CNI International News

ပါရီ၊ ဇွန်လ ၁၇

စစ်ပွဲ အဆုံးသတ်ရေး အမြင်ဖြင့် ရုရှားနိုင်ငံအပေါ် ပိုင်နက်နယ်မြေ လိုက်လျောမှုမှန်သမျှ ယူကရိန်းတစ်နိုင်ငံတည်း လက်ခံ စဉ်းစားရန် ပြင်သစ်သမ္မတ အီမန်နွယ် မက်ခရွန်က ကိယက်ဗ်သို့ သွားရောက်စဉ် TF1 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြော ကြားခဲ့သည်။

နယ်မြေ အပါအဝင် မည်သည့် လိုက်လျောမှုမျိုးကို ယူကရိန်းက လက်ခံ စဉ်းစားသင့်ပါသလဲဟု မေးမြန်းရာ မက်ခရွန်က “ဒါကို ဆုံးဖြတ်ဖို့က ယူကရိန်းကိစ္စပါ။ နိုင်ငံတကာဥပဒေနဲ့ ယူကရိန်းက ဆုံးဖြတ်ဖို့ပေါ့။ ကျနော်တို့ တန်ဖိုးအတိုင်း ရပ်တည် သွားဖို့က ကျနော်တို့ တာဝန်ဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဖြေကြားခဲ့သည်။

ဂျာမနီ၊ ပြင်သစ်နှင့် အီတလီ ခေါင်းဆောင်များသည် ဇွန်လ ၁၆ ရက်က ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

၎င်းတို့သည် ယခင်က ရုရှားနှင့်ပတ်သက်၍ ယူကရိန်းသည် သတိပိုလွန်းသည်ဟု အပြစ်တင် ဝေဖန်ခဲ့ ဖူးကြသူများ ဖြစ်ကြသည်။

ဇာလန်းစကီးနဲ့အတူ ဂျာမနီ၊ ပြင်သစ်နှင့် အီတလီ ခေါင်းဆောင်များကို တွေ့ရစဉ်

ယခုခရီးစဉ်တွင် အဆိုပါ ခေါင်းဆောင်များက ရုရှားကျူးကျော်မှုကို ကာကွယ်ရန် လက်နက်တောင်းဆိုနေသည့် ယူကရိန်းကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် မျှော်လင့်ချက်တစ်ရပ် ကမ်းလှမ်းခဲ့ကြသည်။

ရုရှားကျူးကျော်မှုကြောင့် မိမိတို့၏ ပိုင်နက်နယ်မြေကို လက်လွတ် ဆုံးရှုံးခံမည် မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်သည်။

ရုရှားသည် ယူကရိန်းနိုင်ငံအတွင်းက ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်က သိမ်းပိုက်ထားပြီး ယခုအခါမှာတော့ ဒွန်နက်ဆက်နှင့် လူဟန်ဆက် ဒေသများကို သမ္မတ နိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာ၍ ကျူးကျော်စစ်ကို ဆင်နွှဲနေသည်။

Source: Reuters