CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အနီး စနင်းတောင်တွင် တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် အခြေအနေ ပြန်လည် လျော့ကျသွားပြီဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ က ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ပင်လုံမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းအနီးသို့ တပ်မတော်နှင့် RCSS စစ်ကြောင်းများ လှုပ်ရှားလာခြင်းကြောင့် SSPP ၊ တပ်မတော်၊ RCSS သုံးပွင့်ဆိုင် စစ်ရေး တင်းမာ ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြသည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများသည် SSPP တပ်များရှိရာသို့ ချည်းကပ်လာမှုများ လျှော့ချသွားပြီး ထိုးစစ်ဆင်မည့် အခြေအနေ မရှိတော့ကြောင်း၊ စစ်ရေးတင်းမာမှု ပြန်လည်လျော့ကျသွားကြောင်း ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

ဗိုလ်မှူးကြီးစိုင်းဆုက “အခုက ချည်းကပ်မှုတွေ လျှော့ချသွားတယ်ဗျ၊ နောက်ပြီး ကျနော်တို့ ရှိတဲ့နေရာလည်း ပြဿနာဖြစ် အောင် စစ်ဆင်ရေးတွေ မရှိတော့ဘူးပေါ့နော်၊ စစ်ဆင်ရေးတွေလည်း သိပ်မရှိသလိုမျိုး ဖြစ်သွားတာပေါ့၊ ပြန်လည် ငြိမ်းချမ်း သွားပါပြီ”ဟု ပြောသည်။

စနင်းတောင်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ပြီးနောက် ယခုလို SSPP နှင့် စစ်ရေးတင်းမာမှု ပြန်လည်လျော့ကျ သွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးစိုင်းဆုက “သူတို့ရဲ့ အထက်ရဲ့ အမိန့်ဖြစ်လိမ့်မယ်ထင်တယ်၊ အောက်ခြေမှာလည်း စစ်အင်အားက အရင်တုန်းက ကျတော့ နည်းနည်းဖိသလို၊ အခုက အင်အား သိပ်မရှိတော့ဘူး၊ ၁၅၀ လောက်ပဲရှိတယ်၊ အင်အားလျော့သွားတယ်၊ နောက် ပြီး တခြားအဖွဲ့မှာလည်း အရှိန်လျှော့ သွားတာပေါ့နော်၊ စစ်ဆင်ရေးတွေ လျော့သွားတာပေါ့၊ အဲဒီလိုမျိုး သဘောမျိုး ဖြစ်သွား တာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့က တပ်မတော်၏ အမှတ် ၅၁၃ လက်အောက်ခံ တပ်ရင်း အမှတ် ၂၇၇၊၂၇၈ မှ ဗိုလ်မှူး ထွန်းဝင်း အောင် ဦးဆောင်ပြီး အင်အား ၃၀၀ ကျော်ဖြင့် ပင်လုံ၊ လဲချားကနေ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ပင်လုံမြို့နယ်ထဲရှိ စနင်းတောင် ဘက်ခြမ်း SSPP/SSA စခန်းအနီး စစ်ရေးလှုပ်ရှားလာကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။

SSPP ကိုယ်စားလှယ်နဲ့ NSPNC ကိုယ်စားလှယ်တွေ့ဆုံစဉ်

ထို့ပြင် အဆိုပါဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကလည်း လှုပ်ရှားလိုသည့် သဘောများ တွေ့နေရပြီး တပ်မတော်အနေနှင့် တိုက်ပွဲဖြစ်ပွားလာပါက ပိုမိုကျယ်ပြန့်သည့် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု SSPP မှ သတိပေးခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်စခန်းများကို လိုက်လံ တိုက်ခိုက်ရင်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ အနောက်ပိုင်း စနင်းတောင်သို့ တပ်များ ရောက်ရှိလာခဲ့သည်။

အဆိုပါ ဒေသသည် ယခင်က RCSS တပ်များ ထိန်းချုပ်ထားသည့် ဒေသဖြစ်ကြောင်း ဒေသခံများက ပြောသည်။