CNI International News

ဝါရှင်တန်၊ မတ်လ ၁၇

အမေရိကန်နိုင်ငံရောက် တရုတ်အစိုးရ အတိုက်အခံသမားများကို အနှောင့်အယှက်ပေးရန် တရုတ်အစိုးရကိုယ်စား ကြံစည် လုပ်ဆောင်နေသည်ဟူသော စွဲချက်ဖြင့် လူ ၅ ဦးကို တရားစွဲ အရေးယူထားကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြ သည်။

ထို့နောက် ၎င်းတို့လုပ်ဆောင်ချက်များတွင် လူသိနည်းသော လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရွေးကောက်ပွဲ အလားအလာ ရပ်တန့်ရန် ကြိုးပမ်းခြင်းလည်း ပါဝင်ကြောင်း အမေရိကန်တရားရေးဌာနက မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့ သည်ဟု အေပီသတင်းဌာနက ဆက်လက် ရေးသားခဲ့သည်။

ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို နှုတ်ပိတ်ခြိမ်းခြောက်ရန် အလွတ်စုံထောက်များ ငှားရမ်း အသုံးပြုခြင်း အပါအဝင် တရုတ်အစိုးရ၏ ပြင်းထန်သော ကြိုးပမ်းမှုများကို အမေရိကန် တာဝန်ရှိသူများက ထုတ်ဖော်ခဲ့ကြသည်။

“ဖိနှိပ်မှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ဆန့်ကျင်ပြောဆိုရဲတဲ့ သူတွေကို ခြိမ်းခြောက်ဖို့ (ဒါမှမဟုတ်) အတိအလင်း လက်တုံ့ ပြန်ဖို့ သူတို့နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ကမ္ဘာတဝန်းမှာ အာဏာရှင်နိုင်ငံတွေက ပြောင်ပြောင်တင်းတင်း ကြိုးစားနေ တာရှိပါတယ်” ဟု အမေရိကန်တရားရေးဌာန၊ အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိဖြစ်သူ လက်ထောက်ရှေ့နေချုပ် မက်သရူးအိုလီဆန် (Matthew Olsen) က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူကို ပြသထားစဉ်(AP)

ထို့နောက် ၎င်းက အမှု ၃ မှု အကြောင်းကို အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ချပြခဲ့သည်။
“ဒီလိုလုပ်ဆောင်ချက်တွေဟာ အမေရိကန်ရဲ့ အခြေခံတန်ဖိုးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဥပဒေကို ချိုး ဖောက်ပြီး ဒီလိုဖိနှိပ်ခြိမ်းခြောက်တာမျိုးကို ကျနော်တို့ သည်းခံနေလို့ မရပါဘူး” ဟု အိုလီဆန်က ထပ်လောင်း ပြောကြားခဲ့ သည်။

နယူးယောက်မြို့၊ ဘရွတ်ကလင်း ဗဟိုတရားရုံးတွင် စွဲဆိုခဲ့သော အဆိုပါ ရာဇဝတ်မှုများ၌ တရုတ် အတိုက်အခံများကို အပုပ် ချရန် နှစ်ရှည်လများ ကြိုးပမ်းမှု၊ ခြိမ်းခြောက်မှုနှင့် ၎င်းတို့ပြောဆိုမှုများကို တင်းကျပ်စွာ တားမြစ်မှုများ ပါဝင်ကြောင်း စွပ်စွဲ ထားသည်။

ထိုသို့ တရုတ်အစိုးရ၏ အပြုအမူများကို အမေရိကန် တရားရေးဌာနက စွဲချက်တင်ခြင်းမှာ ယခု ပထမဆုံးအကြိမ် မဟုတ်ပေ။
၂၀၂၀ ပြည့်နှစ်က တရုတ်ဘက်မှ အလိုရှိသဖြင့် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ရှိ အမျိုးသားတစ်ဦးကို တရုတ်နိုင်ငံသို့ ပြန်စေရန် အတင်းအကျပ် ဖိအားပေးဖို့ တရုတ်အစိုးရကိုယ်စား လုပ်ဆောင်ခဲ့မှုအတွက် လူ ၈ ဦးကို စွဲချက်တင်ခဲ့ဖူးသည်။

ယခုစွဲချက်တင်သော အမှုအသစ်များအနက် တစ်မှုတွင် နယူးယောက်အခြေစိုက် နိုင်ငံတကာနည်းပညာ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦး၏ လက်အောက်တွင် လုပ်ကိုင်နေသော နယူးယောက်မြို့သားနှစ်ဦးကို တရုတ်ဒီမိုကရေစီအရေး လှုပ်ရှားသူ များအကြောင်း စုံစမ်းထောက်လှမ်းစေခဲ့မှု ဖြစ်သည်။

Source: AP