CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄

ရှမ်းပြည်တပ်မတော်(SSA)တည်ထောင်ခြင်း ၅၈ နှစ်မြောက် အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA)၏ ဌာနချုပ် ဝမ်ဟိုင်းမှာ ယနေ့(ဧပြီ ၂၄ ရက်)နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှမ်းပြည်တပ်မတော်(SSA)ကို မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ ဇနီး မဟာဒေဝီ ဦးဆောင်၍ ၁၉၆၄ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့သည်။

ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကို ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ကာ ငြိမ်းချမ်းရေးယူခဲ့သည်။

၂၀၁၀ ခုနှစ်အရောက်မှာတော့ တပ်မတော်က SSPP/SSA ကို ပြည်သူ့စစ်အဖွဲ့(ပသစ) သို့မဟုတ် နယ်ခြားစောင့်တပ်ဖွဲ့(BGF) အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကြောင့် SSPP/SSA ထဲက တပ်မဟာ ၃ နှင့် ၇ မှာ ခွဲထွက်၍ ပြည်သူ့စစ်အဖွဲ့ အသွင်ပြောင်းသွားခဲ့သည်။

သို့သော် တပ်မတော် ၁ မှ ဗိုလ်မှူးကြီး ပန်ဖဦးဆောင်သော အဖွဲ့က ပြည်သူ့စစ်အဖွဲ့ကို လက်မခံဘဲ တပ်တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်ခဲ့ရာ လက်ရှိ အင်အား ၈၀၀၀ ကျော်အထိရှိလာခဲ့သည်။

ထို့နောက် ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ပြည်နယ်-ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ကို လက်မှတ်ရေးထိုးခဲ့သလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးနိုင်ရေးကိုလည်း ညှိနှိုင်းလျက်ရှိနေသည်။