CNI Article

၂၀၂၄ ခုနှစ်၊ မတ်လ ၃

သင်နေထိုင်ရာမြို့မှာ နေ့စဉ်နှင့်အမျှ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံနေရပြီး လူနေ အဆောက်အအုံများကို ဒုံးကျည်များ ထိမှန်နေသည့် အခြေအနေအား စိတ်ကူး ပုံဖော်၍ မှန်းဆကြည့်လိုက်ပါ။

ညတိုင်းလိုလို လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံများကြောင့် မြေအောက်ရထားဘူတာရုံမှာ ပုန်းအောင်း နေရမည့်ဘဝကိုလည်း တွေးကြည့်လိုက်ပါ။

ကလေးများကလည်း မြေအောက်ခန်းများထဲမှာ စာသင်နေရပြီး သင်နှင့်သိခဲ့ဖူးသည့် လူငယ်များသည် စစ်ပွဲအတွင်း ပေးဆပ်သွားခဲ့ရသော အခြေအနေများကို မြင်ယောင်ကြည့်နိုင်သည်။ အဆိုပါ အခြေအနေများကို သင်ဆိုလျှင် ခံစားနိုင်ပါ့မလား မေးခွန်းထုတ်စရာ ရှိလာသည်။

အထက်ဖော်ပြပါ အခြေအနေများသည် ယူကရိန်းတွင် ပြည်သူအများစု နဖူးတွေ့ ဒူးတွေ့ ခံစားနေရသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်များဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှား၏ ကျူးကျော်စစ် စတင်ခဲ့ချိန်ကတည်းက ထိုကြောက်မက်ဖွယ် ဖြစ်ရပ်များကို ယူကရိန်းပြည်သူအများစု ခံစားနေရခြင်းဖြစ်သည်။

ရုရှားကမူ ယူကရိန်းအား ကျူးကျော်ခြင်းမပြုမီ ရက်ပိုင်းအလိုက ယူကရိန်းကို ကျူးကျော်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောကြားခဲ့ပြီး စစ်ပွဲဖြစ်ပွားနိုင်ခြေနှင့်ပတ်သက်ပြီး သတိပေးသူများကိုပင် ရုရှားမုန်းတီးရေး သမားများဟု သမုတ်ခဲ့သည်။

မည်သို့ပင်ဆိုစေ ရုရှားသည် ထိုကဲ့သို့ ပြောကြားခဲ့ပြီးနောက် ၃ ရက်အကြာတွင် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ယူကရိန်းကို ရုရှားက ပထမဆုံးအကြိမ် တိုက်ခိုက်မှုတော့ မဟုတ်ပေ။

၂၀၁၄ ခုနှစ်ကလည်း ရုရှားသည် အမြဲတမ်း မဟုတ်သည့် တပ်ဖွဲ့ဝင်များကို ဖွဲ့စည်းခဲ့ပြီး ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်နှင့် ယူကရိန်းအရှေ့ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တစ်ကမ္ဘာလုံးက မယုံကြည်နိုင်လောက် အောင် အံ့သြပြီး ထိုင်ကြည့်နေခဲ့ရသည်။

လက်ရှိ ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ကျော် ကြာမြင့်လာချိန်တွင် ရုရှားသည် လူအင်အား၊ လက်နက် အင်အား များစွာဆုံးရှုံးခဲ့ပြီး စီးပွားရေးနှင့် သံတမန်ရေးအရ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့တိုင်အောင် ရုရှားသည် ယူကရိန်းစစ်ပွဲတွင် ၎င်းတို့၏ ရည်ရွယ်ချက်များကို အကောင်အထည် မဖော်နိုင်သေးပေ။

ထို့ကြောင့် ရုရှား-ယူကရိန်းစစ်ပွဲကို မဖြစ်မနေ အဆုံးသတ်ရန် လိုအပ်နေသည်။ သို့သော် မည်သည့်နည်းလမ်းဖြင့် စစ်ပွဲကို အဆုံးသတ်မည်နည်းဆိုခြင်းကို မေးခွန်းထုတ်ရမည်ဖြစ်သည်။

၂၀၁၄ ခုနှစ် ခရိုင်းမီးယားစစ်ပွဲအပြီးတွင် ဂျာမနီနှင့် ပြင်သစ်တို့က ဦးဆောင်စီမံသည့် ဆွေးနွေးညှိနှိုင်းမှုများ စတင်ပြုလုပ်ခဲ့သည်။

ထိုဆွေးနွေး ညှိနှိုင်းမှုများမှတဆင့် မင်စ်ခ် သဘောတူညီချက် (Minsk Agreements) ရရှိခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့သည်။

မည်သို့ပင်ဆိုစေ ရုရှားသည် ခရိုင်းမီးယားကို သိမ်းပိုက်နိုင်ခြင်းသည် လုံလောက်ခြင်းမရှိဟု ယူဆခဲ့ဖွယ်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအား နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ယခုဖြစ်ပွားသည့် စစ်ပွဲသည် ရုရှားက ယူကရိန်းအား စစ်တပ်အင်အား အပြည့်အဝဖြင့် ပေါ်တင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၏ အပုဒ်ခွဲ ၂ (၄) ကဲ့သို့ နိုင်ငံတကာဥပဒေများတွင် ကုလအဖွဲ့ဝင်နိုင်ငံများအကြား စစ်အင်အား အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားသည်။

သို့သော် ခြွင်းချက်အနေနှင့် မိမိကိုယ်ကိုယ် ကာကွယ်မှု၊ သို့မဟုတ် အခြားနိုင်ငံ၏ မိမိကိုယ်ကိုယ် ကာကွယ်မှုကို ဆန့်ကျင်သည့် ရန်လိုမှုကို ကူညီထောက်ပံ့ပေးမှု အခြေအနေများတွင် တိုက်ခိုက်ခွင့်ပြုထားသည်။

ထို့ကြောင့် ရုရှား၏ ကျူးကျော်မှုသည် တရားမျှတသည်ဟု မယူဆနိုင်ပေ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကမူ သမိုင်းနှင့်ချီ အကြောင်းပြချက်ပေးခဲ့ပြီး ယူကရိန်းသည် လွတ်လပ်သည့် နိုင်ငံအဖြစ် တည်ရှိပိုင်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်။

ပူတင်မတိုင်မီ ယခင်သမ္မတဖြစ်သည့် ဘိုးရစ် ယဲ့လ်ဆင် (Boris Yelsin) ကပင် ယူကရိန်းကို လွတ်လပ်သည့် နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည့်တိုင် ပူတင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ဆိုလျှင် ရုရှား-ယူကရိန်းစစ်ပွဲသည် ထိုင်းနိုင်ငံအပေါ် မည်သို့ သက်ရောက်နေပါသနည်း။

မိမိတို့သည် ကမ္ဘာကြီးက ရွာဖြစ်သွားသည့် ၂၁ ရာစုထဲတွင် နေထိုင်သူများဖြစ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေးနှင့် ကမ္ဘာ့ပေါ်မှ နိုင်ငံတိုင်းတွင် ဖြစ်ပျက်နေသည့် မိမိတို့နိုင်ငံနှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သက်ရမည်သာ ဖြစ်သည်။

ရုရှား၏ ကျူးကျော်မှုကြောင့် ယူကရိန်းတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် သေဆုံးမှုများသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ်ကိုလည်း များစွာထိခိုက်မှုရှိခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ရေနံနှင့် ဓာတ်ငွေ့ စျေးနှုန်းများ မြင့်တက်ခဲ့သည့် အခြေအနေကို လူတိုင်း ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

ထို့ကြောင့် ကြီးမားသည့် စစ်အင်အားရှိသည့် နိုင်ငံက စစ်အင်အားသေးငယ်သည့် အိမ်နီးချင်းနိုင်ငံများကို ဝင်ရောက် ကျူးကျော်ခြင်းသည် ကမ္ဘာပေါ်ရှိ လူသားအားလုံး အနည်းနှင့်အများဆိုသလို ထိခိုက်မှုတော့ ရှိမည်ဖြစ်သည်။

ထိုအခြေအနေမျိုးမှ အကာအကွယ်ရစေရန်အတွက် မိမိတို့သည် နိုင်ငံအားလုံးက လိုက်နာကျင့်သုံးသည့် နိုင်ငံတကာ စည်းမျဉ်းဥပဒေတစ်ရပ်ဖြင့် အုပ်ချုပ်သည့် ကမ္ဘာ့အခင်းအကျင်းကို လိုအပ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၏ အကျိုးစီးပွားအတွက် စည်းမျဉ်းအခြေပြု နိုင်ငံတကာ အခင်းအကျင်းကို ကာကွယ်ရန်နှင့် ထိုအခင်းအကျင်းကို လေးစားမှုကင်းမဲ့သည့် တိုက်ခိုက်မှုများကို ရှုတ်ချရန် လိုအပ်သည်။

အထူးသဖြင့် ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်မှုသည် ကမ္ဘာ့အခင်းအကျင်းကို ပြောင်းလဲစေနိုင်သည့် ဥပမာပြရမည့် ဖြစ်ရပ်တစ်ခုအဖြစ် ယူဆနိုင်သည်။

Source: ဘန်ကောက်ပို့စ်