CNI International News

မော်စကို၊ စက်တင်ဘာ ၂၇

တရားစွဲဆိုခံထားရမှုမှ တိမ်းရှောင်ထွက်ပြေးနေသည့် အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း အက်ဒွပ်စနိုဒင် (Edward Snowden) ကို ရုရှားက နိုင်ငံသားဖြစ်ခွင့် ပေးလိုက်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

၎င်းသည် ကမ္ဘာတဝန်းမှ ဆက်သွယ်ရေးနှင့် အရေးကြီး အချက်အလက်များကို ကြားဖြတ်ဖမ်းယူလေ့ရှိသည့် အမေရိကန် ထောက်လှမ်းရေးစနစ်များကို ဖွင့်ချခဲ့ပြီးနောက် အမေရိကန်နိုင်ငံမှ တိမ်းရှောင်ထွက်ပြေးခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်လှပြီ ဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် လက်မှတ်ရေးထိုးပေးခဲ့သည့် အမိန့်အရ “စနိုဒင်ကို ရုရှား နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူ နိုင်ငံခြားသား ၇၅ ဦး စာရင်းထဲတွင် တစ်ဦးအဖြစ် အကျုံးဝင်ကြောင်း” သိရ သည်။

စနိုဒင်သည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်မှ ထွက်ပြေးလာပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ရုရှားနိုင်ငံ၌ အမြဲတမ်း နေထိုင်ခွင့် ရရှိခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းသည် မူလ အမေရိကန်နိုင်ငံသား ဖြစ်တည်မှုကိုလည်း မစွန့်လွှတ် ဘဲ ရုရှားနိုင်ငံသား ဖြစ်ခွင့်ကိုပါ လျှောက်ထားရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 အက်ဒွပ်စနိုဒင်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းသို့ အထူးစစ်ဆင်ရေးဟု ပူတင် တံဆိပ်ကပ်ခဲ့သည့် ကျူးကျော်စစ်ကြောင့် လက်ရှိအနေအထားတွင် ဝါရှင်တန်နှင့် မော်စကိုတို့အကြား ဆက်ဆံရေးမှာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အသက် ၃၉ နှစ်ရှိ စနိုဒင်ကို ထောက်ခံသူများက အမေရိကန်ပြည်သူများ၏ လွတ်လပ်ခွင့်ကို ကာကွယ်လိုသည့် ဖြောင့်မှန်သော သတင်းပေးသူအဖြစ် ယူဆကြသော်လည်း အမေရိကန် ထောက်လှမ်းရေး အရာရှိများကတော့ ၎င်းသည် အမေရိကန်အစိုးရဝန်ထမ်းများကို အန္တရာယ်ရှိစေပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေသည်ဟု စွပ်စွဲထား သည်။

မျက်မှောက် ကာလတွင်လည်း ၎င်းသည် အမေရိကန်နိုင်ငံ၌ ထောင်ဒဏ် ဆယ်စုနှစ်နှင့်ချီ၍ ချမှတ်နိုင်သော စွဲချက်များ အတင်ခံထားရသည်။

“ကျနော်တို့ ရပ်တည်ချက်က မပြောင်းပါဘူး။ မစ္စတာစနိုဒင်ဟာ တခြား အမေရိကန် နိုင်ငံသားတွေလိုပဲ တရား ဥပဒေကို ရင်ဆိုင်သင့်တယ်။ အမေရိကန်ကို သူ ပြန်လာသင့်တယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီက သတင်း ဆက်လက် ရေးသားထားသည်။

Source: AP