CNI International News

တိုင်ပေ၊ ဧပြီ ၂၇

တရုတ်စစ်တပ်မှ လေယာဉ်များကို ထိုင်ဝမ်မြောက်ပိုင်း ကီလန်း (Keelung) မြို့မှ ၇၆ မိုင်အကွာအဝေးတွင် တွေ့ရှိခဲ့ပြီးနောက် တရုတ်စစ်လေယာဉ်များသည် ထိုနေရာမှ ထိုင်ဝမ်သမ္မတရုံးသို့ ၅ မိနစ်အတွင်း ပျံသန်း ရောက်ရှိလာနိုင်သည်ဟု ထိုင်ဝမ်လေတပ်၏ လက်ထောက်တပ်မှူးဟောင်းဖြစ်သူ ချန်းယန်တင်း (Chang Yen-ting) က ပြောကြားခဲ့သည်ဟု Eur Asian Times မှ ဖော်ပြခဲ့သည်။

ဧပြီ ၂၁ ရက်နေ့က ထိုင်ဝမ်၏ ကီလန်းမြို့မှ ၇၆ ကီလိုမီတာအကွာတွင် တရုတ်စစ်လေယာဉ်တစ်စင်းကို တွေ့ရှိ ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ချန်း၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (လေ-PLAAF) နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ- PLAN)မှ လေယာဉ်များသည် ထိုင်ဝမ်အား ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားသည့် တရုတ်၏ ကြေညာချက်ကို ပိုမို ခိုင်မာစေရန် ထိုင်ဝမ်၏ အထူးလေကြောင်းသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ မကြာခဏ ဝင်ရောက်ပျံသန်းလျက် ရှိသည်။

 တရုတ်က တိုင်ပေကို တိုက်မည့် မြေပုံကို ညွန်းပြထားစဉ်

ပြီးခဲ့သည့်နှစ်ကတည်းက တရုတ်လေယာဉ်များသည် ထိုင်ဝမ်ကျွမ်းအနီးတွင် ပုံမှန်ချဉ်းကပ် ပျံသန်းခဲ့ပြီး တရုတ်နှင့်ထိုင်ဝမ်အကြား ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းခဲ့ကြသည်။

မကြာသေးမီက အွန်လိုင်းပေါ်တွင် ထွက်ပေါ်ခဲ့သည့် ဓာတ်ပုံတစ်ပုံ၌ တရုတ်ပြည်မကြီး၏ တစ်နေရာ၌ ထိုင်ဝမ် သမ္မတရုံးပုံစံ ဖန်တီးထားသည့် အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရပုံကို မြင်တွေ့ရသည်။

ထိုဓာတ်ပုံကြောင့် တရုတ်သည် ထိုင်ဝမ်ကို ကမ်းတက်တပ်သားများဖြင့် မြေပြင်တွင် မြို့ပြတိုက်ပွဲ ဆင်နွှဲကာ ထိုင်ဝမ်၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးရုံးများအား ထိန်းချုပ်ပြီး ထိုင်ဝမ်ခေါင်းဆောင်များကို တရုတ်လက်အောက်သို့ ဝင်ရောက်စေရန် ပြင်ဆင်နေဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။

တရုတ်နဲ့ ထိုင်ဝမ် နယ်နိမိတ်ကို တွေ့ရစဉ်

ချန်းကမူ တရုတ်စစ်လေယာဉ်များသည် ကီလန်းမြို့အနီး ရောက်ရှိချိန်တွင် ထိုနေရာမှ တိုင်ပေ (Taipei) မြို့တော် ရှိ သမ္မတရုံးသို့ လာရောက်ရန် အချိန် ၅ မိနစ်သာ ကြာမြင့်နိုင်ကြောင်း မြေပုံနှင့်တစ်ကွ ထောက်ပြပြောဆိုခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိခဲ့သည့် တရုတ်လေယာဉ်၏ တည်နေရာအရ ထိုလေယာဉ်သည် တိုင်ပေ မြို့တော်သို့ ရုတ်တရက် ဦးတည်ပျံသန်း လာမည်ဆိုပါက မိနစ်ပိုင်းသာ အချိန်ရလိမ့်မည်ဟု ချန်းက ပြောသည်။

မဟာဗျူဟာရေးရာ ပညာရှင်များကလည်း တရုတ်လေယာဉ်များသည် ထိုကဲ့သို့ ထိုင်ဝမ်မြောက်ဘက် ကမ်းရိုး တန်းမှ တိုင်ပေမြို့တော်ရှိ သမ္မတရုံးသို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်မည်ဆိုလျှင် ထိုင်ဝမ်အနေဖြင့် ခုခံကာကွယ်ရန် အခက်တွေ့စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

Source: Eur Asian Times