CNI International News

ကိယက်ဗ်၊ ဧပြီ ၂၇

မော်စကို၏ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ကိယက်ဗ်မြို့လယ်ရှိ ရုရှား-ယူကရိန်းချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုသည့် ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့သော ကြီးမားသည့်အထိမ်းအမှတ်ရုပ်တုကို ယူကရိန်း အာဏာပိုင်များက ဧပြီ ၂၆ ရက်တွင် ဖြိုချခဲ့ကြောင်း ၎င်းမြို့တော်ဝန်၏ပြောကြားချက်ကို ကိုးကားလျက် ရိုက်တာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၈ မီတာ (၂၇ ပေ) အမြင့်ရှိသည့် ရုပ်တုသည် ဆိုဗီယက်အုပ်စုဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြု လျက် အုတ်ခုံပေါ်တွင် ရုရှားနှင့်ယူကရိန်းအလုပ်သမားတစ်ဦးစီကို သရုပ်ဖော်ထုလုပ်ထားသည်။ ယင်းရုပ်တုကို ဆိုဗီယက်ပြည်ထောင်စု နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ၁၉၈၂ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တိုက်တေ နီယမ်သတ္ထုဖြင့် ပြည်သူ့ချစ်ကြည်ရေးမုခ်ဝအောက်တွင် စိုက်ထူထားခဲ့သည်။

“ဒီချစ်ကြည်ရေးဆိုတာ ဘာအဓိပ္ပါယ်လဲ။ အခုဆိုရင် ယူကရိန်းမြို့တွေကို ဖျက်ဆီးပစ်တာ၊ ငြိမ်းချမ်းစွာနေတဲ့ သူတွေကို ထောင်နဲ့သောင်းနဲ့ချီပြီး သတ်ပစ်နေတာပဲ တွေ့ရတယ်။ ဒီအထိမ်းအမှတ်ရုပ်တုဟာ အခုအချိန်မှာတော့ လုံးဝကွဲပြားခြားနားသွားတဲ့ အဓိပ္ပါယ်ဖော်ဆောင်နေတယ်လို့ ယုံကြည်ပါတယ်” ဟု ကိယက်ဗ်မြို့တော်ဝန် ဗီတလီကလစ်ရှက်ကို (Vitaly Klitschko) က ပြောကြားခဲ့သည်။

ကြေးဝါဖြင့် ပြုလုပ်ထားသော လူရုပ်နှစ်ရုပ်၏ ဦးခေါင်းနှစ်လုံးအနက် တစ်လုံးကို အလုပ်သမားများက စတင် ဖယ်ရှားလိုက်ကြပြီး ယင်းကြေးဝါခေါင်းမှာ ဟောင်းလောင်းအပေါက်နှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် လူ ၁၀၀ ခန့်က “ယူကရိန်းနိုင်ငံတော် ခမ်းနားထည်ဝါပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်။

“ရုရှားက ယူကရိန်းကို ကျူးကျော်တာ မဟုတ်လား၊ ကျနော်တို့က ရုရှားနဲ့ မိတ်ဆွေဖြစ်နိုင်ပါ့မလား။ ခင်ဗျား ဘယ်လိုထင်လဲ။ သူတို့ဟာ ကျနော်တို့ရဲ့အဆိုးဆုံးရန်သူပဲ၊ ဒါကြောင့် ရုရှား-ယူကရိန်းချစ်ကြည်ရေး အထိမ်းအမှတ် ရုပ်တုဆိုတာ အဓိပ္ပါယ်မဲ့သွားပြီ” ဟု ဗိသုကာသမားတစ်ဦးဖြစ်သူ ဆာဟီမီယာဟိုရိုစကီ (Serhiy Myrhorodsky) က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်၌ စတင်ခဲ့သော ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် လူထောင်နှင့်ချီ၍ သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့ပြီး မြို့ကြီးများ ပျက်စီးကာ ယူကရိန်းနိုင်ငံသား ၅ သန်းကျော် ပြည်ပသို့ ထွက်ပြေးခဲ့ရ သည်။

မော်စကိုကတော့ ၎င်း၏လုပ်ရပ်ကို ယူကရိန်းအား လက်နက်ဖြုတ်သိမ်းရေးနှင့် ဖက်ဆစ်များလက်မှ ကယ်တင် သည့်အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသည်။

Source: Reuters