CNI International News

ဘေဂျင်း၊ ဇွန်လ ၁

ဝါရှင်တန်နှင့်တိုင်ပေတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တုံ့ပြန်သည့် လိုအပ်သောလုပ်ဆောင်ချက်အဖြစ် မကြာသေးမီရက်ပိုင်းအတွင်း တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းတဝိုက် ပင်လယ်ပြင်နှင့်ဝေဟင်ပိုင်နက်တို့ကို တိုက်ပွဲဝင်အသင့်အနေအထားဖြင့် ကင်းလှည့်ခဲ့ကြောင်း ၎င်းစစ်တပ်က ဇွန်လ ၁ ရက်(ယနေ့)သတင်းထုတ်ပြန် ခဲ့သည်။

ထိုင်ဝမ်သည် ၎င်း၏အချုပ်အခြာအာဏာပိုင်ဆိုင်မှု ထိန်းသိမ်းရန် ကြိုးပမ်းနေသော်လည်း တရုတ်က ထိုင်ဝမ်ကို ပြည်မကြီးအစိတ်အပိုင်းတစ်ခုအဖြစ် ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည်ဟု ပြောကြားပြီး ပြီးခဲ့သည့်နှစ်နှစ် ကတည်းက ကျွန်းတဝိုက်တွင် စစ်ရေးလေ့ကျင့်မှု တိုးမြှင့်ခဲ့သည်။

ထို့ပြင် ထိုင်ဝမ်အတွက် အမေရိကန်၏ပံ့ပိုးကူညီမှုများကိုလည်း တရုတ်နိုင်ငံက မလိုလားပေ။
ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်မည်ဆိုပါက အမေရိကန် စစ်ရေးအရပါဝင်လာမည်ဟု သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ခြင်းဖြင့် ထိုင်ဝမ်အပေါ် အမေရိကန်မူဝါဒအပြောင်းအလဲ ပြသလိုက်ခြင်းကလည်း တရုတ်ကို ဒေါသထွက်စေခဲ့သည်။

မကြာသေးမီ ကျွန်းအနီးတဝိုက် ကင်းလှည့်ခဲ့ခြင်းသည် အမေရိကန်နှင့်ထိုင်ဝမ်တို့ ပူးပေါင်းမှုကို ဆန့်ကျင်ရန် လိုအပ်သော အရေးယူဆောင်ရွက်ချက်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ အရှေ့ပိုင်းစစ်ဌာနချုပ် ၏ ထုတ်ပြန်ချက်ထဲတွင် သတိပေးခဲ့သည်။

“မကြာသေးမီက ထိုင်ဝမ်အရေးမှာ အမေရိကန် ဝင်စွက်ဖက်ပြီး ထိုင်ဝမ်လွတ်လပ်ရေးတပ်တွေကို ပံ့ပိုးကူညီဖို့ ပြောလာပြီးတော့ ဒီကျွန်းကို အန္တရာယ်များတဲ့အခြေအနေတစ်ခုထဲ တွန်းပို့ပါလိမ့်မယ်” ဟု ယင်းထုတ်ပြန်ချက် ထဲတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်တပ်ဖွဲ့ဝင်များသည် ပြည်ပဝင်ရောက် စွက်ဖက်မှုနှင့် ထိုင်ဝမ်လွတ်လပ်ရေးအားပေးသူများ၏လုပ်ရပ်ကို ဟန့်တားရန်အတွက် စစ်ရေးလေ့ကျင့်မှု ဆက်လက်ပြုလုပ်သွားမည်ဟု တရုတ်က ပြောကြားခဲ့သည်။

တရုတ်စစ်ရေးလေ့ကျင့်မည့် နေ့ရက်အတိအကျကို အဆိုပါထုတ်ပြန်ချက်ထဲတွင် မဖော်ပြထားသော်လည်း ထိုင်ဝမ်က ၎င်း၏လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်လေတပ်၏ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း အကြီးမားဆုံး ကျူးကျော်မှု ပြုခဲ့ကြောင်း မေလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ ကျူးကျော်ပျံသန်းလာသော တရုတ်လေယာဉ် အစင်း ၃၀ ကို ထိုင်ဝမ်တိုက်လေယာဉ်များက အလားတူ ပျံသန်း၍ သတိပေးခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယခင်ကလည်း ထိုင်ဝမ် သည် ၎င်း၏လေကြောင်းကာကွယ်ရေးဇုန် (ADIZ) အတွင်းသို့ တရုတ်ထိပါးလာခြင်းအား အကြိမ်ကြိမ် သတိပေး ခဲ့ရသည်။

ကျွန်း၏အချုပ်အခြာနှင့်ပတ်သက်၍ တရုတ်တောင်းဆိုချက်များကို တိုင်ပေက ငြင်းပယ်ခဲ့ပြီး မိမိတို့ကျွန်း အနာဂတ်ကို မိမိတို့ပြည်သူကသာ ဆုံးဖြတ်ခွင့်ရှိကြောင်း တုံ့ပြန်ခဲ့သည်။

Source: Reuters