မတဘိုင်ဒန်၏ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသည်ဟု ယူဆရမည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 643
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
မန်စီးတီးအသင်းဟာ မကြာသေးခင်က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၃ ခုနှစ်ထဲမှာ အဓိကဆုဖလားကြီးတွေဖြစ်တဲ့ ပရီးမီးယား လိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားတွေကို ပိုင်ဆိုင် နိုင်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံရလောက် အောင် ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း ဆုဖလားများစွာနဲ့အတူ တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ပေမယ့် အချိန်တန်ရင် ဆုဖလားသိမ်းပိုက်တာ မန်စီးတီးအသင်း ဖြစ်နေတဲ့အထိ ရပ်တန့်ဖို့ ခက်ခဲခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီလိုမျိုး သမိုင်းဝင် အောင်မြင်မှုတွေ၊ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရအောင် တွေအတွက် အစပျိုးခဲ့တာကတော့ ရှိတ်မန်ဆော် ဦးဆောင်တဲ့ အဘူဒါဘီ အစုအဖွဲ့က ၂၀၀၈ ခုနှစ်မှာ အသင်းကို ဝယ်ယူခဲ့တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဘူဒါဘီအစုအဖွဲ့ဟာ မန်စီးတီးအသင်း အောင်မြင်မှုတွေ ရရှိအောင် အများပြောသလို ရေနံလောင်းပြီး ကစားသမားသစ်တွေ အားဖြည့်ပေးခဲ့တာပါ။
မန်စီးတီးအသင်း ဒီလိုငွေကြေး သုံးစွဲခဲ့ပေမယ့် အောင်မြင်မှုရဖို့ စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၁-၁၂ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စတင်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုကနေ စတင်ပြီး မန်စီးတီးအသင်းဟာ ဆုဖလားအောင်မြင်မှုတွေကို တောက်လျှောက်ဆိုသလို ရယူခဲ့ကာ အင်္ဂလန်မှာ မင်းမူနေတဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ကို အသာရလာခဲ့တာပါ။
မန်စီးတီးအသင်းပိုင်ရှင် ရှိန်မန်ဆော်တို့ကိုတွေ့ရစဉ်
မန်စီးတီးအသင်း အင်္ဂလန်မှာ ကြီးစိုးနိုင်ဖို့ အဓိကဖြစ်လာခဲ့တဲ့ အရာကတော့ ၂၀၁၆ ခုနှစ်မှာ ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်လိုက်တာပါပဲ။
ဂွာဒီယိုလာဟာ သူ့ရဲ့ပထမဆုံးရာသီမှာ မန်စီးတီးအသင်းကို ဆုဖလားရယူဖို့ထက် ကစားကွက် နည်းစနစ်တွေနဲ့ အသင်းကို စိတ်ကြိုက်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပွဲဦးထွက်ရာသီမှာ အောင်မြင်မှုတွေရအောင် မလုပ်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ပရီးမီးယားလိဂ်ဆုဖလား အပါအဝင် ဆုဖလားအများအပြားကို အကြိမ်ကြိမ် ရယူပေးနိုင်ခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့သလို ပြည်တွင်းဖလား အများအပြားကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ မန်စီးတီးအသင်းရယူဖို့ ချန်ပီယံလိဂ်ဖလားဆိုတဲ့ ဥရောပမှာရှိတဲ့ အသင်းတိုင်း လိုချင်နေတဲ့ ဆုဖလား သာ ကျန်ရှိတော့တာပါ။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ဖို့ အချိန်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ အားလုံးဝေဖန်သံတွေ တိတ်သွားအောင် ၂၀၂၃ ခုနှစ်ထဲမှာ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာကို ဖီဖာကလပ်ကမ္ဘာ့ဖလားဆုနဲ့အတူ တွေ့ရစဉ်
ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့မှုကြောင့် ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာလည်း မန်စီးတီးအသင်းဟာ ချန်ပီယံဆုတွေ ဆက်တိုက်သိမ်းပိုက်ကာ ၂၀၂၃ ခုနှစ်ထဲမှာ ကမ္ဘာ့အကောင်း ဆုံး အသင်းအဖြစ် ဖြစ်လာခဲ့ရပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူပေးခဲ့ပြီးပြီဖြစ်လို့ နောက်ထပ် စာအုပ်အသစ်ဝယ်ကာ သမိုင်းသစ်ထပ်ရေးဖို့ သူ့ရဲ့ကစားသမားတွေကို တိုက်တွန်းထားခဲ့တာပါ။
ဂွာဒီယိုလာကတော့ ၂၀၂၄ ခုနှစ်ထဲမှာ ၂၀၂၃ ခုနှစ်က ရယူနိုင်ခဲ့တဲ့ ဆုဖလား ၅ လုံးထက် ပိုပြီး ရယူနိုင်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရပေမယ့် အချိန်တန်ရင် မန်စီးတီးအသင်းကပဲ ဆုဖလားတွေကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့အတိုင်း ဆုဖလားတွေ အများအပြားကို ထပ်ပြီး ရယူနိုင်မလားဆိုတာတော့ ၂၀၂၄ ခုနှစ်ထဲမှာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။