CNI International News

နယူးဒေလီ၊ ဇွန်လ ၁၇

အိန္ဒိယနိုင်ငံတွင် အစိုးရ၏ ကာလတိုစစ်မှုထမ်း စုဆောင်းရေးမူဝါဒကို ထောင်နှင့်ချီသော လူငယ်များ မကျေနပ်သဖြင့် ဆူပူ ဆန္ဒပြခဲ့ကြကြောင်း အေပီသတင်းအရ သိရသည်။

ထိုသို့ ဆန္ဒပြရာတွင် အဝေးပြေးလမ်းများကို ပိတ်ဆို့၍ ရဲများအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ရထားတွဲများနှင့် ယာဉ်များကို မီးရှို့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘီဟာ၊ မစ်ဇပရာဒတ်နှင့် ရာဇဌာန်ပြည်နယ်တို့တွင် လမ်းပေါ်ထွက် ဆန္ဒပြသူများက အစိုးရ အဆောက်အဦများကို ပျက်စီးစေခဲ့သဖြင့် ရဲက နံပါတ်တုတ်များ၊ မျက်ရည်ယို ဗုံးများသုံး၍ လူစုခွဲခဲ့သည်။

အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် ဘီဟာပြည်နယ်တွင် ခရိုင် ၈ ခုရှိ မြို့ဆယ်ဂဏန်းအထိ ဆန္ဒပြမှုများ ပျံ့နှံ့သွားခဲ့သဖြင့် ရဲတပ်ဖွဲ့ ဝင် ၂၅,၀၀၀ နီးပါး စေလွှတ်၍ ထိန်းသိမ်းခဲ့ကြောင်း ရဲအရာရှိတစ်ဦးဖြစ်သော အက်စ်ကေဆင်ဟဲက ပြောကြားခဲ့သည်။

ထို့နောက် ဆန္ဒပြသူများသည် အဝေးပြေးလမ်းများကို ပိတ်ဆို့ခဲ့ပြီး ရထားပြေးဆွဲမှုများအား နာရီပေါင်းများစွာ ကြာအောင် ရပ်တန့်စေခဲ့သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက်ဆင်းက ယခုသီတင်းပတ်အတွင်း ကြေညာခဲ့သည့် အလုပ်အကိုင်သစ် အစီအစဉ်အရ စစ်တပ်ထဲတွင် ယခုနှစ်အတွက် အသက် ၁၇ နှစ်၊ ၅ လမှ ၂၁ နှစ်ကြားရှိ လူငယ် အမျိုးသား၊ အမျိုးသမီး ၄၆,၀၀၀ ခန့်အပ်မည် ဆိုသော်လည်း ကာလတိုအားဖြင့် ၄ နှစ် သက်တမ်းသာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ဝန်ကြီးချုပ် နရိန္ဒာရာမိုဒီ (GETTY IMAGES)

အဆိုပါ အရေအတွက်ထဲမှ ၇၅ ရာခိုင်နှုန်းသည် ပင်စင်ခံစားခွင့်မရှိဘဲ ၄ နှစ်ပြည့်သည်နှင့် တာဝန်မှ အနားယူရမည် ဖြစ်သည်။

အချိန်ပြည့် စစ်မှုထမ်း တစ်ဦးအတွက်ကတော့ လုပ်သက် ၃၅ နှစ် ကျော်အထိ တာဝန်ထမ်းဆောင်ရန် ခေါ်ယူနေသည်။ ထို၏ အစီအစဉ်မှာ နိုင်ငံ့လုံခြုံရေး အားကောင်းစေရန် ရည်ရွယ်ကြောင်း ရက်ဂျ်နက်ဆင်းက ပြောကြားခဲ့သည်။

စစ်မှုထမ်းအင်အား ၁ ဒသမ ၄ သန်းကျော်ရှိသည့် အိန္ဒိယစစ်တပ်သည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အင်အား အကြီးဆုံးဖြစ်ပြီး စစ်အသုံးစရိတ် အများဆုံး သုံးစွဲမှုတွင် ကမ္ဘာ့တတိယနေရာ၌ ရှိသည်။

ကပ်ရောဂါဘေးမှ အိန္ဒိယစီးပွားရေး ပြန်လည် ဦးမော့လာပြီဖြစ်၍ ဝန်ကြီးချုပ် နရိန္ဒာရာမိုဒီ အစိုးရသည် အလုပ်အကိုင် ဖန်တီးပေးရေး ဖိအားပေးမှု ခံနေရသည်။ မိုဒီသည် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် ယခုကတည်း က ရင်ဆိုင်ဖြေရှင်းစရာ များပြားနေသည်။

ကာလတို စစ်မှုထမ်း စုဆောင်းခြင်း၏ နောက်ကွယ်မှ အယူအဆတစ်ခုမှာ စစ်တပ်ထဲတွင် လေ့ကျင့်သင်ကြားပြီးသူ အနေဖြင့် အနာဂတ်ကာလတွင် ရဲလုပ်ငန်း (သို့မဟုတ်) ပုဂ္ဂလိကဏ္ဍများတွင် အလုပ်အကိုင်သစ်များ ရရှိရေး ဖြစ်သည်။ သို့ဖြစ်၍ မိုဒီ အစိုးရကို အငြိမ်းစား စစ်မှုထမ်းများနှင့် အတိုက်အခံ ခေါင်းဆောင်အချို့က ဝေဖန်နေကြသည်။

ဆန္ဒပြမှုကြောင့် ရထားတွဲများ မီးလောင်(AP)

“အစတုန်းကတော့ ဒီကိစ္စကို စမ်းသပ်လုပ်ဆောင်တယ်လို့ ကျနော် ထင်တာဗျ။ ဒါက အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့တွေကို ကာလတို စစ်မှုထမ်း တစိတ်တပိုင်း တပ်ဖွဲ့တွေအဖြစ် ပြောင်းလဲသွားစေနိုင်တယ်” ဟု အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ဂျီဒီဘက်ရှီက ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သည်။

“ပြည်တွင်းရှိ အလုပ်လက်မဲ့ ဖြစ်နေကြသော လူငယ်များ၏အသံကို နားစွင့်ရန်လိုကြောင်း” အဓိကအတိုက်အခံဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီ (Rahul Gandhi) က မိုဒီအစိုးရကို တိုက်တွန်းခဲ့သည်။

ယခုဆန္ဒပြမှု ဂယက်ကြောင့် အိန္ဒိယနိုင်ငံအလယ်ပိုင်း ဂွါလီရော (Gawalior) ရှိ ရထားဘူတာရုံတစ်ရုံတွင် လုယက်မှုများ ဖြစ်ပွားခဲ့ပြီး ရထားတွဲဆိုင်းအချို့ ပျက်စီးခဲ့ကာ အမှိုက်ပုံးများ မီးလောင်ကျွမ်းခဲ့သည်။

Source: AP