CNI Article News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

တရုတ်၏ ခြိမ်းခြောက်မှုများကြားမှ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ဩဂုတ် ၂ ရက်၊ ညနေပိုင်းတွင် ထိုင်ဝမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ခြင်းကို ကမ္ဘာ့မီဒီယာအသီးသီး၏ စာမျက်နှာထက်တွင် သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဖုန်းပြောရင်း “မီးဖြင့် မကစားရန်” သတိပေးခဲ့သည်။

တရုတ်ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောထားသော ထိုင်ဝမ်ကျွန်းသို့ နန်စီပလိုစီ လေယာဉ်ဖြင့် ရောက်လာခြင်းသည် ၂၅ နှစ် ကျော်အတွင်း အဆိုပါကျွန်းသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန်၏ အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ပလိုစီ လေယာဉ် ဆိုက်လျှင်ဆိုက်ချင်း တရုတ်က လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေးဇုန်သို့ အနည်းဆုံး စစ်လေယာဉ် ၂၁ စင်းကို အသည်းအသန် ဝဲပျံစေခဲ့သည်။  

နန်စီပလိုစီ ထိုင်ဝမ်ကို ရောက်လာလို့ တရုတ် စစ်ရေးပြနေတာကို ကြည့်နေကြ(Reuters)

တိုင်ပေလေဆိပ် သူမလိုက်ပါလာသော လေယာဉ်ဆင်းသက်ပြီးနောက် ပလိုစီက “အမေရိကန်သည် ထိုင်ဝမ်နှင့်အတူ ရပ်တည်လျက်ရှိပြီး အင်ဒို-ပစိဖိတ်ဒေသတွင် ခိုင်မာအားကောင်းပြီး တက်ကြွသော ဒီမိုကရေစီဖြင့်  ကျမတို့၏ အရေးကြီး သော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း” ထပ်လောင်း ပြောကြားခဲ့သည်။

ကျွန်းပေါ်သို့  ပလိုစီ လာရောက် လည်ပတ်ခြင်း၏ နောက်ကွယ်ရှိ အကြောင်းအရင်းများသည် ဩဂုတ် ၂ ရက်၊ ညပိုင်းတွင် တွစ်တာပို့စ်များ၌ အလျှိုလျှို ပေါ်ထွက်လာခဲ့သည်။

နိုင်ငံရေးသမား တစ်ဦးအနေဖြင့် သူမသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြောင်းပြု၍ တရုတ်နိုင်ငံကို မကြာခဏ ဝေဖန်ခဲ့သည်။

ဒီမိုကရေစီ နည်းကျသည့် ထိုင်ဝမ်နိုင်ငံအတွက် အမေရိကန်ပေးထားသည့် ကတိကဝတ်များနှင့် ပတ်သက်၍ ၁၉၇၉ ခုနှစ် ဥပဒေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားရာ၌ ပလိုစီက “ကျမတို့ ထိုင်ဝမ်ဘက်က ရပ်တည်ရမယ်။ အမေရိကန်နဲ့ ကျမတို့ရဲ့မဟာမိတ်တွေက အာဏာရှင်တွေကို ဘယ်တော့မှ အရှုံးမပေးဘူးဆိုတာ အတိအလင်းပြသဖို့ အရေးကြီးတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

 နန်စီပလိုစီ လိုက်ပါလာတဲ့ လေယာဉ် ထိုင်ဝမ်လေဆိပ်ကို ဆင်းသက်နေစဉ် (AP)

 

အော်တိုကရေစီနှင့် ဒီမိုကရေစီကြားက ရွေးချယ်မှုတစ်ခု

*****************************************************

 

ပြီးခဲ့သည့် နွေဦးရာသီကလည်း ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ်သို့ ရောက်ရှိခဲ့သည့် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူမှာလည်း ပလိုစီပင် ဖြစ်သည်။

၎င်း၏ ထိုင်ဝမ်ခရီးစဉ်ကိုလည်း “ကမ္ဘာကြီးသည် အော်တိုကရေစီ(အကြွင်းမဲ့ အာဏာရှင်စနစ်)နှင့် ဒီမိုကရေစီကြားတွင် ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရချိန်၎င်၌ ပိုမိုကျယ်ပြန့်သော မစ်ရှင်တစ်ခု၏ တစိတ်တပိုင်းအဖြစ်” ပုံဖော်ခဲ့သည်။ ဆယ်စုနှစ်များအတွင်း ရုန်းကန်နေရသော ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံကြောင်း ပြသရန်မှာ ထိုင်ဝမ်ခရီးစဉ်သည် မစ်ရှင်တစ်ခုပင် ဖြစ်သည်။  

ထို့အပြင် ပလိုစီသည် ဧပြီလတွင် ထိုင်ဝမ်ခရီးစဉ်ကို စီစဉ်ခဲ့သော်လည်း Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိ ရသဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။