CNI News

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁

ရှမ်းပြည်နယ် တောင်ပိုင်းသို့ ရောက်ရှိနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၏ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် တပ်မတော်က ပြောကြောင်း SSPP မှ အထွေထွေအတွင်းရေးမှူး (၂) ဒုဗိုလ်မှူးကြီး စိုင်းဆုက CNI သတင်းဌာနသို့ ပြော သည်။

မတ်လ ၃၁ ရက်က နေပြည်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC )နှင့် SSPP တို့ တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်မှူးကြီး စိုင်းဆုက “အဓိက ဘာတွေဆွေးနွေးလဲဆိုတော့ ငြိမ်းချမ်းရေးပေါ့၊ ငြိမ်းချမ်းရေး ဆိုတာကလည်း နိုင်ငံရေး နဲ့ မသက်ဆိုင်ဘူး၊ ကျနော်တို့က မြေပြင်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို ကျနော်တို့က ဥပမာ ကျနော်တို့က လှုပ်ရှား သွား လာရောက်ရှိနေတဲ့ နေရာတွေ အများစုက ဆုတ်ခိုင်းတာ ကျနော်တို့ကို၊ အဲဒါကို ကျနော်တို့က ရောက်ရှိနေတဲ့ နေရာက လည်း ပြဿနာရှိတာပေါ့၊ သူတို့ စစ်အင်အားတွေ လိုက်ပြီးတော့ ချည်းကပ်တာမျိုးတွေ တိုက်ပွဲတွေ ဖြစ်နိုင်တာပေါ့၊ တိုက်ပွဲ မဖြစ်အောင် ခင်ဗျားတို့ လိုက်ပြီးတော့ ချည်းကပ်မှုတွေ မလုပ်ပါနဲ့လို့ ကျနော်တို့ သူတို့ကို အဲလိုမျိုးပြောတာ”ဟု ပြောသည်။

NSPNC နှင့် SSPP ကိုယ်စားလှယ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်က တွေ့ရစဉ်

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် NSPNC ဘက်က လက်ရှိ ငြိမ်းချမ်းရေးဆောင်ရွက်နေမှု၊ အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်ပြီး ကြိုတင်သတ်မှတ်ချက်များမရှိဘဲ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေး မှု၊ အပစ်အခတ်ရပ်စဲ ထားမှု၊ ဒေသဖွံ့ဖြိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခများလျှော့ချနိုင်ရေး၊ ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နယ်မြေတည်ငြိမ် အေးချမ်းစေရန်၊ နိုင်ငံရေးပါတီ အများစု သွားလာစည်းရုံး နိုင်ရန်၊ ပြည်သူလူထုများကို ကန့်သတ်မှုများ မလုပ်ရန် NSPNC က တောင်းဆိုခဲ့ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းဆုက “တော်တော်များများ ကျနော်တို့ ရှိနေတဲ့ ဒီ RCSS နဲ့ တိုက်ပွဲတွေက ရှိနေတဲ့ နေရာတွေ တော်တော် များများ အများအားဖြင့် အဲဒေသတွေမှာ ဖြစ်တယ်၊ အများစုက တပ်က လိုက်ပြီးတော့ စစ်ကြောင်းတွေ လိုက်ပြီး ချည်းကပ်မှု မလုပ်ဘူးဆိုရင် ပြဿနာ မရှိလောက်ဘူး၊ လိုက်ပြီးတော့ ချည်းကပ်မှုတွေလုပ်တယ်၊ ပြောလို့ မရဘူးဆိုရင်လည်း ဒါကတော့ ပြောလို့မရဘူးလေ။ ကျနော်တို့မှာလည်း ရှောင်လမ်းမရှိဘူးဆိုရင်တော့ ထိပ်တိုက်မှုတွေ ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။

SSPP အတွင်းရေးမှူး(၂) ဒုဗိုလ်မှူးကြီးစိုင်းဆု

SSPP သည် ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသတွင် ဌာနချုပ်ထားရှိ၍ သီပေါ၊ ကျောက်မဲ၊ မိုင်းရှုး၊ နမ့်ခမ်း၊ ခိုလမ်၊ ကျေးသီး၊ တန့်ယန်း၊ လားရှိုးနှင့် မုန်းယိုင်မြို့နယ်များမှာ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

သို့သော် အထက်ပါ ဒေသများတွင် RCSS နှင့် တိုက်ပွဲများဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းသို့ RCSS ကို တိုက်ထုတ်ခဲ့ရာမှ လက်ရှိ ရှမ်းပြည်တောင်ပိုင်းထိ တပ်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိနေသည်။ ထို့ကြောင့် တပ်မတော်က SSPP ကို ရှမ်းပြည် နယ် မြောက်ပိုင်းသို့ တပ်များ ပြန်ဆုတ်ရန် မတ်လ ၃၁ ရက်နေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

SSPP သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်မရေးထိုးသေးပဲ ထိုးနိုင်ရန် ဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။