CNI International News

ဝါရှင်တန်၊ မတ်လ ၁၅

တရုတ်သည် TikTok လူမှုမီဒီယာ အက်ပလီကေးရှင်းကို အသုံးပြုပြီး ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို ဩဇာ လွှမ်းမိုးရန် လုပ်ဆောင်နိုင်ခြေရှိကြောင်း အမေရိကန်အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အေဗရီယယ် ဟိုင်နက်စ် (Avril Haines) က အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ကြားနာစစ်ဆေးမှုတွင် ပြောကြား ခဲ့သည်ဟု The Guardian မှ ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) အနေဖြင့် အမေရိကန်ရွေးကောက်ပွဲကို လွှမ်းမိုးစေရန် TikTok ကို အသုံးချဖွယ် ရှိ/ မရှိ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ရာဂျား ခရစ္စနာမိုရ်သီ (Raja Krishnamoorthi)က မေးမြန်းခဲ့ရာတွင် ဟိုင်နက်စ်က “CCP ဟာ အဲဒီလို လုပ်နိုင်ခြေရှိတယ်ဆိုတာကို ကျမတို့ လျစ်လျူရှုထားလို့ မရနိုင်ပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။

တရုတ်အစိုးရသည် အမေရိကန်နိုင်ငံရေး အဖွဲ့အစည်းများကို လှုံ့ဆော်သည့် အကြောင်းအရာများ အပါအဝင် TikTok ပေါ်တွင် အသုံးပြုသူများ၏ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အသုံးပြုသူများ၏ အတွေးအမြင်ကို လွှမ်းမိုးစေသော အကြောင်းအရာများကို အသားပေးဖော်ပြခြင်းတို့ ပြုလုပ်ဖွယ်ရှိသည့် အရေးကို လွှတ်တော်အမတ်များက စိုးရိမ်လျက်ရှိသည်။

 အမေရိကန်အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အေဗရီယယ် ဟိုင်နက်စ်ကို တွေ့ရစဉ်

ခရစ္စနာမိုရ်သီသည် တရုတ်နိုင်ငံဆိုင်ရာ အောက်လွှတ်တော်ကော်မတီတွင် ပါဝင်သည့် ဒီမိုကရက်တစ်ဦးဖြစ်သည်။ 

သူနှင့် ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် မိုက်ဂယ်လက်ဂါ (Mike Gallagher) တို့သည် ပြီးခဲ့သည့် သီတင်းပတ်က TikTok ကို ပိုင်ဆိုင်သည့် Bite Dance ကုမ္ပဏီကို တရားရေးအရ တောင်းဆိုထားသော ဥပဒေ မူကြမ်းတစ်စောင် အဆိုပြုခဲ့သည်။

ထိုဥပဒေမူကြမ်းတွင် Bite Dance ကုမ္ပဏီအနေဖြင့် TikTok အသုံးပြုသည့် အမေရိကန်နိုင်ငံသား သန်း ၁၇၀ ကို TikTok အသုံးပြုခွင့် ၆ လကြာ ရပ်နားထားရန် သို့မဟုတ်ပါက အမေရိကန်တွင် TikTok ကို အသုံပြုခွင့် ပိတ်ပင် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

TikTok ကုမ္ပဏီကမူ ၎င်းတို့သည် အမေရိကန် အသုံးပြုသူများ၏ အချက်အလက်များကို တရုတ်အစိုးရထံ မျှဝေခဲ့ခြင်း မရှိကြောင်း၊ မျှဝေမည်လည်း မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ထိုဥပဒေမူကြမ်းကို စောဒက တက်ခဲ့သည်။

FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာဝရေးကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ထိုဥပဒေမူကြမ်းကို လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း TikTok သည် အလွန်ရေပန်းစားနေသဖြင့် ရွေးကောက်ပွဲပြုလုပ်မည့် ယခုနှစ်တွင် ထိုဥပဒေမူကြမ်းကို အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်တွင်ပါ အတည်ပြုမှုရရှိရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။

တရုတ်အနေဖြင့် ၆ လအတွင်း TikTok ပေါ်တွင် အမေရိကန်နိုင်ငံသားများကို အသုံးပြုခွင့် ပိတ်ပင်ရန် ရှိ/မရှိနှင့်  TikTok နှင့်ပတ်သက်သည့် ထုတ်ကုန်များ ရောင်းချမှုကို ပိတ်ပင်ရန် ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးပေ။

အောက်လွှတ်တော် ကြားနာစစ်ဆေးမှုအတွင်း အမေရိကန် ဖက်ဒရယ် စုံစမ်းထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ခရစ္စတိုဖာဝရေး (Christopher Wray) က TikTok သည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: The Guardian