CNI Internatioanl News

ဝါရှင်တန်၊ စက်တင်ဘာ ၂၇

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာ မန်ယန် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) ကို စက်တင်ဘာ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ၊ ပင်တဂွန် စစ်ဌာနချုပ်တွင် လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း ဖြစ်စေမည့် နည်းလမ်းများ ဆွေးနွေးခဲ့ကြကြောင်း အာရ်တီသတင်းအရ သိရသည်။

ဝန်ကြီးနှစ်ဦးတို့သည် လွတ်လပ်၍ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သော အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်နှင့် အိန္ဒိယတို့ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့ပြင် တည်ကြည်လေးနက်သော မိတ်ဖက်များအဖြစ် အတူတကွ ပူးပေါင်းသွားကြရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်၏ အမြင်တွင် အင်ဒို-ပစိဖိတ်ဒေသအတွက် အဓိကစိန်ခေါ်မှုမှာ တောင်တရုတ်ပင်လယ်၌ ဒေသတွင်း နိုင်ငံအသီးသီးနှင့် နယ်မြေအငြင်းပွားမှု ရှိနေခဲ့သည့် တရုတ်နိုင်ငံ ဖြစ်သည်။

တရုတ်နဲ့ အိန္ဒိယ နယ်စပ်အငြင်းပွားမှုဖြစ်ပွားခဲ့စဉ် (GETTY IMAGES)

ထို့ပြင် ဘေဂျင်းအစိုးရသည် ထိုင်ဝမ်ကို ၎င်း၏ခွဲထွက် ပြည်နယ် အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားပြီး ပြန်လည် ပေါင်းစည်းရန် ဆုံးဖြတ်ထားသည်။

အထူးသဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ပြီးခဲ့သည့် ဩဂုတ်လတွင် ကိုယ်ပိုင်အုပ်ချုပ်နေ သည့် ထိုင်ဝမ်ကျွန်းသို့ လာရောက် လည်ပတ်ပြီး နောက်ပိုင်း ကျွန်း၏အရေးကြောင့် အမေရိကန်နှင့်တရုတ်တို့ အကြား တင်းမာမှုများ ပိုမိုတိုးလာခဲ့သည်။

တရုတ်သည် ဝါရှင်တန်အစိုးရနှင့် စစ်ရေး၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆက်ဆံရေးတို့ကို ဖြတ်တောက်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

“အထူးသဖြင့် ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ရန်လိုမှုတွေ တိုးလာနေတာကြောင့် ဒေသတွင်း လုံခြုံရေးအတွက် အင်မတန် အရေးကြီးပါတယ်။ အရင်လတွေ တုန်းကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းကို စိန်ခေါ်ဖို့ အရှိန်မြှင့်လာတာကို ကျနော်တို့ တွေ့ရပါတယ်” ဟု လွိုက်အော်စတင်က ပြောကြားခဲ့ သည်။

နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့စဉ်(GETTY IMAGES)

အမေရိကန်နှင့်အိန္ဒိယတို့သည် ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့အတွက် စိန်ခေါ် မှုများကို အဆက်မပြတ် ရင်ဆိုင်နေရကြောင်း အော်စတင်က ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ရုရှားကို ရှုတ်ချ၍ သီးခြားအထီးကျန်စေဖို့ ငြင်းဆိုခဲ့သည့် ဘေဂျင်း၏ အပြုအမူ ကိုလည်း ၎င်းက အပြစ်တင်ခဲ့သည်။

စက်တင်ဘာ ၂၆ ရက်၌ အော်စတင်နှင့် တွေ့ဆုံမှုတွင် အိန္ဒိယဝန်ကြီး ဂျိုင်ရှန်ကာက ယူကရိန်းအရေးကိစ္စကို အနည်းငယ်သာ ထည့်သွင်းဆွေးနွေးခဲ့ပြီး “အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဒီနှစ် ကမ္ဘာ့အခြေအနေအတွက် စိန်ခေါ်မှုတွေ ထပ်တိုးလာပါတယ်။ အင်ဒို-ပစိဖိတ်‌ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး နဲ့ သာယာဝပြောရေးတို့ စိတ်ချလုံခြုံစေဖို့ အရေးကြီးပါတယ်။ ကျနော်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ တခြား နိုင်ငံတွေအတွက်လည်း အကောင်းဆုံး လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန