CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၂၇

ကရင်မလင် ကြိုးကိုင်ထားသော လူထုဆန္ဒခံယူပွဲများသည် သိမ်းပိုက်ခံထားရသော ယူကရိန်းနယ်မြေ ၄ ခု အတွက် ရုရှား၏ အနီးကပ် ထိန်းချုပ်နိုင်မှုကို ပြသလာသဖြင့် စစ်ဒဏ်ကို ၇ လကြာအောင် ခံစားနေရသည့် ယူကရိန်းပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စရာများ တိုးပွားလာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။

အဆိုပါ နယ်မြေများတွင် ဆန္ဒခံယူပွဲများ မစတင်မီကပင် ဒေသခံအချို့သည် အတင်းအကျပ် မဲထည့်စေခြင်း (သို့မဟုတ်) ရုရှားစစ်တပ်ထဲသို့ မဖြစ်မနေ စစ်မှုထမ်းစေခြင်းတို့မှ ရှောင်ရှားလိုကြသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ ကြသည်။

အချို့က အိမ်တံခါးအလုံပိတ်၍ ပုန်းအောင်းနေကြခြင်းဖြင့် မဲထည့်ဖို့ တစ်အိမ်တက်ဆင်း စည်းရုံးနေသော လက်နက်ကိုင် စစ်သားများကို ရှောင်လွှဲနိုင်မည်ဟု မျှော်လင့်ကြသည်။

ကြိုတင်မဲပေးမှုများ မစတင်မီ စက်တင်ဘာ ၂၃ ရက်ကပင် ရုရှားထိန်းချုပ်ထားသော ယူကရိန်းတောင်ပိုင်း၊ ခါဆွန်နယ်မြေမှ ထွက်ပြေးလာသည့် ပက်ထရိုကိုဘာနစ် (Petro Kobernik) အမည်ရှိ ဒေသခံတစ်ဦးက “ရုရှား ဥပဒေအောက်တွင် နေရခြင်းနှင့် တိုက်ပွဲများ ပြင်းထန်လာခြင်းတို့က မိမိနှင့် အခြားသူများ၏ အနာဂတ်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း” ပြောကြားခဲ့သည်။

ရုရှားစစ်သားများကို တွေ့ရစဉ် (AP)

“အခြေအနေတွေက ပြောင်းလဲပုံက အင်မတန်မြန်ပါတယ်။ ရုရှားစစ်တပ် (ဒါမှမဟုတ်) ယူကရိန်း ပြောက်ကျား တွေနဲ့ ချီတက်လာတဲ့တပ်တွေ ထိတွေ့မှာကို ဒီကလူတွေ စိုးရိမ်နေကြပါတယ်” ဟု အသက် ၃၁ နှစ်အရွယ်ရှိ ပက်ထရိုကိုဘာနစ်က အေပီသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

လက်နက်ကိုင် ရဲသားများနှင့်အတူ ရုရှားတပ်ဘက် အရာရှိတချို့က မဲပုံးများ ယူဆောင်လာစဉ် ခါဆွန်နယ်မြေ၏ တစိတ်တပိုင်းဖြစ်သော နိုဗိုထရိုက်စကီ (Novotroitske) ကျေးရွာရှိ ၎င်း၏နေအိမ်၌ ကိုဘာနစ်သည် အသက် ၇၀ အရွယ်ရှိ ဖခင်ကြီးကို အိမ်ထဲသို့ မည်သူမျှ ဝင်ခွင့်မပေးရန် မှာကြားပြီး ပုန်းအောင်းနေခဲ့သည်။

ကိယက်ဗ်အစိုးရနှင့် အနောက်အုပ်စု မဟာမိတ်များက အတုအယောင်ဟု ရှုတ်ချထားသည့် အဆိုပါ လူထု ဆန္ဒခံ ယူပွဲကို ယခုရက်ပိုင်း ရုရှားထိန်းချုပ်ထားသော လူဟန့်စ် (Luhansk) ၊ ခါဆွန်၊ ဒွန်နက်စ်၊ ဇာပိုရေဇီးယား စသည့် နယ်မြေ ၄ ခုတွင် ကျင်းပနေခဲ့သည်။

ထိုနယ်မြေများကို ရုရှား အပြီးအပိုင် သိမ်းယူရန်အတွက် အကြောင်းပြချက်အဖြစ် ဆန္ဒမဲကောက်ခံခြင်းဟု ရှုမြင် ကြပြီး စက်တင်ဘာ ၂၇ ရက် (ယနေ့)တွင် မဲစာရင်းများ အတည်ပြုပြီးလျှင် ရုရှားအာဏာပိုင်များက ၎င်းတို့ ပိုင်ဆိုင်သော နယ်မြေဒေသများအတွက် ထုတ်ဖော်ကြေညာတော့မည်ဟု မျှော်လင့်ရသည်။

ယူကရိန်းခွဲထွက်ဒေသအတွင်းတစ်နေရာကိုတွေ့ရစဉ် (AP)

ကရင်မလင်သမ္မတနန်းတော်သည် ယခင်ကလည်း ထိုသို့နည်းဗျူဟာများကို အသုံးပြုခဲ့ဖူးသည်။

ပင်လယ်နက် ကျွန်းဆွယ်တစ်ခုဖြစ်သည့် ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသကိုလည်း လူထုဆန္ဒခံယူပွဲဟူ၍ အဆောတလျင် ခေါ်ဝေါ်သမုတ်လျက် ဒေသခံများထံမှ အလားတူ ထောက်ခံမဲများကို ၂၀၁၄ ခုနှစ်က ဖန်တီးပြု လုပ်ခဲ့သည်။

လက်ရှိ ဖြစ်ပွားနေဆဲ စစ်ပွဲအတွက် တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်စုဆောင်းစေရန် ဗလာဒီမာပူတင်က ယခင် သီတင်း ပတ်တွင် အမိန့်ပေးခဲ့ပြီးနောက် နယ်မြေများကာကွယ်ရေးအတွက် နျူလက်နက်များ ထုတ်သုံးဖို့ အသင့်ရှိကြောင်း ယူကရိန်းကို ပြတ်ပြတ်သားသား ခြိမ်းခြောက်ခဲ့သည်။

Source: AP