CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်း ကြောင့် ရေလမ်းကြောင်း သွားလာရေးခရီးစဉ်များကို ကန့်သတ်မှုများ ရှိလာခြင်းကြောင့် စားဝတ်နေရေး ခက်ခဲ လာနိုင်သည်ဟု ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်က ကြည်း၊ ရေ၊ လေ လမ်းကြောင်းများကနေ စစ်အင်အား ပို့ဆောင် ဖြည့် တင်းနေခြင်းကြောင့် ရေလမ်းကြောင်းများတွင် အရေးပေါ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း AA က စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လွန်ခဲ့သော သုံးလက ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများ ပိတ်ထား ခြင်းကြောင့် ရေလမ်းကြောင်းကို အဓိက မှီခိုအားထားနေရကြောင်း၊ ထို့ကြောင့် ရေလမ်းကြောင်းများပါ ပိတ်လိုက် ခြင်းကြောင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး အခက်အခဲများ ကြုံလာနိုင်ကြောင်း ရသေ့တောင်မှ ဒေသခံ ဦးကျော်မင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဒီမှာက ရေလမ်းတစ်ခုတည်းကို မှီပြီးတော့ ကုန်သွယ်ရေးကို လုပ်နေရတာ၊ သယ်ယူပို့ဆောင် ရေးတွေ အားကိုးနေရတာ အဓိကက ရေလမ်းတစ်ခုပဲ ရှိတော့တာ ၊ အဲ့ရေလမ်းပါ ထပ်ပိတ်လိုက်တယ်ဆိုတော့ မြို့နယ်တွေက လူတွေက လုံးဝ ပိတ်မိသွားတဲ့ အနေအထား ဖြစ်သွားပြီဗျ။ ထိတာကတော့ လူတန်းစား သုံးခုလုံး ကို ထိတာပါပဲ။ ဒါပေမယ့် လူတန်းစားသုံး ခုလုံးကို ထိတယ်ဆိုပေမယ့် အဓိက အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်သွားတာက အခြေခံလူတန်းစားပေါ့ဗျာ၊ ကျန်တဲ့ လူတန်းစား နှစ်ရပ်ကျတော့ စားဖို့သောက်ဖို့ကို ပူစရာ မလို ဘူးပေါ့ဗျာ၊ အ‌ခြေခံ လူတန်းစားကြတော့ နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတာလေ ၊ အလုပ်လုပ်ရတာက အဆင်မပြေ ဘူး ကုန်ဈေးနှုန်းတွေက တက်ဆိုတော့ စားဝတ်နေရေးကအစ တော်တော်လေး အခက်အခဲ ဖြစ်သွားလိမ့်မယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသော ရေယာဉ်တစ်စီးကိုတွေ့ရစဉ် (MOI)

ရက္ခိုင့်တပ်တော်အနေဖြင့် မြန်မာ့တပ်မတော် သွားလာနေသည့် လမ်းကြောင်းများမှာ ပြေးဆွဲနေကြသော ကုန်း လမ်း၊ ရေလမ်း ယာဉ်အားလုံးကို စစ်ရေး အခြေအနေအရ ရပ်တန့်စစ်ဆေးသွားမှာဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသော ရေယာဉ်လိုင်းများက ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများကို ခေတ္တ ရပ်နားထားပြီး ဘယ်အချိန်ထိ ရပ်နားထားမလဲ ဆိုသည်ကိုတော့ အတိအကျ မသိရသေးကြောင်း ဒေသခံ များထံမှ သိရသည်။

ထို့နောက် ရေကြောင်း ရပ်နားလိုက်ခြင်းကြောင့် ကုန်ဈေးနှုန်းများ ဈေးတက်လာပြီး စားဝတ်နေရေး ထိခိုက်လာ နိုင်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလုပ်မှု လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ကိုအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

AA ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

၎င်းက “အဓိကကတော့ စားဝတ်နေရေးပေါ့ဗျာ၊ လူတွေမှာ ကုန်စည်စီးဆင်းမှု အဆင်ပြေတယ်ဆိုရင် ကုန်ပစ္စည်း က ဈေးလည်း မတက်ဘူး၊ သွားလာတဲ့ အလုပ်အကိုင်တွေကလည်း အဆင်ပြေကြတယ်၊ နည်းနည်း ပါးပါးပေါ့။ အများကြီး မဟုတ်ရင်တောင် နည်းနည်းပါးပါး အဆင်ပြေကြတယ်ပေါ့၊ ဘူးသီးတောင်တို့ ဆိုတာကလည်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို မှီခိုပြီးတော့ စားသုံးနေတဲ့ လူတွေရှိတယ်၊ မောင်တောတို့ဆိုလည်း နဂိုထဲက ဈေးကြီးနေ တဲ့အခါမှာ ဒီလိုမျိုး တင်ပို့မှုတွေ ကန့်သတ်လိုက်တဲ့ အခါကြတော့ ကုန်ဈေးနှုန်း တက်တာတွေဘာတွေ ဖြစ်နိုင်တာ ပေါ့နော်၊ သူများနိုင်ငံကလည်း သွင်းလို့မရဘူး။ ဒီဘက်ကလည်း ပို့လို့မရဘူးဆိုတဲ့ အခါကြတော့ တော်တော်လေး တော့ အခက်အခဲ တွေ့ပါတယ်၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရေလမ်းကြောင်းကို လောလောဆယ် ရပ်နားထားခြင်း မရှိကြောင်း၊ ယနေ့ (စက်တင်ဘာ ၁၅ ရက်)အထိ ပြေးဆွဲနေကြောင်း ကိုအောင်အောင်က ပြောသည်။

ယခုလို ကုန်ဈေးနှုန်းများ တက်လာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသများတွင် စားဝတ်နေရေး ကြပ်တည်း မှုများအပြင် လုယက်မှုများပါ ပေါများလာနေကြောင်း သိရသည်။