CNI Sport Article 

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယသာရခဲ့တဲ့ အာဆင်နယ်အသင်းကတော့ အခုနွေရာသီ အပြောင်း အရွှေ့ စဖွင့်တဲ့ အချိန်ကတည်းက သူတို့ပစ်မှတ်ထားပြီး လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်နေ ပါတယ်။ 

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းက ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဝက်စ်ဟမ်းအသင်းက ဒီကလန်ရိုက်စ်ကိုလည်း ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ဆိုရင် အသင်း လူစာရင်းကို တောင့်တင်းအောင်လုပ်ဖို့ လိုတယ်လို့ ပြောခဲ့တာကြောင့် အသင်းဘက်ကလည်း နည်းပြလိုချင်တဲ့ ကစားသမား တွေကို ခေါ်ယူပေးနိုင်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကရာသီကို ပြန်ပြီးသွားရရင် အာဆင်နယ်အသင်းဟာ ဧပြီလအစမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီလည်း အဆုံးသတ်ရော မန်စီးတီးရဲ့နောက် ၅ မှတ် လျော့နည်းပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ကုန်ဆုံးဖို့ နီးကပ်တဲ့အချိန်မှာ အဓိက ကစားသမားတွေ ဒဏ်ရာ ရတာက လည်း အသင်းရမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ အဓိကအချက် ဖြစ်ခဲ့တာပါ။

အာဆင်နယ် ခေါ်ယူနေတဲ့ ကစားသမားတွေကိုတွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ဟာဗတ်ဇ်နဲ့ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူအပြီးမှာ အေဂျတ်ဇ်နောက်ခံလူ တင်ဘာရဲ့ အပြောင်းအရွှေ့ကိုလည်း အပြီးသတ်နိုင်ဖို့ လုပ်နေပါတယ်။ အဲဒါကြောင့် ဒီကစားသမား ၃ ဦးက လာမယ့်ရာသီမှာ အာဆင်နယ်အသင်းကို အောင်မြင်မှုတွေရအောင် လုပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ဟာဗတ်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို မပြသနိုင်ခဲ့ဘူးဆိုပေမယ့်လည်း အသင်းချန်ပီယံလိဂ် ရယူနိုင်ခဲ့တဲ့ တစ်လုံးထဲသော အဖိုးတန်ဂိုးကို သွင်းယူခဲ့ပြီး ဒါဟာ လူတိုင်းကို အမှတ်ရစေခဲ့ ပါတယ်။ 
ဒါပေမယ့် အာဆင်နယ်အသင်းမှာတော့ ဂျာမန်ကစားသမားဟာ ရှေ့တန်းနဲ့ ကွင်းလယ်ပိုင်းအတွက် ရွေးချယ်စရာ တွေကို ပိုပြီးတိုးသွားအောင် လုပ်ပေးနိုင်ဖို့ ရှိနေတာပါ။ 

ဟာဗတ်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ ကွင်းလယ်တိုက်စစ်၊ တောင်ပံ၊ တိုက်စစ်မှူး ဒါမှမဟုတ် နောက်ချန် တိုက်စစ် နေရာမှာ ကစားခဲ့တာဖြစ်ပြီး လေဗာကူဆင်နဲ့ ဂျာမနီအသင်းတွေမှာ ဗဟိုကွင်းလယ်လူအဖြစ် ကစားခဲ့ပါတယ်။

ဟာဗတ်ဇ်ဟာ အာဆင်နယ်အသင်းမှာ ရှာခါရဲ့ ကွင်းလယ်နေရာကို အစားထိုးရမှာဖြစ်သလို ဆာကာ၊ မာတင်နယ် လီ၊ ဂျီးဆပ်စ်၊ အန်ကိတ်တီယာ၊ ထရိုဆတ်၊ နယ်လ်ဆန်တို့နဲ့လည်း တိုက်စစ်ပိုင်းမှာ ပြိုင်ဆိုင်ရမှာပါ။

ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဆိုးရွားခဲ့တဲ့ ချယ်လ်ဆီး အသင်းအတွက် ၉ ဂိုး သွင်းယူခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ပူးတွဲရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူမှုမှာလည်း မန်စီးတီးနဲ့ အပြိုင်ကြိုးစားခဲ့ရပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့ရတာပါ။ 

ဒီကလန်ရိုက်စ်ရဲ့ တိုးတက်မှုတွေကို ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ  မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ 

ဒီကလန်ရိုက်စ်ဟာ အရင်က ဗဟိုခံစစ်နေရာမှာ မကြာခဏ ကစားခဲ့ရပေမယ့် နောက်ပိုင်း အင်္ဂလန်နဲ့ ဝက်စ်ဟမ်း အသင်းတို့ရဲ့ ကွင်းလယ်ပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာဆိုရင် ဒီကလန်ရိုက်စ်ဟာ ဘောလုံးပိုင်ဆို ပိုပြီးရယူနိုင်တာ ၃၃၄ ကြိမ်ရှိခဲ့ပြီး၊ ဘောလုံးကိုဖြတ်ပြီး လုယူနိုင်တဲ့ အပိုင်းမှာလည်း ၆၃ ကြိမ်နဲ့ တခြားကစားသမားတွေထက် သာလွန်ခဲ့တဲ မှတ်တမ်းတွေ ရှိတာပါ။

အဲဒါကြောင့် ဒီကလန်ရိုက်စ်ကို နည်းပြ အာတီတာက ပါတေး၊ ဂျော်ဂျင်ဟိုတို့ထက် ကွင်းလယ်ခံစစ်ပိုင်းမှာ နေရာ ပေးဖို့ရှိနေပြီး အသင်းဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ အဓိကသော့ချက်အဖြစ် သတ်မှတ်ထားတာပါ။

 အာဆင်နယ် နည်းပြ အာတီတာကို တွေ့ရစဉ်

ဒီကလန်ရိုက်စ်၊ ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ ပြီးခဲ့တဲ့ရာသီ အချက်အလက်တွေကို နှိုင်းယှဉ်ရမယ်ဆိုရင် ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့ဟာ အောင်မြင်တဲ့ ပေးပို့မှုတွေ၊ ဘောလုံးကို ပိုပြီးထိနိုင်တဲ့အပိုင်းမှာ ဒီကလန်ရိုက်စ်ကို အသာရခဲ့ပြီး ၊ဒီကလန်ရိုက်စ်ကတော့ ဘောလုံးကို အကြိမ်အရေအတွက် အများကြီးရယူနိုင်မှု၊ အခွင့်အရေး ဖန်တီးမှုနဲ့ ဘောလုံး ပေးပို့မှု တိကျတဲ့ အပိုင်းမှာ အသာရခဲ့တာ ဖြစ်ပါတယ်။

အေဂျတ်ဇ်နောက်ခံလူ တင်ဘာကလည်း အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ အတွက် ရွေးချယ်စရာအဖြစ် ရှိနေခဲ့ပါတယ်။ 

တင်ဘာဟာ ပုံမှန်ဆိုရင် ဗဟိုနောက်ခံလူအဖြစ် ကစားပေမယ့် ညာနောက်ခံလူ အဖြစ်နဲ့လည်း အေဂျတ်ဇ်၊ နယ်သာလန်အသင်းတွေမှာ ပါဝင်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် တင်ဘာဟာ ဗဟိုခံစစ်နေရာအတွက် ဂါဘရီရယ်လ်၊ ဆလီဘာ၊ ညာနောက်ခံ နေရာအတွက် ဘန်ဝှိုက်၊ တိုမီယာဆုတို့နဲ့ နေရာရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမှာဖြစ်သလို ချန်ပီယံလိဂ်လည်း ယှဉ်ပြိုင်ရမှာဖြစ်လို့ နည်းပြ အာတီတာကတော့ အသင်းလူစာရင်းကို အင်အားတောင့်တင်း သထက် တောင့်တင်းအောင် ဖြည့်တင်း လုပ်ဆောင်နေပါပြီ။

ပြီးခဲ့တဲ့ရာသီက ခြေစွမ်းအတိုင်း ဆက်ထိန်းပြီး ရာသီနောက်ပိုင်းမှာ အမှားအယွင်း မလုပ်မိဘူးဆိုရင် အာဆင်နယ် အသင်းဟာ ဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် သေချာပေါက် ရှိလာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

Source: BBC