CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၇

တရုတ်ကို တန်ပြန်ရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်း ဆောင်များကို တွေ့ဆုံကာ စည်းရုံးနေကြောင်း The Japan Times မှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် စက်တင်ဘာ ၂၅ ရက်က ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ပစိဖိတ် ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ချိန်တွင် ထိုကျွန်းနိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့သည်။

ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်နေသည့် အခြေအနေကို တန်ပြန်ရန် ရည်ရွယ်သည့် အနေဖြင့် ဘိုင်ဒန်သည် ပစိဖိတ်ကျွန်းနိုင်ငံများကို စည်းရုံးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒန်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

ထိုအစည်းအဝေးတွင် အမေရိကန်၏ ပထမဆုံး ပစိဖိတ် မိတ်ဖက်ဆက်ဆံရေး မဟာဗျူဟာကို ချပြသည့်အနေဖြင့် ပစိဖိတ်ဒေသအတွက် အမေရိကန်၏ အစီအစဉ်များအား ကြေညာခဲ့သည်။

အဆိုပါ အစီအစဉ်များအနက် ပစိဖိတ်ဒေသတွင် ရာသီဥတုအရေး၊ လုံခြုံရေးနှင့် စီးပွားရေး စီမံကိန်းများအတွက် ထပ်ဆောင်း အကူအညီအဖြစ် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှုနှင့်အတူ ပစိဖိတ်ဒေသတွင် အမေရိကန်၏ သံတမန်ရေး ခြေကုပ်ယူမှုကို ချဲ့ထွင်ခဲ့သည်။

တရုတ်သည် ပစိဖိတ်ဒေသ၏ ဟာကွက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းနေချိန်တွင် အမေရိကန်သည် ပစိဖိတ် ကျွန်းနိုင်ငံများကို လုံလောက်စွာ ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အိမ်ဖြူတော်တွင် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒန်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

"နောက်ဆုံးမှာတော့ အမေရိကန်ဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေရဲ့ လိုအပ်ချက်တွေကို နားထောင်လာတဲ့ပုံ ပေါ်ပါ တယ်။ ရာသီဥတုအရေး၊ ဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ၊ ဒါမှမဟုတ် ပင်လယ်ရေကြောင်းဆိုင်ရာ အရေးကိစ္စတွေအပြင် ဘယ်လို အခြေအနေတွေ အတွက်ပဲဖြစ်ဖြစ် အခုလို အစည်းအဝေး ကျင်းပလိုက်တာဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေရဲ့ အရေးကြီးတဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးလိုက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်"ဟု အမေရိကန်အခြေစိုက် ကျွမ်းကျင်ပညာရှင် အဖွဲ့ဖြစ်သည့် Rand Corp မှ နိုင်ငံရေးသိပ္ပံပညာရှင် ဂျက်ဖရိ ဟော်နန်း (Jeffery Hornung) က ပြောကြားခဲ့သည်။
သို့သော် အမေရိကန်၏ ကူညီထောက်ပံ့ရေး အစီအစဉ်သစ်များသည် တရုတ်ဘက်သို့ ယိမ်းလာသည့် ပစိဖိတ် ကျွန်းနိုင်ငံအချို့ကို အမေရိကန်ဘက်သို့ ပြန်လည်ဆွဲဆောင်ရန် လုံလောက်မည် အခြေအနေ ရှိ/မရှိကိုမူ ရှင်းလင်း စွာ မသိရသေးပေ။

တရုတ်သည် "အားလုံးနှင့် မိတ်ဆွေဖြစ်ရေး၊ ရန်သူမရှိရေး" (Friends to all, Enemies to none) ဆိုသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေပြီး ၎င်း၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏ ဒေသတွင်း မဟာမိတ်များသည် ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို စိုးရိမ်နေပြီး သေးငယ်သည့် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများအား တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ် သည်။

Source: Japan Times