CNI International News

ဝါရှင်တန်၊ ဧပြီ ၂၆

အမေရိကန်နိုင်ငံသား သန်း ၁၇၀ အသုံးပြုနေသည့် TikTok အက်ပလီကေးရှင်းကို ပိတ်ပင်ရန် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က လက်မှတ်ရေးထိုးခဲ့သည့်ဥပဒေကို တားဆီးရန်အတွက် တရားရေးအရ စိန်ခေါ်မှုတွင် အနိုင်ရရှိ ရန် မျှော်မှန်းထားသည်ဟု TikTok စီအီးအို ရှိုးဇီချူ(Shou Zi Chew) က ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

“သေချာတာကတော့ ကျနော်တို့ ဘယ်ကိုမှ သွားမှာမဟုတ်ပါဘူး။ အချက်အလက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကျနော်တို့ဘက်မှာ ရှိနေပါတယ်။ ကျနော်တို့ နောက်တစ်ကြိမ် အနိုင်ရဖို့ မျှော်မှန်းထားပါတယ်” ဟု ရှိုးက ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် TikTok ကို ပိုင်ဆိုင်သည့် တရုတ်အခြေစိုက် ByteDance ကုမ္ပဏီအား ရက်ပေါင်း ၂၇၀ အတွင်း TikTok ရောင်းချရန် သို့မဟုတ်ပါက ပိတ်ပင်ခံရမည်ဟု ပြဋ္ဌာန်းထားသော ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ရှိုး၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေတွင် TikTok အား ရောင်းချရန် နောက်ဆုံးရက် သတ်မှတ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အဖြစ် သတ်မှတ်ထားပြီး ထိုနေ့ရက်သည် ဘိုင်ဒန်၏ သမ္မတသက်တမ်း မကုန်မီ တစ်ရက် အလို ဖြစ်သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

သို့သော်လည်း ByteDance သည် TikTok ကို ရောင်းချရေးကို လုပ်ဆောင်နေသည်ဟု ယူဆရပါက ဘိုင်ဒန်သည် ထိုနောက်ဆုံးရက် သတ်မှတ်ချက်ကို နောက်ထပ် ၃ လ သက်တမ်း ထပ်တိုးမည်ဖြစ်သည်။

“TikTok ကို အပိတ် မခံရစေချင်ပါဘူး။ တရုတ်က TikTok ကို ပိုင်နေတာကြောင့် အခုလိုဖြစ်ရတာပါ”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်း ဂျင်း ပီယာရီ (Karine Jean-Pierra) က ဧပြီ ၂၄ ရက်တွင် ပြောကြား ခဲ့သည်။

၂၀၂၀ ပြည့်နှစ်က ထရမ့် (Trump) သည် TikTok နှင့် တရုတ်၏ Tencent ကုမ္ပဏီက ပိုင်ဆိုင်သည့် WeChat အက်ပလီကေးရှင်းတို့ကို အမေရိကန်တွင် ပိတ်ပင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်း၏ ကြိုးပမ်းမှုများကို တရားရုံးများက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

TikTok ကို အမေရိကန်ပိတ်ရန်လုပ်နေစဉ်

TikTok ကို ရောင်းချမှုနှင့်ပတ်သက်ပြီး တရုတ်နှင့်အမေရိကန်အစိုးရ အေဂျင်စီများက အတည်ပြုခဲ့မည်ဆိုလျှင် TikTok အား ဝယ်ယူနိုင်လောက်သည်အထိ ငွေကြေးအရင်းအမြစ် ရှိသူများ ရှိ/မရှိကို ကျွမ်းကျင်သူများက မေးခွန်း ထုတ်နေကြသည်။

တရုတ်သည် TikTok ကို အသုံးပြုသည့် အမေရိကန်နိုင်ငံသားများ၏ အချက်အလက်များအား ရရှိနိုင်သည့် အချက်ကို အမေရိကန် လွှတ်တော်အမတ်များအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီးနောက် TikTok ကို တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်