CNI International News

မော်စကို၊ အောက်တိုဘာ ၁၄

အကယ်၍ အမေရိကန်ဦးဆောင်သော မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ထဲသို့ ယူကရိန်းကို ဝင်ခွင့်ပြုခဲ့လျှင် လက်ရှိစစ်ရေးပဋိပက္ခသည် တတိယကမ္ဘာစစ်ဖြစ်ဖို့ အလားအလာရှိကြောင်း ရုရှားလုံခြုံရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်တွင် ယူကရိန်းနယ်မြေ ၁၈ ရာခိုင်နှုန်း သိမ်းယူကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် တရားဝင်ကြေညာပြီး နာရီပိုင်းအကြာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက နေတိုးအဖွဲ့ထဲသို့ အဖွဲ့ဝင်ရန် အဆိုပြု ကမ်းလှမ်းချက်ကို တုံ့ပြန်ကြေညာခဲ့သည်။

နေတိုးအဖွဲ့ဝင် အပြည့်အဝဖြစ်ရေးမှာ အဆိုပါမဟာမိတ် အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘောတူညီချက် ရယူရန် လိုအပ်သဖြင့် ယူကရိန်းအတွက် လတ်တလော အလှမ်းဝေးသေးသည်။

“ဒီခြေလှမ်းဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ နီးလာပြီဆိုတာ ကိယက်ဗ်အစိုးရ ကောင်းကောင်းသိပါတယ်” ဟု ရုရှား လုံခြုံရေးကောင်စီ၊ လက်ထောက်အတွင်းဝန် အလက်ဇန္ဒားဗီနီဒစ်တော့ဗ် (Alexander Venediktov) က ပြောကြားကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်း ခေါင်းဆောင်များကိုတွေ့ရစဉ် 

နေတိုးထဲ ဝင်ရေးအတွက် ယူကရိန်းအဆိုပြုချက်၏ နောက်ဆက်တွဲ အကျိုးဆက်များကို အနောက်အုပ်စုနိုင်ငံများ နားလည်သောကြောင့် ယခုကဲ့သို့ အဆိုပြုကမ်းလှမ်းခြင်းမှာ ဝါဒဖြန့်ချိရေးအဖြစ်သာ မိမိခံစားရကြောင်း ရုရှား လုံခြုံရေး ကောင်စီ၊ အတွင်းရေးမှူး နီကိုလပ်ပက်ထရူရှက်ဗ် (Nikolai Patrushev) ၏ လက်ထောက်ဖြစ်သူ ဗီနီဒစ်တော့ဗ်က ပြောကြားခဲ့သည်။

နီကိုလပ်ပက်ထရူရှက်ဗ်သည် ပူတင်နှင့်နီးစပ်သော မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။

“အဲဒီလို ကိုယ့်ကိုယ်ကို ပြန်သတ်သေမယ့် ခြေလှမ်းရဲ့သဘောသဘာဝကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေ နားလည်ပြီး သားပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နေတိုးကို အရှေ့ဘက်သို့ အမေရိကန် ချဲ့ထွင်နေခြင်းအား သမ္မတ ဗလာဒီမာပူတင်က အကြိမ်ကြိမ် အပြစ်တင် ရှုတ်ချခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းများ ဖြစ်ကြသည့် ယူကရိန်းနှင့် ဂျော်ဂျီယာ ကဲ့သို့နိုင်ငံများကို ရုရှားက ၎င်း၏ကိုယ်ပိုင် ဩဇာလွှမ်းမိုးရာ အစိတ်အပိုင်းများအဖြစ် မှတ်ယူထားသည်။

ရုရှားနိုင်ငံကို ကာကွယ်ရန်အတွက် နျူကလီးယား လက်နက်ထုတ်သုံးရန် အဆင်သင့် ဖြစ်နေပြီဟု အနောက် အုပ်စုနိုင်ငံများအား ပူတင်က စက်တင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။

သို့ဖြစ်၍ ၁၉၆၂ ခုနှစ်၊ ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း အကြီးမားဆုံး နျူကလီးယား အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

လာမည့် သီတင်းပတ်တွင် နေတိုးသည် “တည်ကြည်မွန်းတည့်နေ (Steadfast Noon)” ဟု အမည်ပေးထားသည့် နျူကလီးယား ကြိုတင်ပြင်ဆင်ရေး စစ်ရေး လေ့ကျင့်မှုကို စတင်မည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုသည် နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သည်။

ယူကရိန်း စစ်မြေပြင်ကိုတွေ့ရစဉ်

လက်ရှိ ကာလအထိ ရုရှားနှင့်အမေရိကန်တို့သည် အကြီးမားဆုံး အဏုမြူ အင်အား ပိုင်ဆိုင်ကြသူများဖြစ်ပြီး တကမ္ဘာလုံး စုစုပေါင်း နျူကလီးယား ထိပ်ဖူးများ၏ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားကြသည်။

ရုရှားအပေါ် ကြိုတင်ကာကွယ်ရေး တိုက်ခိုက်ရန် ဇာလန်းစကီး၏ တောင်းဆိုချက်သည် အန္တရာယ်များလှပြီး နျူကလီးယားစစ်ပွဲကြောင့် ကမ္ဘာ့ကြီး ဆိုးရွားသော အကျိုးဆက်များဖြစ်လာနိုင်ကြောင်း ဗီနီဒစ်တော့ဗ်က ထောက်ပြခဲ့သည်။

“ကျနော်တို့ သတိထားရမယ့် အချက်ဟာ နျူကလီးယား ပဋိက္ခဆိုတာ ရုရှားနဲ့အနောက်အုပ်စုတင် မကဘဲ ကမ္ဘာ့နိုင်ငံတိုင်းအတွက် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေက လူသားအားလုံးအတွက် ဆိုးရွားစေလိမ့်မယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: Reuters