CNI Sport Article 

၂၀၂၄ ခုနှစ်၊ မတ်လ ၁

ဂျူဗင်တပ်စ်နဲ့ ပြင်သစ်လက်ရွေးစင် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကနဲ့ ပတ်သက်ခွင့် ၄ နှစ်ကြာ ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ 

ဒီလထဲမှာ အသက် ၃၁ နှစ်ပြည့်တော့မယ့် ပေါ့ဘာအတွက်တော့ ဒီလိုပိတ်ပင်ခံရမှုကြောင့် သူ့ရဲ့ကစားသမားဘဝ ဟာ ပြီးဆုံးသွားပြီလို့ ယေဘုယျပြောလို့ ရပါတယ်။ 

ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အထိ ခြေစွမ်းကောင်းခဲ့ ပြီး ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ မျှော်လင့်ခြင်းခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တားမြစ်ထားတဲ့ ဆေးကို သုံးစွဲမိခဲ့တာကြောင့် ပေါ့ဘာဟာ ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံ လိုက်ရပြီ ဖြစ်တာပါ။

ပေါ့ဘာအနေနဲ့ ဒီပြစ်ဒဏ်ကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာ အားကစားခုံရုံးထံ အယူခံ ဝင်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။ 

ပေါ့ဘာကို တွေ့ရစဉ်

ပေါ့ဘာဟာ တားမြစ်ထားတဲ့ testosterone ဆေးကို အသုံးပြုခဲ့တာကြောင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ပွဲကစားခွင့် ဆိုင်းငံ့ခံခဲ့ရတာပါ။ အောက်တိုဘာမှာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးတာမှာလည်း တားမြစ်ဆေးသုံးစွဲကြောင်း ထပ်ပြီးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့တန်ကြေး အကြီးဆုံး ကစားသမားဖြစ်ခဲ့ဖူးတဲ့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းထံ ဒုတိယအကြိမ်မြောက်ကစားဖို့ ပြန်လာကတည်းက စိတ်ပျက်စရာ တွေနဲ့သာ ကြုံတွေ့ခဲ့ရတာပါ။ 

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း အတွက် မပါဝင်နိုင်ခဲ့ပါဘူး။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်

ဒီ ၁၀ ပွဲမှာဆိုရင် ပေါ့ဘာဟာ စီးရီးအေ ၆ ပွဲ၊ ယူရိုပါလိဂ် ၃ ပွဲနဲ့ ကိုပါအီတာလီယာ ၁ ပွဲ ပါဝင်ကစားခဲ့ပြီး ဒီပွဲတွေ အားလုံးမှာ ၁၆၂ မိနစ်သာ ကစားနိုင်ခဲ့တာပါ။ 

ဒီရာသီမှာတော့ ပေါ့ဘာဟာ ဒဏ်ရာကင်းစင်စွာနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်စရာတွေ ထပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီ ၂ ပွဲမှာ ပွဲကစားချိန်က ၅၁ မိနစ်သာ ရှိခဲ့တာပါ။

ဒီထက် စိတ်ပျက်စရာ ကောင်းခဲ့တာကတော့ ဒီရာသီ ဂျူဗင်တပ်စ်အသင်းရဲ့ ပထမဆုံး စီးရီးအေပွဲစဉ်အပြီး ကျပန်း ဆေးစစ်မှု ပြုလုပ်ခဲ့တာမှာ ပေါ့ဘာ တားမြစ်ဆေး သုံးစွဲတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ပေါ့ဘာဟာ အခုဆို ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။ 

ပေါ့ဘာကတော့ သူ့ရဲ့ကစားသမားဘဝမှာ တည်ဆောက်ထားတဲ့ အရာအားလုံးဟာ သူ့ရဲ့အဝေးကို ထွက်ခွာသွားပြီ ဖြစ်တာကြောင့် အလွန်ဝမ်းနည်းတုန်လှုပ်ပြီး ကြေကွဲရတယ်လို့ ဖွင့်ဟထားပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်

ပေါ့ဘာက သူဟာ ဒီဆေးကို တမင်သက်သက် သုံးစွဲခဲ့တာ မဟုတ်တဲ့အတွက် နိုင်ငံတကာအားကစားခုံရုံးမှာ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားနိုင်ပြီး ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်ရဖို့ သေချာနေတာပါ။ 

ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ ပေါ့ဘာဟာ ပြင်သစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ရယူခဲ့တာမှာလည်း အဓိကကျတဲ့သူ ဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် ပေါ့ဘာဟာ ယူနိုက်တက်အသင်းထံ ပြန်လည်ပြောင်းရွှေ့အပြီးမှာ နည်းပြ မော်ရင်ဟိုနဲ့  ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သလို အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတာပါ။

ပေါ့ဘာဟာ အခုအချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝကို အဓိက အဆုံးအဖြတ်ပေးမယ့် အယူခံရလဒ်ကို စောင့်မျှော် နေရတော့မှာ ဖြစ်ပါတယ်။ 

ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ရင်တော့ တစ်ချိန်က ကမ္ဘာ့တန်ကြေး အကြီးဆုံးကစားသမား၊ ဘောလွန်းဒီဆု ရဖို့ မျှော်လင့်ထားသူ အဖြစ်ကနေ ကစားသမားဘဝကို စောစီးစွာ နှုတ်ဆက်ရသွားနိုင်တာပဲဖြစ်ပါတယ်။