CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဗိုလ်ကြီး အဆင့်ရှိသူ နှစ်ဦး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)ထံ သွားရောက် ခိုလှုံကြောင်း သိရသည်။

SSPP ထံ သွားရောက်ခိုလှုံထားသူ နှစ်ဦးသည် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ တပ်ပိုင်းဆိုင်ရာ စည်းကမ်းများ ဖောက်ဖျက်ထားကြောင်း RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

ဗိုလ်မှူး စိုင်းခမ်းစံက “အဲဒါက ဗိုလ်ကြီးအဆင့် ခင်ဗျ၊ ဗိုလ်ကြီးအဆင့်နဲ့ ပြောရမယ်ဆို တပ်ပိုင်းဆိုင်ရာ စည်းကမ်း ဖောက် ဖျက်တာပေါ့။ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သူတို့ ကိုယ်ကျင့်တရားတွေ ပြုပြင်ဖို့အတွက် ကျနော်တို့ ဒီဌာန ချုပ်ကို ပြန်ခေါ်တယ်၊ ပြစ်မှု၊ ပြစ်ဒဏ်တွေ မိမှာစိုးလို့ သူတို့က ပြေးတာ” ဟု ပြောသည်။

RCSS ၏ တပ်စည်းမျဉ်းအရ မူးယစ်ဆေးဝါးနှင့် မပတ်သက်ရကြောင်း၊ မသုံးစွဲရကြောင်း ၎င်းတို့ နှစ်ဦးမှာ သုံးစွဲနေကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို SSPP က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

RCSS တပ်ဖွဲ့ကိုတွေ့ရစဉ်

ဗိုလ်မှူး စိုင်းခမ်းစံက “အဓိကကျတော့ ဒီကိုယ်ကျင့်မကောင်းတဲ့ ရဲဘော်ဆိုတာ နေရာတိုင်းမှာ ရှိတတ်တယ်လေ၊ အရင် တုန်းက ကျနော်တို့က လာပူးပေါင်းလို့ရှိရင် စည်းရုံးရေးအနေနဲ့ ကျနော်တို့က လက်ခံထားတယ်၊ အများအားဖြင့် တပ်ပြေး တွေက ကိုယ်ကျင့်တရား သိပ်မကောင်းကြဘူးခင်ဗျ၊ ပြောရမယ်ဆိုရင် သူက တပ်မဟာ ၃ ကနေ လာပေါင်းတာ တစ်ကြိမ်ပေါ့ နော်၊ အခုပြန်ပြေးသွားတယ်ဆိုတော့ နှစ်ကြိမ်ရှိသွားပြီလေ” ဟု ပြောသည်။

ထိုသို့ သွားရောက် ခိုလှုံထားသည့် အရာရှိတစ်ဦးမှာ SSPP မှ RCSS ထံ လာရောက်ပူးပေါင်းခဲသူ တစ်ဦးဖြစ်ကြောင်း၊ မူးယစ် ဆေးဝါး သုံးစွဲသည့် အကျင့်ဟောင်း မဖျောက်နိုင်၍ ပြန်ပြေးသွားခြင်းဖြစ်ကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး SSPP ထံ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ်မရသေးသည့် အတွက် တစ်စုံတစ်ရာ မသိရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းကတော့ SSPP ဘက်မှ လာရောက်ခိုလှုံသူ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦးကို သျှမ်းဘာသာစကားဖြင့် အင်တာဗျူးလုပ်ကာ ထုတ်လွှင့်ပြသခဲ့သေးသည်။