CNI International Article 

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂

အသက် ၁၇ နှစ်အရွယ် လူငယ်ယာဉ်မောင်းတစ်ဦးကို ရဲတပ်ဖွဲ့က ဆိုးဆိုးရွားရွား ပစ်သတ်ခဲ့ခြင်းကြောင့် ပြင်သစ်နိုင်ငံ တစ်ဝန်းလုံးတွင် အကြမ်းဖက် ဆူပူအုံကြွမှုများ ပေါ်ပေါက်လျက် ရှိသည်။ 

ထိုအခြေအနေတွင် TikTok၊ Snapchat နှင့် တခြားသော လူမှုကွန်ယက်များသည် အကြမ်းဖက်မှုများ ဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီပေးနေသည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က စွပ်စွဲခဲ့သည်။ 

ပြင်သစ်နိုင်ငံရှိ လူငယ်များနှင့် ရဲတပ်ဖွဲ့တို့အကြား ကာလရှည် တင်းမာမှုများကို ထင်ဟပ်စေသည့် အကြမ်းဖက် ပဋိပက္ခများတွင် လူမှုကွန်ယက်များသည် ထည့်သွင်းစဉ်းစားရမည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်ဟု မက်ခရွန်က ဇွန်လ ၃၀ ရက်နေ့တွင် ပြောခဲ့ခြင်း ဖြစ်သည်။ 

သေဆုံးခဲ့သူသည် မြောက်အာဖရိက မျိုးရိုးရှိသူ နာဟဲလ်ဟုသာ အစိုးရဘက်က ထုတ်ပြန်ထားပြီး သူ၏ သေဆုံးမှု ကနေ ပေါ်ပေါက်လာခဲ့သော အကြမ်းဖက်မှုများကြောင့် ဇွန်လ ၂၉ ရက်နေ့ တစ်နေ့ထဲတွင်ပင် ဖမ်းဆီးမှုပေါင်း ၉၁၇ ခု ပြုလုပ်ခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။

နိုင်ငံတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် မက်ခရွန်သည် ဗွီဒီယိုဂိမ်းများကိုပါ အပြစ်တင်ထားပြီး အစိုးရသည် ထိလွယ်ရှလွယ်သော အကြောင်းအရာများကို ဖယ်ရှားရန်၊ အကြမ်းဖက်ရန် လှုံ့ဆော်သည့် သုံးစွဲ သူများကို ရှာဖွေဖော်ထုတ်ရန်အတွက်  လူမှုကွန်ယက်ကုမ္ပဏီများနှင့် ပူးပေါင်းသွားမည်ဟုလည်း ပြောသည်။ 

ထိုသို့ ပြောခဲ့သော်လည်း ထိလွယ်ရှလွယ်ဟူသော ခေါင်းစဉ်အောက်တွင် မည်သည့် အကြောင်းအရာမျိုးကို ထည့်သွင်း သတ်မှတ်မည်လဲ မက်ခရွန်က မရှင်းလင်းခဲ့ပေ။ 

သို့သော် လူမှုကွန်ယက် ကုမ္ပဏီများထံမှ တာဝန်ယူမှု၊ တာဝန်ခံမှုကို မျှော်လင့်သည်ဟု ပြောသည်။ 

ပြင်သစ် သမ္မတ မက်ခရွန်ကိုတွေ့ရစဉ်

လက်ရှိတွင် အစိုးရနှင့် ကုမ္ပဏီများအကြား အကြမ်းဖက်မှုများကို လှုံ့ဆော်သည့် အကြောင်းအရာများအား ဖယ်ရှားရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် စတင်ဆွေးနွေးနေပြီဟု အမည်မဖော်လိုသူ ပြင်သစ် အရာရှိတစ်ဦးက ပြောသည်။ 

အစိုးရသည် အကြမ်းဖက်မှု လုပ်ဆောင်ရန် စတင် လှုံ့ဆော်ခဲ့သူများသည် မည်သူမည်ဝါ ဖြစ်သူကို ဖော်ထုတ်ပေးရေး အတွက် တွန်းအားပေးလျက်ရှိသော်လည်း ယင်းသည် ကနဦး အဆင့်တွင်သာ ရှိသေးသည်။ 

ပြည်ထဲရေးဝန်ကြီး ဒါမာနင်သည်လည်း လူမှုကွန်ယက် မီဒီယာများနှင့် တွေ့ဆုံခဲ့ကာ လူမှုကွန်ယက်များကိုသုံး၍ အကြမ်းဖက်မှုများကို လှုံ့ဆော်နေခြင်းအား လက်မခံသင့်ဟု သတိပေးခဲ့သည်။ 

ပြင်သစ်အစိုးရ၏ အစီအစဉ်တွင် အစိုးရဘက်က ရနိုင်သလောက် သတင်းအချက်အလက်များကို လူမှုကွန်ယက် ကုမ္ပဏီများသို့ ထောက်ပံ့ပေးကာ အပြန်အလှန်အနေဖြင့် ကုမ္ပဏီများဘက်က အကြမ်းဖက်မှုများအား လှုံ့ဆော်သူ မည်သူမည်ဝါဖြစ်သည်ကို ပြန်လည် ဖော်ထုတ်ပေးရမည် ဖြစ်သည်။ 

အာဏာပိုင်များသည် အကြမ်းဖက်မှု ပြုလုပ်ရန် လူမှုကွန်ယက်ကို အသုံးပြုတိုင်းကို ဖော်ထုတ်အရေး ယူသွားမည် ဟုလည်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။ 

ပြင်သစ်နိုင်ငံတွင် ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားပြီး အဓမ္မမှု၊ လူသတ်မှုနှင့် အွန်လိုင်းမှ စော်ကားမှုများကဲ့သို့ ရာဇဝတ်မှုဆိုင်ရာ အွန်လိုင်းခြိမ်းခြောက်မှုများကို အရေးယူနိုင်သည်။ 

ပြင်သစ် သမ္မတ မက်ခရွန်နဲ့ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ ဇူကာဘတ်တို့ကို တွေ့ရစဉ်

သို့သော် ထိုသို့သော အရေးယူမှုများမှာ မရှိသလောက် နီးပါး ရှားပါးသည်။

ကန့်သတ်ထားသော အကြောင်းအရာများကို ၂၄ နာရီအတွင်း ဖယ်ရှားပေးရန် လူမှုကွန်ယက် ပလက်ဖောင်းများနှင့် ရှာဖွေရေးအင်ဂျင်များညွှန်ကြားသည့် မူကြမ်းတစ်ခုကို ပြင်သစ်လွှတ်တော်တွင် ၂၀၂၀ ခုနှစ်က အတည်ပြုခဲ့သည်။
 
နောက်တစ်နှစ်တွင် ထိုဥပေဒဖြင့် အရေးယူမှု တချို့ရှိခဲ့သော်လည်း ခြေရာခံ၍ ရသူများကိုသာ အရေးယူသည့် ပုံစံမျိုး ဖြစ်သည်။ 

ပြင်သစ်အစိုးရဘက်က အကြမ်းဖက်မှုများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်မှုရှိနေသည့် လူမှုကွန်ယက်များကို ပြစ်တင် ဝေဖန်နေချိန်တွင် Snapchat တစ်ခုတည်းကသာ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် 
အကြောင်းအရာ များအပေါ် စောင့်ကြည့်ဖယ်ရှားမှုများ တိုးမြှင့်ပြုလုပ်နေသည်ဟု တုံ့ပြန်ထားသည်။ 

ပြင်သစ်အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများအပေါ် စောင့်ကြည့်မှုကို အရှိန်မြှင့်တင် ဆောင်ရွက် နေသည်ဟု Snapchat ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၂၇ ရက်နေ့ကတည်းက ပြောဆိုထားသည်။ 

သို့သော် TikTok ကုမ္ပဏီ၊ Facebook၊ Instagram တို့ကို ပိုင်ဆိုင်သော Meta ကုမ္ပဏီတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေကြဆဲဖြစ်ကာ Twitter အား ဆက်သွယ် မေးမြန်းမှုသည်လည်း ၎င်းတို့၏ ထုံးစံအတိုင်း အီမိုဂျီဖြင့် တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်။ 

TikTok၊ Snapchat နှင့် Twitter တို့ကဲ့သို့ လူမှုကွန်ယက်များတွင် ၎င်းတို့၏ ကိုယ်ပိုင်မူဝါဒများ ရှိသည်။ 

ပြင်သစ်နိုင်ငံတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေစဉ်

ထိုမူဝါဒများနှင့် ဆန့်ကျင်နေသည့် အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းများကိုလည်း ကုမ္ပဏီများက စောင့်ကြည့်မှု လုပ်ဆောင်သည်။ 

သို့သော် ၎င်းတို့သည် ဒေသဆိုင်ရာ ဥပေဒများ၊ အစိုးရ၏ တောင်းဆိုမှုများကြောင့် အချက်အလက် တချို့ကို ဖယ်ရှားမှုများလည်း ရှိသည်။  

တစ်ခါတစ်ရံတွင် ထိုသို့သော ဖယ်ရှားမှုများက အငြင်းပွားဖွယ်ရာများကို ဖြစ်စေသည်။ အနီးစပ်ဆုံးဥပမာမှာ တူရကီအစိုးရ၏ တောင်းဆိုမှုကြောင့် သမ္မတရွေးကောက်ပွဲ မတိုင်ခင် မေလတွင် Twitter ဘက်က မိန့်ခွန်းများကို ဆင်ဆာလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

စုံစမ်းစစ်ဆေးမှုများကို အထောက်အကူ ဖြစ်စေမည့် သတင်းအချက်များနှင့် ပတ်သက်၍ တရားဝင် တောင်းဆိုမှုများ တွင် အစိုးရအေဂျင်စီများ၊ ဥပဒေအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည်ဟု Snapchat ကုမ္ပဏီက ယင်း၏ ဝဘ်ဆိုဒ်တွင် ပြောသည်။ 

ထိုသို့ တောင်းဆိုမှုများကို နိုင်ငံပေါင်းစုံရှိ အစိုးရများထံမှ တစ်နှစ်ပတ်လုံး ရရှိထားကာ တောင်းဆိုထားသည်များ၏ ၅၄ ရာခိုင်နှုန်းအတွက် လိုအပ်သော အချက်အလက်တချို့ကို ထောက်ပံ့ပေးခဲ့သည်ဟု ကုမ္ပဏီဘက်က ပြောသည်။

၂၀၂၀ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ပြင်သစ်အာဏာပိုင်များက သုံးစွဲသူများ၏ အချက်အလက်ဆိုင်ရာ အရေးပေါ် တောင်းဆိုမှုပေါင်း ၁၀၀ ပြုလုပ်ခဲ့သည်ဟုလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြသည်။ 

ထိုအချိန် အပိုင်းအခြားအတွင်း TikTok သည် ပြင်သစ်အစိုးရထံမှ တောင်းဆိုမှု ၂၀ ရရှိခဲ့ကာ ယင်း၏ ၈၆ ရာခိုင်နှုန်း ပမာဏကိုဖယ်ရှား၊ ကန့်သတ်မှု လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။ 

အစိုးရများအနေဖြင့် ဥပဒေနှင့်မကိုက်ညီသည့် အကြောင်းအရာ အတိအကျကို ရှင်းလင်း တောင်းဆိုမည်ဆိုလျှင် ကုမ္ပဏီအများစုက လိုက်လာဆောင်ရွက်ကြလိမ့်မည်ဟု ဒစ်ဂျစ်တယ် မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက မှတ်ချက်ပြုသည်။ 

Source: AP