CNI Sport Article 

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အခုနွေရာသီ အပြောင်းအရွှေ့ ပထမဆုံး ခေါ်ယူမှုအဖြစ် ချယ်လ်ဆီး အသင်း ကွင်းလယ်လူ မေဆန်မောင့်ကို ပေါင်သန်း ၆၀ နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ မေဆန်မောင့်ကို ခေါ်ယူအပြီးမှာ အံ့အားသင့်စရာကောင်းခဲ့တာက ကျောနံပါတ် ၇ ပေးခဲ့ တာပါ။ ဒီနံပတ်ဟာ ယူနိုက်တက်အသင်းမှာ ကျော်ကြားတဲ့ နံပတ်ဖြစ်သလို ကျိန်စာဆိုးတွေလည်း ရှိခဲ့တာ ဖြစ်ပါ တယ်။

ယူနိုက်တက်အသင်းမှာ နံပါတ် ၇ ဝတ်ဆင်ပြီး ဂျော့ချ်ဘတ်စ်၊ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ ရော်နယ်ဒိုတို့ဟာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒို ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ပိုင်ရှင်တွေဟာ ကျိန်စာသင့်ခဲ့ ကြပါတယ်။ 

ရော်နယ်ဒို ရီးရယ်လ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးချိန်မှာ နံပါတ် ၇ ကို စတင် ဝတ်ဆင်ခွင့်ရတဲ့ သူကတော့ မိုက်ကယ်အိုဝင် ဖြစ်ပါတယ်။ 

မိုက်ကယ်အိုဝင်ဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပေမယ့် အရွယ်လွန် ကစားသမားဟာ အသင်းကို အများကြီး မစွမ်းဆောင် ပေးနိုင်ခဲ့ပါဘူး။

ကျောနံပါတ် ၇ ဝတ်ဆင်မယ့် မေဆန်မောင့်ကိုတွေ့ရစဉ်

မိုက်ကယ်အိုဝင် ထွက်သွားပြီးချိန်မှာ ကျောနံပါတ် ၂၅ ဝတ်ဆင်တုန်းက ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဗလင်စီယာကို နည်းပြကြီး ဖာဂူဆန်က ကျောနံပါတ် ၇ ပြောင်းလဲ ဝတ်ဆင်ခိုင်းခဲ့ပါတယ်။

ဗလင်စီယာဟာ နံပါတ် ၇ ပြောင်းလဲ ဝတ်ဆင်ပြီးချိန်မှာ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းခဲ့လို့ သူ့ရဲ့ အရင် နံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၂၅ ကို ပြန်လည်ပေးခဲ့ချိန်မှာတော့ သူ့ရဲ့အရင် ခြေစွမ်းတွေကို ပြန်မြင်တွေ့ခဲ့ရတာပါ။

ဗလင်စီယာပြီးတော့ နံပါတ် ၇ ကို ဆက်ခံခဲ့တဲ့သူက ရီးရယ်လ်အသင်းမှာ နာမည်ကျော်ပြီး အောင်မြင်ခဲ့တဲ့ ဒီမာရီယာ ဖြစ်ပါတယ်။ 

အာဂျင်တီးနား ကစားသမားကို အဲဒီကာလတုန်းက စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူကာ အများကြီး မျှော်လင့်ခဲ့ပေမယ့် ဘာမှဖြစ်ထွန်း လာခြင်းမရှိဘဲ တစ်ရာသီအကြာမှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ကျောနံပါတ် ၇ နဲ့ အောင်မြင်ခဲ့တဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ဒီမာရီယာ နောက်မှာတော့ ခြေစွမ်းခြေစရှိတဲ့ နယ်သာလန်နိုင်ငံသား ဒီပိုင်းက ကျောနံပါတ် ၇ ကို ဆက်လက် ဝတ်ဆင်ခဲ့ပေမယ့် အရင်ကလပ်မှာ ကစားခဲ့တုန်းက ပြသခဲ့တဲ့ ခြေစွမ်းမျိုးရဲ့ အနည်းငယ်ကိုတောင် မမြင်တွေ့ခဲ့ ရပါဘူး။ 

အဲဒါကြောင့်လည်း ဒီပိုင်းဟာ အရန်ခုံနဲ့သာ ကျေနပ်ခဲ့ရလို့ နောက်ပိုင်းမှာ အသင်းကနေ အပြီးသတ် ထွက်ခွာခဲ့ ပါတယ်။ 

ဒီပိုင်းလည်း ထွက်သွားပြီးနောက် လစ်လပ်ခဲ့တဲ့ ကျောနံပါတ် ၇ ကို အာဆင်နယ်အသင်းနဲ့အတူ တောက်ပခဲ့တဲ့ ဆန်းချက်စ်က ဝတ်ဆင်ခဲ့ပါတယ်။ 

ချီလီကစားသမား ဆန်းချက်စ်လည်း ကျောနံပါတ် ၇ ကျိန်စာဆိုးကို မကျော်ဖြတ်နိုင်ခဲ့ဘဲ လက်မြှောက် အရှုံးပေး ခဲ့ရပြီး အသင်းမှာ နှစ်အနည်းငယ်သာ ကစားကာ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ပြီး ယူနိုက်တက် ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

နာမည်ကြီး ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ကျောနံပါတ် ၇ အမွေအနှစ်ကို ဆက်ခံဖို့ ယူနိုက်တက်အသင်းကို ရောက်လာကာ ပထမရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ သူ့ရဲ့ ကျောနံပါတ်ကို ရော်နယ်ဒိုထံ ပြန်ပေးခဲ့ရလို့ ဒီကျိန်စာဆိုးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းတော့ မရှိခဲ့တာပါ။

နံပါတ် ၇ ကို နောက်ဆုံး ဝတ်ဆင်ခဲ့တာကတော့ ပထမဆုံးအကြိမ် ကစားချိန်မှာ ဒီနံပါတ်နဲ့ အောင်မြင်မှု အများကြီး ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုပါ။ 

ကျောနံပါတ် ၇ ကစားသမားများကို တွေ့ရစဉ်

ပေါ်တူဂီကစားသမားဟာ ဒုတိယအကြိမ် ပြန်ရောက်လာချိန်မှာ အသင်းအတွက် ခြေစွမ်းပြသပြီး သွင်းဂိုးတွေပါ ရယူနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ပြဿနာတွေ ကြုံတွေ့လာခဲ့ရပြီး အသင်းနဲ့ နည်းပြကို ဝေဖန်တဲ့ အင်တာဗျူးကြောင့် ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ လမ်းခွဲခြင်းမျိုး မဖြစ်ခဲ့ပါဘူး။

အဲဒါကြောင့် အသစ်ရောက်ရှိလာတဲ့ မေဆန်မောင့်ကို ကျောနံပါတ် ၇ ပေးခဲ့တဲ့အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေကြ တာပါ။ 

မေဆန်မောင့်ဟာ နည်းပြ အဲရစ်တန်ဟတ် သဘောကျတဲ့ ကစားသမားဖြစ်ပြီး ကစားသမားအသင်းထံ လာအောင် သူကိုယ်တိုင် ဆွဲဆောင်ပေးခဲ့တာကြောင့် ယုံကြည်မှုအပြည့်နဲ့ ကျောနံပါတ် ၇ ကို ပေးခဲ့တာပါ။ 

ရော်နယ်ဒိုရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းချက်တွေကို လေ့ကျင့်ပြီး ကြီးပြင်းလာခဲ့တဲ့ မေဆန်မောင့်ဟာ ရော်နယ်ဒို နောက်ဆုံး ဝတ်ခဲ့တဲ့ ဒီနံပါတ်ကို ဆက်ခံပြီး အသင်းအောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ရှိအောင် ဘယ်လောက် အထိ လုပ်ဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိလာပြီဖြစ်ပါတယ်။

မေဆန်မောင့်ကတော့ ယူနိုက်တက်အသင်းနဲ့ အဓိကဆုဖလားတွေကို ရယူနိုင်ဖို့ အတွက် အသင်းရဲ့ မောင်းနှင်မှု အစိတ်အပိုင်း အနေနဲ့ ပါဝင်ချင်တယ်လို့ ပြောထားတာပါ။

အဲဒါကြောင့် ရာသီသစ်မှာ မေဆန်မောင့်ဟာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကျိန်စာဆိုးကို ကျော်ဖြတ်နိုင်မလား ဆိုတာနဲ့ အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရတော့မှာ ဖြစ်ပါ တယ်။